ဂီတလောက၏ အကြီးကျယ်ဆုံး ဆုပေးပွဲဖြစ်သည့် လာမည့်ဂရမ်မီဆုပေးပွဲတွင် ဘီယွန်းဆေးနှင့် အဒဲလ်က အဓိကဆုများအတွက် တစ်ပြေးနေကြပြီး အဆိုတော်နှစ်ဦးစလုံးက တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုအတွက် ဆန်ခါတင်အရွေးခံထားရသည်။
အဒဲလ်က လေးခွေမြောက်အယ်လ်ဘမ် 30 ဖြင့်၊ ဘီယွန်းဆေးက Renaissance အယ်လ်ဘမ်ဖြင့် တစ်နှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆုကို ချိန်နေခြင်းဖြစ်သည်။ ထို့ပြင် အဒဲလ်၏ East on me သီချင်းနှင့် ဘီယွန်းဆေး၏ Break My Soul သီချင်းက တစ်နှစ်တာ အကောင်းဆုံးသီချင်းဆုအတွက် အလားအလာကောင်းနေပြန်သည်။
အကောင်းဆုံးအယ်လ်ဘမ်ဆု လျာထားခံရသူများထဲတွင် Coldplay အဖွဲ့နှင့် အဆိုတော်ဟယ်ရီစတိုင်လ်လည်း ပါနေသည်။
နိုဝင်ဘာ ၁၅ ရက်ကကြေညာသည့် ဆန်ကာတင်စာရင်းတွင် ဘီယွန်းဆေးက ဆု ကိုးဆုဖြင့် ဆုအများဆုံး လျာထားခံရသူဖြစ်ပြီး ဂရမ်မီသမိုင်းတွင် ဆုပေါင်း ၈၈ ဆုဖြင့် ဆုနေရာအများဆုံးလျာထားခံရသူဖြစ်ထားသည့် ခင်ပွန်းဂျေဇက်၏ခြေရာကို နင်းနိုင်ခဲ့ပြီဖြစ်သည်။
သို့သော်ဘီယွန်းဆေးသည် ၂၀၁၀ ခုနှစ်တွင် Single ladies သီချင်းဖြင့် တစ်နှစ်တာ အကောင်းဆုံးသီချင်းဆုရပြီးကတည်းက နောက်ပိုင်းနှစ်များတွင် သီချင်းဆု၊ အယ်လ်ဘမ်ဆု စသည့်အဓိကဆုများ မရတော့ပေ။
ရက်ပ်အဆိုတော်ကန်းဒရစ်ခ်လာမာက ဘီယွန်းဆေးပြီးလျှင် ဆုအများစုအတွက် အလားအလာရှိနေပြီး ဆုရှစ်ဆုလျာထားခံရကာ အဒဲလ်က ဆုခုနစ်ဆုလျာထားခံရသည်။
တေလာဆွစ်က All To Well သီချင်း (ဗားရှင်းသစ်) အတွက် ဆုဆန်ကာတင်စာ ရင်းတွင် ပါထားသော်လည်း ဝက်ဝက်ကွဲ အောင်မြင်ထားသည့် နောက်ဆုံးအယ်လ်ဘမ် Midnights ထွက်သည့်အချိန်က နောက်ကျ လွန်းသဖြင့် ဂရမ်မီဆုစဉ်းစားသည့်အထဲ မပါ တော့ပေ။
ဟယ်ရီစတိုင်လ်က Harry's House ဖြင့် အကောင်းဆုံးအယ်လ်ဘမ်ဆု မျှော်လင့်နေသည့်အပြင် As It Was သီချင်းဖြင့် အကောင်းဆုံးသီချင်းဆုပါ မျှော်မှန်းထားသည်။
လာမည့်ဂရမ်မီဆုပေးပွဲကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၅ ရက်တွင် ကျင်းပမည်ဖြစ်ကာ CBS ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်မည်။









