သတင်းလုံခြုံမှုနှင့်ပတ်သက်၍ အရာရှိ၊ စစ်သည်များအနေဖြင့် သတိထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား

သတင်းလုံခြုံမှုနှင့်ပတ်သက်၍ အရာရှိ၊ စစ်သည်များအနေဖြင့် သတိထားဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြား
Published 18 October 2022

သတင်းလုံခြုံမှုနှင့်ပတ်သက်၍ အရာရှိ၊ စစ်သည်များအနေဖြင့် သတိထားဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၁၆ ရက်က ပြုလုပ်သည့် ပြင်ဦးလွင်တပ်နယ်ရှိ တက္ကသိုလ်များနှင့် လေ့ကျင့်ရေးကျောင်းများ၏ လေ့ကျင့်ရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လုံခြုံရေးပိုင်းဆိုင်ရာနှင့်ပတ်သက်၍လည်း အရာရှိ၊ စစ်သည်တစ်ဦးချင်းအနေဖြင့် မိမိကိုယ်တိုင် သတင်းလုံခြုံမှုနှင့်ပတ်သက်၍ သတိထားဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ မိမိတို့၏ မိသားစုဝင်များအနေဖြင့်လည်း သတင်းလုံခြုံမှုနှင့်ပတ်သက်၍ ထိခိုက်မှုမရှိစေရေး လုံခြုံရေးအသိ၊ လုံခြုံရေးသတိတို့ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းကျောင်းများမှ နည်းပြများဖြစ်ပြီး အရည်အချင်းရှိသူများဖြစ်သည့်အတွက် မိမိတို့လေ့ကျင့်သင်ကြားပေးနေသည့် သင်တန်းသားများကိုလည်း လုံခြုံရေးအသိရှိအောင် သင်ကြားပေးရန်လိုကြောင်း၊ လူမှုကွန်ရက်စာမျက်နှာ၊ အွန်လိုင်းနည်းပညာ အသုံးချမှုများကို အကျိုးရှိသည့်နေရာများ၌သာ အသုံးချရန်လိုပြီး စည်းကမ်းစနစ်တကျရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။

တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်းမွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျှင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦးဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်အတွင်း၌ မည်သည့်တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်သည်ဖြစ်စေ စစ်ဘက်ခေါင်းဆောင်များအနေဖြင့် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်သင်ကြားပေးခြင်းပင်ဖြစ်ကြောင်း၊ စွမ်းရည်ရှိသည့် တပ်မတော်ဖြစ်စေရေး လေ့ကျင့်ပေးနေမှုများသည် သင်တန်းကျောင်းများအလိုက် အခြေခံအားဖြင့် တူညီမှုရှိကြောင်း၊ အခြေခံစစ်ပညာမှအစပြု၍ အဆင့်အလိုက် လျော်ညီစွာ တတ်မြောက်ရမည့် အတတ်ပညာ၊ အသိပညာများရရှိရေး သင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် သင်ကြားလေ့ကျင့်ပေးရာတွင် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးခြင်းနှင့် ယင်းအတတ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သူများ ဖြစ်အောင်လေ့ကျင့်သင်ကြားပေးမှုဟူ၍ရှိကြောင်း၊ လက်ရုံးတပ်ဖွဲ့များတွင်လည်း အဆင့်အလိုက်သင်ယူ တတ်မြောက်ရမည့် အသိပညာ၊ အတတ်ပညာများကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ လေ့ကျင့်ရေးနှင့်ပတ်သက်၍ တပ်မတော်တွင် ကဏ္ဍပေါင်းစုံ၌ ပြည့်စုံအောင် ဆောင်ရွက်ပေးထားကြောင်း၊ လေ့ကျင့်ရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေခြင်းသည် အနာဂတ်တပ်မတော်ကို တည်ဆောက်နေခြင်းပင်ဖြစ်သည့်အတွက် လေ့ကျင့်ရေးကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် နည်းပြများအနေဖြင့် ပေါ့ပေါ့တန်တန်သဘောမထားစေလိုဘဲ လေးနက်စွာ သင်ကြားပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

နည်းပြများအနေဖြင့် လေ့ကျင့်သင်ကြားရာတွင် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်နှင့် စာပေပိုင်းဆိုင်ရာ ပညာရပ်ဟူ၍ရှိပြီး နှစ်ဖက်မျှတစွာ တတ်မြောက်အောင် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသားနှင့် နည်းပြအချိုးကို အမြဲလေ့လာဆန်းစစ်နေရမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဘာသာရပ်များကို စနစ်တကျသင်ကြား လေ့ကျင့်ပေးလိုက်မှသာလျင် လက်တွေ့နယ်ပယ်၌ ကောင်းမွန်စွာအသုံးချနိုင်မည်ဖြစ်ပြီး ကြုံတွေ့လာရသည့်အခက်အခဲများကို အောင်မြင်စွာဖြတ်သန်းနိုင်မည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝသည့် သင်တန်းသားများ ပေါ်ထွက်လာရေးအတွက် နည်းပြများသည် အရည်အချင်းပြည့်စုံရမည်ဖြစ်သဖြင့် နည်းပြများ ရွေးချယ်တာဝန်ပေးရာတွင်လည်း စနစ်တကျရွေးချယ်တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း၊ လေ့ကျင့်ပေးသူများ၏ အရည်အချင်းအပေါ်မူတည်၍ လေ့ကျင့်ခံရသူများ၏ အရည်အသွေးများ ပြောင်းလဲမည်ကို သတိချပ်စေလိုကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြစေလိုကြောင်း ၎င်းက ဆိုသည်။

ခရီးသွားလုပ်ငန်းများနှင့်ပတ်သက်၍ ကရင်ပြည်နယ်သည် သဘာဝအလှအပများများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး အဆိုပါအခြေခံကောင်းများကို အသုံးချ၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်၍ရကြောင်း၊ အိမ်သာလျင် ဧည့်လာမည်ဖြစ်သဖြင့် ဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားများကို စွဲဆောင်နိုင်သည့် သာယာလှပသော ပတ်ဝန်းကျင်ကောင်းများရှိစေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံစိတ်ချရသည့် ပြည်နယ်တစ်ခုဖြစ်စေရေးကို ဒေသခံများ၊ ဒေသတွင် လာရောက်အမှုထမ်းနေကြသည့် နိုင်ငံ့ဝန်ထမ်းအားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသမှထွက်ရှိသည့် ရိုးရာအစားအစာများကိုလည်း သန့်ရှင်းသပ်ရပ်စွာဖြင့် ဖွယ်ဖွယ်ရာရာပြုလုပ်၍ ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း ခရီးသွားကဏ္ဍတိုးတက်စေရေးအတွက် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

Most Read

Most Recent