တွစ်တာကို အခြားသူတစ်ဦးအား ချုပ်ကိုင်ခွင့်ပေးရန် စူပါဟီးရိုးသရုပ်ဆောင် မာ့ခ်ရက်ဖလိုက အီလွန်မာ့စ်ကို တိုက်တွန်း

တွစ်တာကို အခြားသူတစ်ဦးအား ချုပ်ကိုင်ခွင့်ပေးရန် စူပါဟီးရိုးသရုပ်ဆောင် မာ့ခ်ရက်ဖလိုက အီလွန်မာ့စ်ကို တိုက်တွန်း
Published 7 November 2022

မာဗယ်ထုတ်လုပ်ရေး၏ Avengers ဇာတ်ကားများတွင် Hulk အဖြစ်မြင်ရသည့် စူပါဟီးရိုးသရုပ်ဆောင် မာ့ခ်ရက်ဖလိုက တွစ်တာကို ချုပ်ကိုင်လိုက်ပြီဖြစ်သည့် အီလွန်မာ့စ်သည် ၎င်းအပေါ် အများ၏ယုံကြည်လက်ခံနိုင်မှုကို ဖျက်ဆီးနေသည်ဟု ဝေဖန်ထားသည်။

ပြီးခဲ့သည့်လက တွစ်တာလူမှုကွန်ရက်ကို ဝယ်ယူလိုက်သည့် ဘီလျံနာလုပ်ငန်းရှင် အီလွန်မာ့စ်အနေဖြင့် ၎င်းကိုယ်စား အခြားသူတစ်ဦးဦးကို လုပ်ကိုင်ခွင့်ပေးလိုက်သင့်သည်ဟုလည်း အမေရိကန်ရုပ်ရှင်မင်းသားရက်ဖလိုက အကြံပြုထားသည်။

အောက်လွှတ်တော်အမျိုးသမီးအမတ် AOC က ၎င်း၏တွစ်တာအကောင့်မှာ ကောင်းစွာမလည်ပတ်တော့ဘဲ အကောင့်အတည်ပြုမှုလစဉ်ကြေးကိစ္စဖြင့် မာ့စ်ကိုဝေဖန်ခဲ့သည့်အတွက် လက်စားချေခံရခြင်းဖြစ်သည်ဟု တွစ်တာတွင်ရေးတင်ခဲ့ပြီးနောက် ရက်ဖလို၏ ဝေဖန်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

တကယ့်အလုပ်နှင့်တူအောင် လုပ်မည့်သူတစ်ဦးကို လုပ်ကိုင်ခွင့်ပေးလိုက်ပြီး Telsa နှင့် Space X ကုမ္ပဏီတို့ကိုသာ အာရုံစိုက်ရန် မာ့စ်ကို ရက်ဖလိုက တိုက်တွန်းထားသည်။

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသားမာ့စ်ကလည်း AOC ပြောသမျှအားလုံး ရာနှုန်းပြည့်မှန်နေသည်မဟုတ်ဟု တုံ့ပြန်ထားသည်။

အီလွန်မာ့စ် တွစ်တာပလက်ဖောင်း၏ပိုင်ရှင်သစ်ဖြစ်လာကတည်းက ဝန်ထမ်းများသည် အလုပ်နေရာပျောက်မည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး ကုမ္ပဏီ၏ထိပ်ပိုင်းအလုပ်အမှုဆောင်အများစုလည်း အလုပ်ထုတ်ခံထားရသည်။

Most Read

Most Recent