ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Charles-de-Gaulle လေဆိပ်တွင် ၁၈ နှစ်ကြာ အားကိုးမဲ့စွာဖြင့် မှီခိုကပ်နေခဲ့သည့် အသက် ၇၇ နှစ်အရွယ် အီရန်နိုင်ငံသားဒုက္ခသည် နိုဝင်ဘာ ၁၂ ရက်က ၎င်းလေဆိပ်မှာပင် ကွယ်လွန်သွားပြီဟု လေဆိပ်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက AFP သတင်းဌာနသို့ ပြောသည်။
ပြင်သစ်၏ခရီးသည်အဝင်အထွက် အများဆုံးလေဆိပ်တစ်ခုတွင် မယ်ရန်ကာရီမီနဆယ်ရီ နှစ်ပေါင်းများစွာ အခြေချနေထိုင်နေသည့်ဖြစ်အင်သည် ၂၀၀၄ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား The Terminal ကို အသက်ဝင်စေခဲ့ပြီး ဒါရိုက်တာစတီဗင်စပီယယ်ဘာ့ဂ် ရိုက်ကူးသည့် အဆိုပါဇာတ်ကားထဲတွင် တွမ်ဟန့်စ်က အဓိကပါဝင်သရုပ်ဆောင်ထားသည်။
တွမ်ဟန့်စ်၏ဇာတ်ကောင်က မိခင်နိုင်ငံတွင်တော်လှန်ရေးဖြစ်၊ အိမ်ပြန်လည်းမရ၊ အမေရိကန်ကလည်း ပြည်ဝင်ခွင့်မပေးသဖြင့် နယူးယော့ခ်ရှိ ဂျွန်အက်ဖ်ကနေဒီလေဆိပ်တွင်သာ နေလိုက်သည့် အရှေ့ဥရောပသားနေရာမှဖြစ်သည်။
နဆယ်ရီသည် လေဆိပ်၏ဂိတ် 2F တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည်။ လူဝင်မှုကြီးကြပ်ရေးပြဿနာများကြောင့် ပြင်သစ်နိုင်ငံသို့ ဝင်ခွင့်မရ၊ သွားစရာလည်းမရှိဖြစ်နေသည့် နဆယ်ရီသည် အချိန်ကြာလာသည်နှင့်အမျှ လေဆိပ်၌ ၎င်းနေထိုင်သည့်နေရာကို သံယောဇဉ်ဖြစ်လာခဲ့ပြီး ၎င်းကိုယ်တိုင်လည်း နိုင်ငံတကာအလယ် လူသိများလာခဲ့သည်။
The Terminal ဟု ၎င်းကိုယ်၎င်းခေါ်ဝေါ်သည့် နဆယ်ရီသည် မိခင်နိုင်ငံဖြစ်သည့် အီရန်တွင် ဆန္ဒပြပွဲများအတွင်းပါဝင်မှုကြောင့် ၁၉၇၇ ခုနှစ်တွင် နိုင်ငံမှ နှင်ထုတ်ခံခဲ့ရပြီး မိခင်ကိုရှာဖွေရန် ဗြိတိန်၊ ဂျာမနီ၊ နယ်သာလန်နိုင်ငံများသို့ သွားလိုက်သေးသည်။
သို့သော်မှန်ကန်သည့် အထောက်အထားစာတမ်းများ မပြနိုင်သည့်အတွက် သွားခဲ့သည့်နိုင်ငံတိုင်းက ၎င်းကိုဝင်ခွင့်မပေးခဲ့ပေ။
၁၉၈၈ ခုနှစ် နိုဝင်ဘာတွင် ပါရီလေဆိပ်၌ နေထိုင်လိုက်သူ နဆယ်ရီသည် ၁၉၉၉ ခုနှစ်တွင် ဒုက္ခသည်အဖြစ် ပြင်သစ်တွင်နေထိုင်ခွင့်ရလာတော့သည်။
၂၀၀၃ ခုနှစ်တွင် နဆယ်ရီသည် The Terminal ဇာတ်ကားအတွက် အမေရိကန်ဒေါ်လာနှစ်သိန်းခွဲရခဲ့ပြီး ငွေအများစုသုံးကုန်ပြီးနောက် ပြီးခဲ့သည့်သီတင်းပတ်အနည်းငယ်ကမှ လေဆိပ်သို့ပြန်ရောက်လာသည်ဟု လေဆိပ်အရာရှိက ပြောသည်။









