အာဖဂန်တွင် ရွေးကောက်ပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပ

အာဖဂန်တွင် ရွေးကောက်ပွဲ ဒုတိယနေ့ကို ဆက်လက်ကျင်းပ
အောက်တိုဘာ ၂၀ ရက်က မဲရုံတစ်ရုံတွင် မဲပေးသူစစ်ဆေးရေးစက်ဖြင့်  မဲဆန္ဒရှင်တစ်ဦး၏ လက်ချောင်းအား စကင်ဖတ်နေပုံ (Photo – AFP)
အောက်တိုဘာ ၂၀ ရက်က မဲရုံတစ်ရုံတွင် မဲပေးသူစစ်ဆေးရေးစက်ဖြင့် မဲဆန္ဒရှင်တစ်ဦး၏ လက်ချောင်းအား စကင်ဖတ်နေပုံ (Photo – AFP)
Published 21 October 2018

အာဖဂန်နစ္စတန်နိုင်ငံမှ မဲရုံရာပေါင်းများစွာသည် မဲဆန္ဒရှင်များ လာရောက်မဲပေးနိုင်ရန်အတွက် အောက်တိုဘာ ၂၁ ရက်က ဒုတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်ခဲ့သည်။ ပထမနေ့ကမူ အကြမ်းဖက်တိုက်ခိုက်မှုများ နှင့် နည်းပညာပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများကြောင့် ဖရိုဖရဲဖြစ်ခဲ့ကာ ရွေးကောက်ပွဲ၏ ယုံကြည်စိတ်ချရမှုကို ယိုယွင်းစေခဲ့သည်။

ကာလရှည်ကြာနှောင့်နှေးခဲ့ပြီးနောက် ကျင်းပသည့် ယခုပါလီမန် ရွေးကောက်ပွဲများအတွက် မဲပေးခွင့်ရှိသူ ကိုးသန်းခန့်ရှိသည်။ အောက်တိုဘာ ၂၀ ရက်ကမူ မဲဆန္ဒရှင် သုံးသန်းသည် စစ်သွေးကြွများက တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည့်ကြားမှ လာရောက် မဲပေးခဲ့ကြသည်။ သို့သော်လည်း မဲရုံအများအပြားသည် နာရီပေါင်းများစွာ နောက်ကျမှ  ဖွင့်လှစ်ခဲ့ကာ လုံးဝမဖွင့်ခဲ့သည့် မဲရုံများလည်း ရှိခဲ့သည်။

ထိုသို့ ကသောင်းကနင်းဖြစ်စဉ်များအတွက် ပြင်းပြင်းထန်ထန်အပြစ်တင်ခံနေရသည့် အမှီအခိုကင်းသော ရွေးကောက်ပွဲကော်မရှင် (IEC) သည် အောက်တိုဘာ ၂၁ ရက်တွင် မဲရုံပေါင်း ၄၀၁ ရုံကို ညနေ ငါးနာရီအထိ ဖွင့်လှစ်မည်ဟု ထုတ်ပြန်ခဲ့သည်။

“ကစဉ့်ကလျားဖြစ်မှုတွေ၊ နှေးကွေးကြန့်ကြာမှုတွေနဲ့ IEC ရဲ့ စီမံခန့်ခွဲမှုအမှားတွေ ရှိခဲ့ပါတယ်” ဟု ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားရေးကော်မရှင်မှ ပြောခွင့်ရပုဂ္ဂိုလ် အလီရီဇာရိုဟာနီက ပြောကြားခဲ့သည်။

အနောက်နိုင်ငံမှ အစိုးရအရာရှိတစ်ဦးကမူ ယခုရွေးကောက်ပွဲသည် ချွတ်ယွင်းချက်ရှိသော မဲပေးသူစစ်ဆေးရေးစက်များ၊ စီမံခန့်ခွဲမှု မကျွမ်းကျင်ခြင်းများ၊ တာလီဘန်တို့ ၏ ခြိမ်းခြောက်မှုများက မတားဆီးနိုင်ခဲ့သော အာဖဂန်ပြည်သူတို့၏ အောင်ပွဲဟု ပြောကြားခဲ့သည်။

အောက်တိုဘာ ၂၀ ရက်က နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သော ရွေးကောက်ပွဲနှင့် ဆက်စပ်သည့် တိုက်ခိုက်မှုများအတွင်း သေဆုံးဒဏ်ရာရခဲ့သည့် အရပ်သားနှင့်လုံခြုံရေး အရာရှိ ၁၇၀ နီးပါးရှိခဲ့သည်ဟု အစိုးရ အချက်အလက်များအရ သိရသည်။ မြို့တော် ကဘူးရှိ မဲရုံတစ်ရုံတွင် အသေခံဗုံးခွဲသမားတစ်ဦး၏ ဖောက်ခွဲမှုကြောင့် လူ ၁၅ ဦးထက် မနည်းသေဆုံးကာ ၂၀ ဦး ဒဏ်ရာရရှိခဲ့ပြီး နိုင်ငံအနှံ့ရှိ မဲရုံနေရာများသို့ ရောကတ် အစင်းပေါင်း ၇၀ ကျော် ကျရောက်ခဲ့သည်။  ယခုရွေးကောက်ပွဲသည် ၂၀၀၁ ခုနှစ်က တာလီဘန်အစိုးရပြုတ်ချပြီး နောက်ပိုင်း ကျင်းပခဲ့သော တတိယအကြိမ်မြောက် ရွေးကောက်ပွဲဖြစ်သည်။

တာလီဘန်စစ်သွေးကြွအုပ်စုကမူ ၎င်းတို့သည် အောက်တိုဘာ ၂၀ ရက်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲအတုသို့ တိုက်ခိုက်မှုပေါင်း ၄၀၀ ကျော် လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ကဘူးအပါအဝင် ပြည်နယ် ၁၆ ခုတွင် ရွေးကောက်ပွဲရက်ကို တစ်ရက်တိုးကျင်းပခြင်းသည်  မဲလိမ်မှုများ၊ အလွဲသုံးစားပြုမှုများအတွက် အခွင့်အရေးပေးလိုက်သကဲ့သို့ ဖြစ်မည်ကို စိုးရိမ်မှုနေကြောင်း အာဖဂန် ရွေးကောက်ပွဲနှင့် ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့အစည်းက ဆိုသည်။ မဲစာရင်းများတွင် များစွာမှားယွင်းနေပြီး အောက်တိုဘာ ၂၁ ရက်တွင် မည်သည့်နေရာ၌ မဲသွားပေးရမည်ကို မည်သူမျှမသိကြသေးကြောင်း အနောက်နိုင်ငံမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

            Ref ; AFP

Most Read

Most Recent