မြစ်ကြီးနားမြို့ မနောအားကစားကွင်းဘေးလမ်း လူသတ်ဆိုင်ကယ်လုယက်မှုဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့ မနောအားကစားကွင်းဘေးလမ်း လူသတ်ဆိုင်ကယ်လုယက်မှုဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးရမိ
Published 31 May 2022
ထွန်းလင်းအောင် (မြစ်ကြီးနား)

မေ ၂၆ ရက်က မြစ်ကြီးနားမြို့ မနောအားကစားကွင်းဘေးလမ်းတွင် လူသတ်ဆိုင်ကယ် လုယက်မှုကျူးလွန်သူကို ဖမ်းဆီးထားကြောင်း မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှ သတင်းရရှိသည်။

မြစ်ကြီးနားမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “တရားရုံးမှာ ဖြောင့်ချက်ပေးခဲ့ပါပြီ။ ကျူးလွန်သူဟာ မူးယစ်ဆေးဝါးသုံးတယ်။ လောင်းကစားလည်း လုပ်ပါတယ်။ သက်သေခံပစ္စည်းတွေလည်းအားလုံး ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါပြီ။ လောင်းကစားရှုံးလို့ ကယ်ရီနဲ့အပြန်မှာ စကားများကြရင်းနဲ့ ကျူးလွန်ခဲ့တယ်လို့ ထွက်ဆိုသွားတယ်။ ကျူးလွန်သူဟာ ဖားကန့်ဘက်ကို ရှောင်တိမ်းသွားလို့ သက်ဆိုင်ရာ အကူအညီတွေနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါတောင်မှ ၂၁ မိုင်ဂိတ်ကို ရှောင်ကွင်းလမ်းက ပတ်ရှောင်ထွက်ခဲ့လို့ တရားခံကို ပူးပေါင်းပြီး ဖမ်းဆီးခဲ့ရတာဖြစ်ပါတယ်။ ကျူးလွန်တဲ့သက်သေခံပစ္စည်းတွေကို အိမ်နောက်မှာ ကျင်းတူးပြီး မြှုပ်ထားခဲ့တယ်။ ကျွန်တော်တို့အနေနဲ့ အုပ်စုဖွဲ့လုယက်လူသတ်မှု ကျူးလွန်တာရယ်။ တရားရေးဝန်ထမ်း ဆွဲကြိုးအလုခံရတာတွေကိုလည်း လွန်ခဲ့တဲ့လပိုင်းတွေက ဖော်ထုတ်ထားပါတယ်” ဟု ပြောကြားသည်။

ပြီးခဲ့သည့် မေ ၂၆ ရက် နံနက်ပိုင်းက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်နေ အသက် ၅၀ အရွယ်ရှိ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ဦးဘိုကြီးမှာ မနောအားကစားကွင်းဘေးလမ်းတွင် လည်ပင်းယာခြမ်း ထိုးသွင်းဒဏ်ရာ ရှစ်ချက်၊ နောက်ဘက်ကုတ်တွင် ရှစ်ချက်၊ လည်ပင်းဝဲဘက်ခြမ်းတွင် နှစ်ချက်၊ ယာနားအစပ်တွင် တစ်ချက် ဒဏ်ရာများရရှိပြီး မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့ မြို့မရဲစခန်းတွင် (ပ) ၇၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် စစ်ဆေးဆောင်ရွက်နေစဉ် သေဆုံးခဲ့သဖြင့် ပုဒ်မ ၃၀၂ သို့ ပြောင်းလဲစစ်ဆေးခဲ့သည်။

ပြစ်မှုကျူးလွန်သူမှာ မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်နေ ဇော်ထက်အောင်ဆိုသူဖြစ်ပြီး ၎င်းနေအိမ်၏ မီးဖိုချောင်အနီးတွင် အိတ်အမည်းရောင်ဖြင့်ထုတ်ကာ မြှုပ်နှံထားသည့် ကျားဝတ်ရှပ်အကျႌတစ်ထည်၊ ဘောင်းဘီရှည် တစ်ထည်၊ သွေးစွန်းနေသည့် တီရှပ်အဖြူလက်စက တစ်ထည်၊ အရိုးအသွား ခြောက်လက်မခန့်ရှိ မောင်းချဓားတို့ကို သိမ်းဆည်းထားကြောင်း၊ ၎င်းမှာ ဖားကန့်မြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းများ၌ သင်္ကန်းဆည်းခွင့် တောင်းခံသော်လည်း ခွင့်မပြုကြသဖြင့် ပူတာအိုဘက်သို့သွားရန် ပြန်လာစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း ရမ်ပူရပ်ကွက် ဗန်ဒါရိပ်ဘီယာဆိုင်လမ်းကြားတွင် အသက် ၄၃ နှစ်အရွယ်ရှိ မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အောက်ချိုင့်တွင် နေထိုင်သူ ပလပ်စတစ်ဘူးခွံဟောင်းများဝယ်သည့်  ဒေါ်ချိုဆိုသူမှာ ဓားထိုးလုယက်ခံရပြီးနောက် ဆေးကုသမှုခံယူနေစဉ် ညနေ ၃ နာရီ ၄၅ မိနစ်က သေဆုံးခဲ့သည်။ ၎င်းတွင် သားသမီး ခြောက်ဦးကျန်ရစ်ခဲ့ပြီး သုံးဦးမှာ ၁၀ နှစ်အောက် ကလေးငယ်များဖြစ်ကြောင်း သိရသည်။ ယင်းဖြစ်စဉ်မှ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျူးလွန်သူမှာ မူးယစ်ဆေးဝါးသုံးစွဲနေသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ် ၂၇ ရက်ကလည်း မနောအားကစားကွင်းဘေးလမ်းသွယ် ဂျပန်လမ်းအနီးတွင် လူငယ်သုံးဦးက သေနတ်ပြကာ ကားလုယက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၃ ရက် ည ၇ နာရီခန့်ကလည်း တပ်ကုန်းစံပြရပ်ကွက်မှ ရှေ့နေလူငယ်တစ်ဦး မြစ်ကြီးနားမြို့ မနောအားကစားကွင်းတွင် ဓားထိုးလုယက်ခံခဲ့ရကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ မြို့ကြီးအချို့တွင် ဆိုင်ကယ်စီးနေစဉ် ပိုက်ဆံအိတ်လုခြင်း၊ ဖုန်းလုခြင်း၊ လမ်းပိတ်ကာ ဆိုင်ကယ်လုခြင်း၊ ရိုက်နှက်လုယက်ဖြစ်စဉ်များ၊ ဖောက်ထွင်းခိုးယူခြင်းများ မကြာခဏ ဖြစ်ပွားနေပြီး အသက်ဆုံးရှုံးမှုများလည်းရှိကြောင်း သိရသည်။

 

Most Read

Most Recent