တရုတ်ခေါင်းဆောင်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်နှင့် သက်ဆိုင်သောတင်းကျပ်သည့် နည်းလမ်းများကို ပြန်လည်စဉ်းစားနေသည့် အနေအထားကြောင့် တရုတ်နိုင်ငံသည် မကြာခင် ကိုဗစ်ကင်းစင်မဟာဗျူဟာကို ရုပ်သိမ်းနိုင်ကာ ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်သည်ဟု တရုတ်ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
၂၀၁၉ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကို ပထမဆုံးတွေ့ရှိရာ တရုတ်နိုင်ငံသည် ကိုဗစ်ကင်းစင်မဟာဗျူဟာကို လက်ရှိအချိိန်ထိ ချမှတ်ဆောင်ရွက်နေဆဲ နိုင်ငံဖြစ်နေပြီး ကူးစက်ဖြစ်စဉ်များကို အနည်းငယ်တွေ့ရရုံဖြင့် ရုတ်တရက်လော့ဒေါင်းချခြင်းများ၊ နိုင်ငံတကာခရီးသွားလာမှုများကို ပိတ်ခြင်းတို့ဖြင့် ဗိုင်းရပ်စ်ထိန်းချုပ်ရေးကို ဆောင်ရွက်လျက်ရှိသည်။
နေ့စဉ်လူမှုဘဝ၌ အခက်အခဲဖြစ်ပေါ်နေခြင်းများနှင့်ပတ်သက်၍ ပင်ပန်းနွမ်းလျမှုများဖြစ်နေခြင်း၊ ဟောင်ကောင်၌ အိုမီခရွန်မျိုးကွဲကူးစက်မှုများကို ထိန်းချုပ်ရန် အခက်အခဲကြုံနေရခြင်းတို့က တရုတ်နည်းလမ်း၏ ခံနိုင်စွမ်းကို မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေခဲ့သည်။
တရုတ်၏ ကိုဗစ်နှိမ်နင်းရေးမဟာဗျူဟာသည် ထာဝရအပြောင်းအလဲမရှိဘဲ ရှိနေနိုင်မည်မဟုတ်ကြောင်း၊ လက်ခံ၍ရသည့် သေဆုံးမှုနှုန်းနှင့် ဖျားနာမှုနှုန်းဖြင့် ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်ရန် ၎င်းသည်လူသား၏ ကာလရှည်ရည်မှန်းချက်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျန့်ကွမ်းက လူမှုမီဒီယာပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။
ကျန့်ကွမ်းသည် တရုတ်ရောဂါထိန်းချုပ်ရေးဌာန၏ သိပ္ပံပညာရှင်အကြီးအကဲဟောင်းဖြစ်ပြီး တရုတ်၏ ကနဦး ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းများ၏ နောက်ကွယ်က ပညာရှင်တစ်ဦးဖြစ်သည်။
တရုတ်နည်းသည် အနောက်နိုင်ငံများ ကြုံတွေ့ခဲ့ရသည့် အစောပိုင်း ကသောင်းကနင်းဖြစ်မှုများကို ဟန့်တားပေးခဲ့သည်ဆိုသော်လည်း လူအနည်းငယ်သည်သာ သဘာဝကိုယ်ခံအားကို ရရှိထားသည့်အနေအထားတွင် တရုတ်၏ကူးစက်မှုနည်းပါးခြင်းက ယခုအခါက အားနည်းချက်ဖြစ်နေသည်ဟု ကျန့်ကွမ်းက ဖော်ပြခဲ့သည်။
အနောက်နိုင်ငံများသည် ဗိုင်းရပ်စ်နှင့်ယှဉ်တွဲနေထိုင်ပုံကို စူးစမ်းရာတွင် ချီးကျူးစရာကောင်းသည့် သတ္တိရှိနေသည်ကို ယခု သက်သေပြနေသည်ဟု ၎င်းကရေးသားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ အမြင့်ဆုံးဖြစ်ပွားနေသည့် အနေအထားတွင် နိုင်ငံ၏နယ်နိမိတ်များကို ဖွင့်ပေးရန် လိုအပ်ခြင်းမရှိသေးသော်လည်း တရုတ်အနေဖြင့် စူးစမ်းလေ့လာသင့်သည် ဟုဆိုသည်။
“မကြာခင် အချိန်ကျလာရင် ဗိုင်းရပ်စ်နဲ့ တရုတ်စတိုင်ယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့ လမ်းပြမြေပုံကို တင်ပြသွားမှာဖြစ်ပါတယ်” ဟု ၎င်းက အကြံပြုထားသည်။
တရုတ်အစိုးရအဖွဲ့ထဲက တာဝန်ရှိသူတစ်ဦးအနေဖြင့် ကျန့်ကွမ်း၏ မှတ်ချက်များက ထူးခြားနေသည်။ ကူးစက်မှုနည်းပါးနေခြင်းမှာ မိမိတို့၏နည်းလမ်းများ မှန်ကန်နေခြင်းကြောင့် ဖြစ်သည်ဟု တရုတ်အစိုးရက အမွှမ်းတင်ထားသည်။ ကိုဗစ်ကင်းစင်ဗျူဟာသည် ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်ဟု ပညာရှင်များက ပြောသည်။














