သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်မွှေးလမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ ဆောက်လုပ်ရေးလုပ်သား ကြိုပို့ယာဉ်တိမ်းမှောက်ပြီး ၁၅ ဦး ဒဏ်ရာရ 

သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်မွှေးလမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ ဆောက်လုပ်ရေးလုပ်သား ကြိုပို့ယာဉ်တိမ်းမှောက်ပြီး ၁၅ ဦး ဒဏ်ရာရ 
ဓာတ်ပုံ ကြည်နိုင်
ဓာတ်ပုံ ကြည်နိုင်
Published 31 May 2022

သင်္ဃန်းကျွန်းမြို့နယ် ပေါ်ဆန်မွှေးလမ်းတွင် မေ ၃၁ ရက် ညနေ ၅ နာရီခွဲခန့်က ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ ဆောက်လုပ်ရေးလုပ်သား ကြိုပို့မော်တော်ယာဉ်တိမ်းမှောက်ပြီး ၁၅ ဦး ဒဏ်ရာရသဖြင့် ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။ 

ISUZU အမျိုးအစား အမိုးမပါ ကြိုပို့မော်တော်ယာဉ်သည် တစ်ဖက်ယာဉ်ကြောမှ တိုယိုတာအမျိုးအစားအငှားယာဉ်အား တိုက်မိပြီး လမ်းဘေးသို့ တိမ်းမှောက်သွားပြီး ယာဉ်ပေါ်ပါ ၁၈ ဦးအနက် ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူအချို့မှာ ဒဏ်ရာပြင်းထန်ကာ စံပြဆေးရုံနှင့်ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းနေရာအနီးနေသူများက ပြောကြားခဲ့သည်။ 

ပေါ်ဆန်းမွှေးလမ်း ယာဉ်မတော်တဆမှု ဒဏ်ရာရသူများအား ကူညီပေးခဲ့သူတစ်ဦးက " မှောက်သွားတဲ့ကားပေါ်က လူတွေက လမ်းပေါ်မှာ ပြန့်ကျဲနေတာ။ တစ်ဖက်လမ်းကနေ မောင်းလာပြီး NELC ရှေ့ရောက်မှ ရပ်သွားတယ်။ ဆောက်လုပ်ရေးဆိုက်တစ်ခုကနေ ပြန်လာကြတာ။ တက္ကစီကိုတိုက်မိပြီး တစ်ဖက်လမ်းကို ဘယ်လိုလုပ် ရောက်လာလဲတော့မသိဘူး။ စံပြဆေးရုံကိုပို့တာ မနိုင်လို့ ရန်ကုန်ဆေးရုံကြီးကိုပို့ရကြတယ် " ဟုပြောကြားခဲ့သည်။ 

အဆိုပါမတော်တဆမှုမှ တက္ကစီယာဉ်သည် ယာဉ်ရှေ့ဘက်ဘယ်ခြမ်း ပျက်စီးခဲ့ပြီး ယာဉ်မောင်းနှင့်ခရီးသည်နှစ်ဉီးလိုက်ပါလာခဲ့ကာ The One Entertainment ကွင်းဖက်မှ သုဝဏ္ဏပန်းခြံဖက်သို့မောင်းနှင်လာခဲ့ကြောင်း၊ ကြိုပို့ယာဉ်သည် သုမင်္ဂလာရှိ ဆောက်လုပ်ရေးဆိုက်မှ ပေါ်ဆန်မွှေးလမ်းအတိုင်း ကမာကြည်တံတားဖက်သို့ မောင်းနှင်လာကာ ပေါ်ဆန်မွှေးအိမ်ရာရှေ့အနီးတွင် ၎င်းယာဉ်နှစ်စီးတိုက်မိမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဆောက်လုပ်ရေးလုပ်သား ကြိုပို့ယာဉ်မှ လိုက်ပါလာသူတစ်ဦးက " ကျွန်တော်တို့လည်း ဘယ်လိုတွေဖြစ်ပြီး ကားတိုက်ပြီး မှောက်သွားလဲတော့မသိဘူး။ ကားမမှောက်ခင် လျှောတိုက်ပါသွားတုန်းကတော့ မျက်စိမှိတ်ထားပြီး သေပြီပဲလို့ပဲ စိတ်ထဲတွေးထားရတယ်။ နောက်မှ ကားရပ်သွားတော့မှ ကြည့်တော့ အကုန်ပြန့်ကျဲနေတာ။ လွင့်ထွက်ကုန်တယ်။၁၈ ယောက်မှာ ၁၅ ယောက်ဆေးရုံရောက်တယ် " ဟု  ပြောကြားခဲ့သည်။

ယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရသူများကို အနီးပတ်ဝန်းကျင်မှနေထိုင်သူများ၊ လူနာတင်ယာဉ်များက ဆေးရုံအသီးသီးသို့ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းနောက် ယာဉ်ထိန်းရဲများ ရောက်ရှိလာကာ အခင်းဖြစ်ရပ်အား မေးမြန်းမှုများပြုလုပ်ပြီး ကြိပို့ယာဉ်အား ကရိန်ယာဉ်ဖြင့် ဖယ်ရှားသယ်ဆောင်သွားကြောင်း သိရသည်။

 

Most Read

Most Recent