လူမှုစီးပွားအနေအထားနှင့် ပညာရေး

လူမှုစီးပွားအနေအထားနှင့် ပညာရေး
Published 1 December 2022

“အစိုးရ၏ ရည်မှန်းချက်မှာ လူမှုစီးပွားအကျပ်အတည်းကြောင့် ထိခိုက်ခံစားရဆုံးသော မိသားစုများအတွက် ဝင်ငွေပံ့ပိုးပေးရန်ဖြစ်သည်။ ပံ့ပိုးကူညီမှုသည် အသက်မွေးဝမ်းကျောင်း သင်တန်းနှင့် အလုပ်အကိုင်ပြန်လည်ချိတ်ဆက်ခြင်းတို့အပေါ် အခြေအနေအရ ဖြစ်လိမ့်မည်”

■ ဂျူဆက်ပေကွန်တေ (၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ)

အီတလီဝန်ကြီးချုပ်တာဝန်ကို ယူခဲ့သူ

လူမှုစီးပွားအနေအထား (Socioeconomic Status-SES) ကို ပညာရေး၊ ဝင်ငွေနှင့် အလုပ်အကိုင်တို့ကို ပေါင်းစည်း တိုင်းတာသည်။ ယင်းကို လူတစ်ဦး သို့မဟုတ် အုပ်စုတစ်စု ၏ လူမှုရပ်တည်ချက် သို့မဟုတ် လူမှုအဆင့်အတန်းအဖြစ် ယူဆလေ့ ရှိသည်။ လူမှုအဆင့်အတန်းမှတစ်ဆင့် ကြည့်မြင်ပြီး အခွင့်အလမ်း၊ လုပ်ပိုင်ခွင့်နှင့် ထိန်းချုပ်မှုတို့ကို အထူးပြု စဉ်းစားသည်။ SES ကို ကွာခြားချက် လျှောစောက် သို့မဟုတ် အဆက်မပြတ်ပြောင်းလဲနေ သောကိန်းရှင်အဖြစ် စစ်ဆေးမှုသည် ရင်းမြစ်များရရှိမှုနှင့် ဖြန့်ဝေမှု၌ မညီမျှမှုများကို ဖော်ပြသည်။  SES သည် သုတေသန၊ ကျင့်သုံးမှု၊ ပညာပေးရေးနှင့် အကြံပြုမှုတို့အပါအဝင် အပြုအမူဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ သိပ္ပံပညာရပ် နယ်ပယ် အားလုံးနှင့် သက်ဆိုင်သည်။

SES နိမ့်ပါးခြင်းနှင့် ပညာရေးနိမ့်ပါးခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် ကျန်းမာရေးချို့တဲ့ခြင်း ကဲ့သို့သော ဆက်နွှယ်နေသည့်အချက်များသည် လူ့အဖွဲ့အစည်းအပေါ် အဆုံးစွန်ဆုံးသက် ရောက်မှုရှိသည်။ ဆင်းရဲချမ်းသာဖြန့်ကြက်မှု၊ ရင်းမြစ်များဖြန့်ဝေမှုနှင့် ဘဝ၏ အရည်အသွေးများ၌ မညီမျှမှုများသည် ကမ္ဘာတစ်လွှား၌ တိုး၍တိုး၍ လာနေသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှား၌ SES ၌ ကြီးမားစွာကွာဟချက်များကို လျှော့ချရန် ကြိုးပမ်းလာကြသည်။ အပြုအမူ ဆိုင်ရာနှင့် အခြားလူမှုရေးဆိုင်ရာ သိပ္ပံပညာရှင်များသည် ပုဂ္ဂိုလ်တစ်ဦးချင်း အဆင့်နှင့် လူ့အဖွဲ့အစည်း အဆင့်တို့၌ ယင်းကွာဟချက်များကို လျှော့ချနိုင်မည့် မဟာဗျူ ဟာများကို လေ့လာရန်နှင့် အမျိုးအမည် သတ်မှတ်ဖော်ထုတ်ရန် လိုအပ်သောလက်နက် ကိရိယာများကို ပိုင်ဆိုင်ကြသည်။

သုတေသနများအရ SES နိမ့်ပါးသော မိသားစုမှ ကလေးများသည် SES ပိုမိုမြင့်မား သော မိသားစုမှ ကလေးများနှင့် နှိုင်းယှဉ်ပါက ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာ ရန် နှေးကွေးကြောင်း သိရှိရသည်။ အစောပိုင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသည် နေအိမ် ဝန်းကျင်နှင့် ဆက်နွှယ်ပတ်သက်နေသည်။ ပညာရေးနိမ့်ပါးသောဝန်းကျင်များနှင့် ရေရှည် စိတ်ပူပန်နေရသော ဝန်းကျင်များသည် ကလေးများ၏ အကြိုပညာရပ်ဆိုင်ရာကျွမ်းကျင်မှု အပေါ် သက်ရောက်မှုရှိသည်။ SES နိမ့်ပါးသော လူ့အဖွဲ့အစည်းအတွင်းရှိ ပညာရေး စနစ်များသည် ရင်းမြစ်ပြည့်စုံမှု မရှိဘဲ ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာ တိုးတက်မှုအ ပေါ် မကောင်းသောသက်ရောက်မှုရှိသည်။ ပညာရေးမပြည့်စုံခြင်းနှင့် ကျောင်းထွက်ရမှု နှုန်းမြင့်မားခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ SES နိမ့်ပါးခြင်းကို ကြိုးကိုင်သည့် အရာ ဖြစ်သော ကလေးများ၏ ပညာရေး အောင်မြင်မှုအပေါ် ဆိုးရွားစွာသက်ရောက်နိုင်သည်။ ကျောင်းပညာရေးစနစ်များကို တိုးတက်အောင်ပြုလုပ်ခြင်းနှင့် စောစီးစွာ ဝင်ရောက်ကူညီ ခြင်းအစီအစဉ်များသည် ဖော်ပြပါ မကောင်းသောအကြောင်းခြင်းရာများကို လျှော့ချရာ၌ အထောက်အကူ ပြုသည်။

SES နိမ့်ပါးသော လူ့အဖွဲ့အစည်းမှ မိသားစုများသည် ကလေးများ ပညာရေးအတွက် ထောက်ပံ့ရန် ငွေကြေးရင်းမြစ်နှင့် အချိန်ရရှိနိုင်မှု နည်းပါးသည်။ ကလေးများ၏ ဘဝအ စောပိုင်း ဖတ်ရှုလေ့လာမှုသည် နေအိမ်ဝန်းကျင်အတွင်း ပညာတတ်မြောက်မှု၊ မိသားစု စာအုပ်ပိုင်ဆိုင်မှုနှင့် မိဘများ၏ စိတ်နေသဘောထားများနှင့် ပတ်သက်နေသည်။ SES နိမ့်ပါးသောလူ့အဖွဲ့အစည်းအတွင်းမှ မိဘများသည် စာအုပ်နှင့် ကွန်ပျူတာတို့ ကဲ့သို့သော ပညာရေး ရင်းမြစ်များကို တတ်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် SES နှင့် ပညာရေးတို့ အကြား ဆက်နွှယ်ချက်နှင့်ပတ်သက်၍ သုတေသန ပြုမှုများ စနစ်တကျ ပြုလုပ်ပြီး SES နိမ့်ပါးသောကြောင့် ပညာရေးနိမ့်ပါးခြင်းနှင့် ပညာရေး နိမ့်ပါးခြင်းကြောင့် SES နိမ့်ပါးခြင်းဟူသည့် သံသရာမှနေ၍ လူ့အဖွဲ့အစည်းကို ဆွဲထုတ်နိုင် ရန် ၀ိုင်းဝန်းကြိုးပမ်းရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

(ဒီဇင်ဘာ ၁ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့ အာဘော်)

Most Read

Most Recent