Joyland အမည်ရှိ ရုပ်ရှင်ဇာတ်ကားသည် ပါကစ္စတန်နိုင်ငံအတွက် လာမည့်အော်စကာဆုပေးပွဲတွင် ၀င်ပြိုင်ထားသော်လည်း လက်မခံနိုင်ဖွယ်တင်ပြမှုများကြောင့်ဟုဆိုကာ ပြည်တွင်း၌ ရုံတင်ပြသခွင့်အပိတ်ခံထားရသည်။
နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင် ချီးကျူးအားပေးမှုရထားသည့် ၎င်းဇာတ်ကားကို ပါကစ္စတန်အစိုးရက မူလကပြသခွင့်ပြုထားပြီးဖြစ်သည်။ သို့သော် နိုဝင်ဘာ ၁၁ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးဌာနက ၎င်းဇာတ်ကားထဲတွင် ပါကစ္စတန်လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်သိက္ခာစံနှုန်းများနှင့် မကိုက်ညီသည့် မနှစ်မြို့ဖွယ်ဇာတ်လမ်းဇာတ်ကွက်များ ပါဝင်သည်ဆိုသည့် တိုင်တန်းမှုများရထားသည်ဟုဆိုကာ ဇာတ်ကားပြသခွင့် ပိတ်လိုက်သည်။
ပြသခွင့်သာ အပိတ်မခံရပါက Joyland ဇာတ်ကားကို နိုဝင်ဘာ ၁၈ ရက်တွင် နိုင်ငံတစ်ဝန်း၌ ပြသမည်ဖြစ်သည်။
မျိုးဆက်မပြတ်စေမည့် သားယောက်ျားလေးကို မျှော်လင့်နေသည့်မိသားစု၊ ချွေးမဖြစ်သူက သမီးချည်း သုံးဦး မွေးထားသည့်အတွက် ယောက္ခထီးဖြစ်သူကို စိတ်ကျေနပ်မှု မပေးနိုင်၊ မတ်ဖြစ်သူကလည်း လိင်ပြောင်း အမျိုးသမီးဘီဘာဆိုသူနှင့် တိတ်တိတ်ပုန်း ချစ်ကြိုက်နေ၊ ဘီဘာက မိန်းမလျာတစ်ဦး၏ အခွင့်အရေးအတွက် ရုန်းကန်ရသူစသည့် ပါကစ္စတန်လူ့အသိုင်းအ၀ိုင်းအတွင်း အမှန်တကယ်ဖြစ်ပျက်နေသည်များကို ရိုက်ကူးတင်ပြထားသည့် ဇာတ်ကားဖြစ်ပြီး မိမိဝါသနာပါရာကို လုပ်ခွင့်မရ၊ အိမ်မှုအလုပ်များဖြင့်သာ အိမ်တွင်းအောင်းနေရသည့် ပါကစ္စတန်အမျိုးသမီးများ၏ ခံပြင်းမှုကိုလည်း ထိုဇာတ်ကားတွင် မြင်တွေ့ရမည်။
ပြီးခဲ့သည့်ကိန်းရုပ်ရှင်ပွဲတော်တွင် ပါကစ္စတန်ဇာတ်ကားတစ်ကားကို ပထမဆုံးအကြိမ် ပါဝင်ပြသမှုအဖြစ် Joyland ကို ပြသခဲ့ပြီး ပွဲတော်တက်ရောက်လာသူများက မတ်တတ်ရပ်ကာ လက်ခုပ်သြဘာပေးခဲ့ကြသည်။
ထို့ပြင်ကိန်းပွဲတော်၏အဓိကဆု Palmed’Or ဆုနှင့်အပြိုင်ပေးသည့် Un Certain Regard ဆုကိုလည်း Joyland ကရရှိခဲ့ကာ တိုရန်တိုနိုင်ငံတကာ ရုပ်ရှင်ပွဲတော်နှင့် ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်များတွင်လည်း ပြသခဲ့သည်။ ပါကစ္စတန်သရုပ်ဆောင်အများစုနှင့် ဆိုရှယ်မီဒီယာသုံးသူများကမူ ယခုပြသခွင့်တားမြစ်ချက်ကို မကျေနပ်ပေ။









