English Vinglish ဇာတ်ကားကို Part 2 ရိုက်ရန် ဒါရိုက်တာဖြစ်သူက အစီအစဉ်ရှိခဲ့သော်လည်း မရိုက်ဖြစ်တော့သည့်အကြောင်း ဇာတ်ကားထဲမှမင်းသား အဒီးဟူစိန်က ဖွင့်ဟထားသည်။
နာမည်ကျော်အိိန္ဒိယရုပ်ရှင်မင်းသမီးကြီးဆရီဒေဝီ ပါဝင်သရုပ်ဆောင်ထားသည့် English Vinglish ဇာတ်ကားထွက်ထားသည်မှာ အောက်တိုဘာ ၅ ရက်တွင် ၁၀ နှစ်သက် တမ်းရှိသွားပြီဖြစ်သည်။ ဇာတ်ကားထဲတွင် အဒီးက ဆရီဒေဝီ၏ခင်ပွန်းနေရာမှဖြစ်သည်။
“ပြောရတာတော့ စိတ်မကောင်းဘူး။ ဒါရိုက်တာ ဂေါ်ရီရှင်ဒီနဲ့ ကျွန်တော်တွေ့ဖြစ်တော့ English Vinglish နောက်ဆက်တွဲ ဇာတ်လမ်းဘယ်တော့မှရှိလာမှာမဟုတ်ဘူးလို့ ပြောတယ်။ ဆရီဒေဝီဆုံးပြီးတော့ Part 2 ရိုက် ဖြစ်မလို့ပါပဲ။ ဒါပေမဲ့နောက်တစ်ဦး ဆုံးသွားပြန်တယ်။ ဇာတ်ကားထဲမှာ ဆရီဒေဝီရဲ့ အစ်မနေရာက သရုပ်ဆောင်တဲ့သူ။ ဒါနဲ့ပဲ ဒါရိုက်တာက ဆက်မရိုက်ဖို့ဆုံးဖြတ်လိုက်တယ်” ဟု အဒီးက ပြောသည်။
၎င်းဇာတ်ကားသည် ရုပ်ရှင်လောကနှင့် ၁၅ နှစ်ကြာကင်းကွာသွားသည့် ဆရီဒေဝီကို ရုပ်ရှင်လောကထဲသို့ ပြန်ဆွဲခေါ်ပေးခဲဲ့ပြီး ဇာတ်ကားထဲမှ ရှာရှီဂေါ့ဘိုလေ ဇာတ်ကောင်သည် ဆရီဒေဝီကို များစွာချီးကျူးမှုရစေခဲ့သည်။ ဇာတ်ကား ၁၀ နှစ်ပြည့်အဖြစ် ဇာတ်ကားထဲ၌ ဆရီဒေဝီဝတ်ခဲ့သည့် ဆာရီများကိုလည်း လေလံတင်ရောင်းထားသည်။ ဆရီသည် တူဖြစ်သူမင်္ဂလာဆောင်တက်ရန် ဒူဘိုင်းတွင် ရောက်နေစဉ်၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် ဟိုတယ်ရေချိုးခန်းထဲ၌ သေဆုံးနေခဲ့သည်။









