လက်ရှိဘဏ္ဍာနှစ် လေးလအတွင်း ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ငါးသိန်းခွဲကျော်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၄၂၆ သန်း ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံတန်ချိန် ၅၅၈၇၀၀ ဒသမ ၂၇၆ တန်တင်ပို့မှုမှ တန်ဖိုးဒေါ်လာ ၄၂၆ ဒသမ ၄၁၁ သန်းရရှိထားသည်။
ယင်းအနက် ပင်လယ်ရေကြောင်းမှ ၄၁၉၁၂၀ ဒသမ ၃၀၉ တန်တင်ပို့မှုမှ ဒေါ်လာ ၃၃၂ ဒသမ ၄၁၁သန်း၊ နယ်စပ်မှ ၁၃၉၅၇၉ ဒသမ ၉၆၇ တန် တင်ပို့မှုမှဒေါ်လာ ၉၄ သန်းရရှိခဲ့ခြင်းဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှတဆင့် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ဒေါ်လာသန်း ၁၅၇၀ ကျော်ရရှိခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ကထက် ဒေါ်လာ ၃၇၄ သန်းကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၁၂၄၂၇၇၅ ဒသမ ၂၃၁ တန်တင်ပို့မှုမှ ဒေါ်လာ ၉၆၆ ဒသမ ၄၀၇ သန်း၊ နယ်စပ်မှ ၇၈၆၉၂၀ ဒသမ ၆၅၁ တန်တင်ပို့မှုမှ ဒေါ်လာ ၆၀၄ ဒသမ ၃၀၀ သန်းဖြင့် စုစုပေါင်း ၂၀၂၉၆၉၅ ဒသမ ၈၈၂ တန်တင်ပို့မှုမှ ဒေါ်လာ ၁၅၇၀ ဒသမ ၇၀၇ သန်းရရှိခဲ့သည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ပဲမျိုးစုံတန်ချန် ၁ ဒသမ ၆ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၂ ဘီလျံနီးပါးရရှိထားပြီး ယခင်နှစ်ထက် တင်ပို့မှုတန်ချိန်နှစ်သောင်း သုံးထောင်ကျော် လျော့ကျခဲ့သော်လည်း ဝင်ငွေဒေါ်လာသန်း ၁၉၀ နီးပါးအထိ ပိုမိုရရှိခဲ့သည်။
တစ်နှစ်အတွင်း နယ်စပ်မှတစ်ဆင့် ပြည်ပသို့ပဲအမျိုးမျိုးတင်ပို့မှုမှဒေါ်လာသန်း ၃၀၀ နီးပါးရရှိခဲ့ပြီး ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နယ်စပ်မှတစ်ဆင့် ပြည်ပသို့ ပဲအမျိုးမျိုးတင်ပို့ရာ၌ မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၀ ဒသမ ၅၈ သန်း၊ ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၁၈၈ ဒသမ ၆၇ သန်း၊ ပဲစင်းငုံတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၂၉ သန်း၊ ကုလားပဲတင်ပို့မှုမှဒေါ်လာ ၀ ဒသမ ၃၇ သန်း၊ ပဲလွန်းတင်ပို့မှုမှ ဒေါ်လာ ၉ ဒသမ ၀၈ သန်း၊ ထောပတ်ပဲတင်ပို့မှုမှဒေါ်လာ ၂၀ ဒသမ ၉၈ သန်း၊ မြေထောက်ပဲတင်ပို့မှုမှ ဒေါ်လာ ၁၄ ဒသမ ၁၉ သန်း၊အခြားပဲများ တင်ပို့မှုမှ ဒေါ်လာ ၆၄ ဒသမ ၅၅ သန်းရရှိခဲ့သည်။
တစ်နှစ်အတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် ပြည်ပသို့ပဲအမျိုးမျိုး တင်ပို့မှုမှ ဒေါ်လာသန်း ၇၇၀ ကျော်ရရှိခဲ့ပြီး မတ်ပဲတင်ပို့မှုမှ ဒေါ်လာ ၄၃၆ သန်း ကျော်နှင့် ပဲတီစိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၂၄ သန်း ကျော်ရရှိခဲ့ခြင်းဖြစ်ကြောင်း စီမံကိန်း၊ နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ပဲမျိုးစုံများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ စသည့်ပဲအမျိုးအစားသုံးခုကို ပြည်ပသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။
ယင်းအနက် မတ်ပဲနှင့် ပဲစဉ်းငုံကို အိန္ဒိယနိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ပဲတီစိမ်းကို တရုတ်နှင့် ဥရောပနိုင်ငံတချို့သို့ အဓိကတင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက်ဧက ၁၁ သန်းကျော်ရှိပြီး မတ်ပဲနှင့် ပဲစင်းငုံစိုက်ပျိုးမှု ၃၅ ရာခိုင်နှုန်းကျော်ရှိသည်။
မြန်မာနိုင်ငံတွင် ပဲမျိုးစုံ ၁၈ မျိုးအားနှစ်စဉ်စိုက်ဧက စုစုပေါင်း ၁၁ ဒသမ ၄၅ သန်းခန့် စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်း ၂၆ ရာခိုင်နှုန်း၊ မတ်ပဲ ၂၅ ရာခိုင်နှုန်း၊ ပဲစင်းငုံ ၁၅ ရာခိုင်နှုန်း ကုလားပဲရှစ်ရာခိုင်နှုန်း စိုက်ပျိုးထုတ်လုပ် လျက်ရှိသည်။










