ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက် ကောင်းမှုလွယ်ရပ် စည်ပင်လမ်း တစ်နေရာ၌ ဇွန်လ ၆ ရက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မော်တော်ယာဉ် တစ်စီး လုယက်ခံရပြီး လုယက်သူများကို မော်တော်ယဉ်ပိုင်ရှင်က သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် CCTV မှတ်တမ်း၌ အမျိုးသား တစ်ဦး မောင်းနှင်လာသည့် ကားကို အခြား ကားတစ်စီးပေါ်မှ အမျိုးသား ၂ ဦးက လုယက်ရန် ကြိုးပမ်းပြီး ဝိုင်းဝန်း ထိုးကြိတ်နေစဉ် လုယက်ခံရသူက သေနတ်ထုတ်ကာ သေနတ်ဖြင့် နှစ်ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့သည်ကို တွေ့မြင်ရသည်။
ထိုသို့ သို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကားလုယက်သူ အဖွဲ့မှ တစ်ဦး သေနတ် ထိမှန်ခဲ့သော်လည်း ကားကို လုယူကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်ကို CCTV မှတ်တမ်းများအရသိရသည်။ ထိုပြင် လုယက်ခံရသည့် ကားမှာ Crown ခဲရောင် ကားဖြစ်ပြီး အဆိုပါ ကားထဲတွင် မည်သည့် ပစ္စည်း ပါသွားသည်ကို မသိရှိရပေ။
အဆိုပါလုယက်မှုနှင့်ပတ်သက်၍ ၊ ကာယကံရှင် နှင့် မူဆယ်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ခြင်းကြောင့် အသေးစိတ် အခြေအနေများကို မသိရသေးပေ ။
လုယက်ခံရမှုနှင့် ပတ်သက်၍ မော်တော်ယာဉ်အား တွေ့ရှိပါက အကြောင်းကြားရန် ဖုန်းနံပါတ်နှင့်တကွ ယာဉ်ပိုင်ရှင်ဘက်မှ Facebook ပေါ်တွင် အကူအညီတောင်းခံထားသည်ကို တွေ့ရသည်။
ယင်းဖြစ်စဉ်မတိုင်မီ ဇွန်လ ၄ ရက် တွင် မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ မှ လင်မယား ၂ ဦး မောင်းလာသည့်ကားမှာ ဓားပြတိုက်ခံရပြီး တရုတ်ယွမ်ငွေ ၂ သိန်းခန့် ပါသွား သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသိရပြီး မူဆယ်မြို့၌ မကြာခဏ ပြန်ပေးဆွဲ ငွေတောင်းမှု ၊ နေအိမ်ခြံဝန်း ထဲအထိ ခြံတံခါးများ ဖျက်ဝင်၍ ခိုးယူမှုများအပြင် လူသူပြတ်သော လမ်းများ၌ ဆိုင်ကယ်လုယက်မှုများ ဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများကပြောကြားချက်အရသိရသည်။
မူဆယ်မြို့သည် မြန်မာ-တရုတ် နယ်စပ် မြို့ဖြစ်ပြီး ပြည်သူ့စစ်လက်နက်ကိုင် အများအပြားရှိသည့် မြို့ တစ်မြို့ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ လှုပ်ရှားရာ နယ်မြေတစ်ခုလည်း ဖြစ်သည်။
သတင်း- ပြည့်စုံ (မူဆယ်)