ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင် ဝါရင့်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် လာမည့်ကမ္ဘာ့ဖလားပြိုင်ပွဲကာလတွင် ဂေါ့ဖ်ကစားခွင့် ရရှိမည်မဟုတ်ကြောင်း သိရသည်။
ဘေးလ်သည် ဘောလုံးထက် ဂေါ့ဖ်ကို ပိုမိုစိတ်ဝင်စားသူဟု ဝေဖန်ခံနေရသူဖြစ်ပြီး ယခုနောက်ပိုင်း ခြေစွမ်းကျဆင်းနေမှုများမှာ ဂေါ့ဖ်အပေါ် အာရုံရောက်နေခြင်းကြောင့်ဟုလည်း ပြစ်တင်ခံနေရသည်။
ထို့ကြောင့် ဝေးလ်စ်လက်ရွေးစင်အသင်းနည်းပြ ရော့ဘ်ပေ့ချ်က လာမည့်ကမ္ဘာ့ဖလားပြိုင် ပွဲကာလတွင် ဘေးလ်ကို ဂေါ့ဖ်မကစားရန် တားမြစ်ခဲ့ခြင်းဖြစ်ပြီး ယခင်က ပွဲစဉ်ဇယားအပေါ် မူတည်၍ ဂေါ့ဖ်ကစားခွင့်ပြုခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။
အသက် (၃၃) နှစ်အရွယ်ရှိ ဘေးလ်သည် ဝေးလ်စ်လက်ရွေးစင်အသင်းအတွက် (၁၀၈) ပွဲအထိ ကစားထားပြီး ဂိုး (၄၀) သွင်းယူထားကာ ၂၀၂၂ ကမ္ဘာ့ဖလားတွင် ဝေးလ်စ်အသင်းကို ဦးဆောင်ကစားမည့်သူဖြစ်သည်။