၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်အရ အစ္စရေးထံ ငှားရမ်းထားသည့် ပိုင်နက်နယ်မြေငယ်နှစ်ခုကို ပြန်လည်ရယူလိုကြောင်း ဂျော်ဒန်က အစ္စရေးကို အသိပေးထားသည်ဟု ဂျော်ဒန်ဘုရင် ဒုတိယမြောက် အဗ္ဗဒူလာက အောက်တိုဘာ ၂၁ ရက်တွင် ကြေညာခဲ့သည်။ ဘာကူရာနှင့် ဂူမာနယ်မြေတို့နှင့် ပတ်သက်၍ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ငှားရမ်းထားမှုကို အဆုံးသတ်ရန် အစ္စရေးကို အသိပေးခဲ့ကြောင်း ဂျော်ဒန်ဘုရင်က ပြောကြားခဲ့သည်ဟု အစိုးရသတင်း အေဂျင်စီ ပီထရာက ဖော်ပြခဲ့သည်။
သို့သော် လက်ရှိငှားရမ်းထားမှုအား သက်တမ်းတိုးနိုင်ရန်အတွက် ညှိနှိုင်းဆွေးနွေးလိုကြောင်း ပြောကြားထားသည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ထုတ်ပြန်ခဲ့သည်။ ၁၉၉၄ ခုနှစ် ငြိမ်းချမ်းရေး သဘောတူညီချက်တွင် ချိတ်ဆက်ထားမှုအရ ထိုနယ်မြေများအား ၂၅ နှစ်ပြည့်လျှင် သက်တမ်းတိုးနိုင်သည့် အနေအထားဖြင့် အစ္စရေးသို့ ငှားရမ်းခဲ့ပြီး ဂျော်ဒန်က ထိုနယ်မြေများအား ပြန်လည်ရယူရန် သက်တမ်းမကုန်မီ တစ်နှစ်အလို၌ ကြိုတင်အသိပေးရမည် ဖြစ်သည်။
ဘာကူရာနှင့် ဂူမာနယ်မြေများသည် ၎င်းတို့၏ ထိပ်တန်းဦးစားပေးအဖြစ် အမြဲတမ်းရှိခဲ့ကြောင်း၊ ယခုအခါ ထိုနယ်မြေများနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး သဘောတူညီချက်နှင့် ချိတ်ဆက်ထားသည့် ငှားရမ်းမှုကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဂျော်ဒန်ဘုရင်က ပြောကြားခဲ့သည်။ ဂျော်ဒန်၏ ထိုမေတ္တာရပ်ခံမှုအား ရရှိခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက်တွင် အတည်ပြုခဲ့သည့် နေတန်ယာဟုက ၎င်းတို့ နှစ်နိုင်ငံအကြား ထိုသဘောတူညီချက်၏ အစိတ်အပိုင်းအဖြစ် ဂျော်ဒန်သည် ထိုနယ်မြေများအား ၂၅ နှစ်ကြာ ငှားရမ်းထားမှုကို ပယ်ဖျက်ပြီး ပြန်လည်ရယူရန် အခွင့်အရေးရှိကြောင်း ပြောကြားခဲ့သည်။
ဂျူးပြက္ခဒိန်အရ အစ္စရေးဝန်ကြီးချုပ်ဟောင်း ယစ်ဇက်ရာဘင် လုပ်ကြံခံရမှု နှစ်ပတ်လည်ကို ကျင်းပရန် အစ္စရေးက လုပ်ဆောင်နေစဉ် ထိုသဘောတူညီချက် ဆက်လက်တည်တံ့ရေးအတွက် ဆွေးနွေးရန် လမ်းဖွင့်ထားကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။ ရာဘင်သည် ထိုငြိမ်းချမ်းရေး သဘောတူညီချက်အား ဂျော်ဒန်နှင့် လက်မှတ်ထိုးခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ၁၉၉၅ ခုနှစ်တွင် လက်ယာယိမ်းဂျူးအစွန်းရောက်တစ်ဦး၏ လုပ်ကြံခြင်းခံခဲ့ရသည်။
ဂျော်ဒန်နှင့် အစ္စရေးတို့က တစ်နှစ်ကြိုတင် အသိပေးမှု မပြုလုပ်ပါက ဘာကူရာနှင့် ဂူမာနယ်မြေနှစ်ခုအား အလိုအလျောက် သက်တမ်းတိုးမှု ပြုလုပ်မည်ဖြစ်သည်။ ယခုအခါ ဂျော်ဒန်က မေတ္တာရပ်ခံမှုကြောင့် ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်သည်။ ထိုနယ်မြေနှစ်ခုအား ပြန်လည်ရယူရန် ဂျော်ဒန်ပြည်သူ ရာပေါင်းများစွာက အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် မြို့တော်အမ္မန်၌ တောင်းဆိုခဲ့ကြသည်။ ဂျော်ဒန်တောင်ပိုင်း အေကာဘာပြည်နယ်၌ စတုရန်း လေးကီလိုမီတာကို လွှမ်းခြုံသော ဂူမာသည် ၁၉၆၇ ခုနှစ်၌ ခြောက်ရက်ကြာ စစ်ပွဲအတွင်း အစ္စရေး၏ သိမ်းယူခြင်းခံခဲ့ရသည်။ ဂျော်ဒန်မြောက်ဘက်ရှိ အာဘက်ပြည်နယ်တွင် စတုရန်းခြောက်ကီလိုမီတာရှိသည့် နယ်စပ်ဒေသဖြစ်သော ဘာကူရာသည် ၁၉၅၀ ပြည့်နှစ်တွင် အစ္စရေး၏ သိမ်းယူခြင်းခံခဲ့ရသည်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများအတွင်း ထိုနယ်မြေများအား ဂျော်ဒန်၏ အချုပ်အခြာအာဏာ ပိုင်နက်ဖြစ်ကြောင်း အသိအမှတ်ပြုပြီးနောက်ပိုင်း ထိုနယ်မြေများအား ယာယီထိန်းချုပ်ရန် ဂျော်ဒန်က အစ္စရေးကို ခွင့်ပြုပေးခဲ့ရသည်။ ညှိနှိုင်းမှုသစ်များ ဆောင်ရွက်ရန် အစ္စရေးနှင့် ဂျော်ဒန်တို့၏ အဓိက မဟာမိတ်ဖြစ်သော အမေရိကန်၏ ဖိအားပေးမှုကို ဂျော်ဒန်က ရင်ဆိုင်ရနိုင်ကြောင်း နိုင်ငံရေး သုတေသီအဒယ်မာမွတ်က သုံးသပ်ခဲ့သည်။














