ဟောင်ကောင်တွင် COVID-19 ကူးစက်ခံရသည့် ကလေးများကို သီးခြားခွဲထားရှိမှုအပေါ် မိဘများက မကျေမနပ်ဖြစ်နေ

ဟောင်ကောင်တွင် COVID-19 ကူးစက်ခံရသည့် ကလေးများကို သီးခြားခွဲထားရှိမှုအပေါ် မိဘများက မကျေမနပ်ဖြစ်နေ
Photo: AFP
Photo: AFP
Published 27 February 2022
Ref: AFP

ဟောင်ကောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့် ကလေးများ၊ မွေးကင်းစကလေးငယ်များနှင့် သီးခြားခွဲနေထိုင်ရသည့် မိဘများမှာ လက်ရှိ ဟောင်ကောင်တစ်ဝန်းဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြီးအတွက် ကြိုတင်ပြင်ဆင်မှု အားနည်းခြင်းအပေါ် စိတ်တိုဒေါသ ဖြစ်နေကြသည်။

လူဦးရေ ထူထပ်သိပ်သည်းသည့် ဟောင်ကောင်သည် ၎င်း၏အဆိုးဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုလှိုင်းအတွင်း ရောက်ရှိနေပြီး နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်ခံရသူ ထောင်ချီရှိနေသောကြောင့် ဆေးရုံများနှင့် သီးခြားလူနာဆောင်များတွင် ကုတင်နေရာအပြည့်ဖြစ်နေသည်။

တင်းကျပ်သော တရုတ်ပြည်မကြီးစတိုင် ကိုရိုနာဗိုင်းရပ်စ်ကင်းစင်ရေး မူဝါဒသည် ဟောင်ကောင်အား လွန်ခဲ့သည့်နှစ်နှစ်အတွင်း နိုင်ငံတကာနှင့် အဆက်အသွယ်ဖြတ်ထားသောကြောင့် ဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု မရှိစေရန် တားဆီးကာကွယ်ပေးထားနိုင်ခဲ့သည်။

သို့သော် အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်သည် ယခုနှစ်အစောပိုင်းတွင် ဟောင်ကောင်သို့ ရောက်ရှိခဲ့ပြီးနောက်ကူးစက်မှုနှုန်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

ဟောင်ကောင်တွင် တရုတ်ပြည်မကြီး၏ ကိုဗစ်ကင်းစင်ရေးမူဝါဒကို လိုက်နာရန် အမိန့်ထုတ်ပြန်ခဲ့ပြီး နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်တက်နေသည့်တိုင် ကူးစက်ခံရသူများကို သီးခြားခွဲနေထိုင်ရန် ရည်ရွယ်ထားသည်။

အချို့မိဘများသည် ဆေးရုံများသို့ ဗိုင်းရပ်စ်ကူးစက်ခံရသည့် ၎င်းတို့၏ကလေးများနှင့်အတူ အဖော်ပြုလိုက်ပါနိုင်ခြင်းမရှိမှုအပေါ် ညည်းညူနေကြပြီး အခြားလူများကမူ ၎င်းတို့ကိုယ်တိုင် ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ကုသမှုခံယူချိန် သို့မဟုတ် ၎င်းတို့၏ကလေးများ နာမကျန်းဖြစ်ချိန်တွင် သီးခြားခွဲနေထိုင်ရမည့်အရေးကို စိုးရိမ်ပူပန်ကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့ကြသည်။

ယင်းအခြေအနေသည် ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများကိုလည်း တုန်လှုပ်ခြောက်ခြားစေခဲ့သည်။

“ကလေးတစ်ယောက်ဟာကို ဗစ်ကူးစက်မှုကြောင့် ဆေးရုံတက်ဖို့ လိုအပ်တယ်ဆိုရင် အဲ့ဒီကလေးရဲ့ အခြေအနေဟာ အရမ်းမပြင်းထန်နေဘူးဆိုရင် မိဘတစ်ဦးနဲ့အတူ တစ်ခန်းတည်းပေးနေထိုင်သင့်ပါတယ်” ဟု ဟောင်ကောင်တက္ကသိုလ်ရှ ိအဏုဇီဝပညာရှင် ဆစ်ဟာဒ့်ရစ်ဟားက Twitter တွင် ရေးသားခဲ့သည်။

“ဒီလိုအခြေအနေမျိုးမှာ ဆင်ခြင်တုံတရားရှိဖို့နဲ့ စာနာစိတ်ရှိဖို့က ပိုအရင်ကထက် ပိုအရေးကြီးလာပါတယ်” ဟု ၎င်းကဆိုသည်။

အသက် ၃၂ နှစ်အရွယ် ဗြိတိန်နိုင်ငံဖွား ဟောင်ကောင်တွင် အမြဲတမ်းနေထိုင်သူဖြစ်သည့် လော်ရာသည် ဖျားနာပြီး အသက်ရှုကြပ်မှုကြောင့် ဆေးရုံတက်ရောက်ခဲ့ရပြီးနောက် သမီးဖြစ်သူ အေဗာလည်း ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

လက်ရှိတွင် အေဗာသည် အထူးကြပ်မတ်ကုသဆောင်တွင် အခြေအနေတည်ငြိမ်နေပြီး မကြာမီ သီးခြားဆောင်တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်သော်လည်း အေဗာသည် ပြန်လည်သက်သာရန် ၎င်း၏မိဘများမရှိဘဲ ခုနစ်ရက်ထက်မနည်း နေထိုင်သွားရမည်ဖြစ်သည်။

“ကျွန်မဝရံတာရဲ့ ကြမ်းပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် အိပ်နိုင်ပါတယ်လို့ ပြောခဲ့ပါတယ်” ဟု လော်ရာက မျက်ရည်များကျလျက် ပြောကြားခဲ့သည်။

လော်ရာနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ နစ်တို့သည် အေဗာနှင့်ဗီဒီယိုဖုန်းဖြင့် ဆက်သွယ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ “အေဗာဟာ ၁၁ လအရွယ်ပဲ ရှိပါသေးတယ်။ သူဟာ ပတ်ဝန်းကျင်ကို သတိထားမိပြီး ဒီအရွယ်မှာမိဘနဲ့ ခွဲခွာရလို့ ဖြစ်ပေါ်လာတဲ့ခံစားချက်ကို ရင်ဆိုင်နေရပါတယ်။ အေဗာဟာ မဖြေသိမ့်နိုင်ဘဲ မေမေ၊မေမေလို့ ငိုရင်းတမ်းတနေရှာပါတယ်” ဟု လော်ရာက ပြောကြားခဲ့သည်။ ယခုသီတင်းပတ်အတွင်း အွန်လိုင်းပေါ်ရှိ မိဘများအဖွဲ့များတွင် ဒေါသဖြစ်ခြင်း၊ စိုးရိမ်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းများဖြင့် ပြည့်နှက်လျက် ရှိသည်။

ဟောင်ကောင်အာဏာပိုင်များသည် ကိုဗစ်ကင်းစင်ရေးအတွက် နှစ်နှစ်ကြာ ကြိုးပမ်းလုပ်ဆောင်ခဲ့သော်လည်း ကူးစက်မှုနှုန်းမြင့်တက်လာသည့် အခြေအနေအပေါ်ပြင်ဆင်မှု မရှိခြင်းကြောင့် ပြည်သူများက စိတ်တိုဒေါသဖြစ်မှုများနှင့်ရင်ဆိုင်နေရသည်။

မကြာခဏပြောင်းလဲနေသည့် တင်းကျပ်သောတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်သည့်စည်းမျဉ်းများသည် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေပြီး အထူးသဖြင့် ၎င်းတို့သားသမီးများ စာသင်ကျောင်းနှင့်နှစ်နှစ်ကြာ ကင်းကွာနေမှုအပေါ် မိဘများက စိတ်တိုနေကြသည်။

ဟောင်ကောင်၏တင်းကျပ်သော သီးခြားနေထိုင်ရမည့်စည်းမျဉ်းများသည် အမှန်တကယ်၌ ဗိုင်းရပ်စ်ပျံ့နှံ့မှု လှုံ့ဆော်ပေးနိုင်ဖွယ်ရှိနေမှုအပေါ် အချို့ကျန်းမာရေးကျွမ်းကျင်သူများက စိုးရိမ်နေကြသည်။

“ကျွန်တော်တကယ်စိုးရိမ်တာကတော့ သီးခြားခွဲနေထိုင်ရမှာကို ကြောက်တာကြောင့်မိဘတွေက ကုသမှုနှောင့်နှေးနေကြမှာကိုပါ” ဒေါက်တာဒေးဗစ်အိုဝင်က ပြောကြားခဲ့သည်။

Most Read

Most Recent