ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသား အလုပ်သမားများအား ဧည့်စာရင်း ဥပဒေသစ်ပြဋ္ဌာန်းပြီး စစ်ဆေးနေခြင်းကြောင့် အိမ်ငှားနေထိုင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားအများစု အခက်အခဲဖြစ်လျက် ရှိကြောင်း သိရသည်။
ယင်းဧည့်စာရင်း ဥပဒေသစ် ကြောင့် အိမ်ရှင်၊ မြေရှင်၊ တိုက်ခန်း ပိုင်ရှင်၊ တန်းလျားပိုင်ရှင်များကနေရပ် လိပ်စာအတိအကျဖြင့် ရွှေ့ပြောင်း အလုပ်သမားတစ်ဦး မည်မျှ နှစ်ကြာကြာ နေထိုင်သည်ဖြစ်စေ မပြောင်းမရွှေ့မချင်း တစ်ကြိမ်တည်းသာ တိုင်ကြားရန် လိုအပ်သည်ဟု ဥပဒေသစ်တွင် ပါရှိသည်။
အပြောင်းအရွှေ့ ဖြစ်ပေါ်လာ ပါက အိမ်ရှင်အသစ်၊ မြေရှင်အသစ်၊ တိုက်တန်းပိုင်ရှင်အသစ်၊ တန်းလျား အသစ်ပိုင်ရှင်၏ လိပ်စာဖြင့် ထပ်မံ တိုင်ကြားရမည်ဟုလည်း ဥပဒေသစ် တွင် ပါရှိသည်။ ရွှေ့ပြောင်းအလုပ် သမားများသည် မိမိတို့လုပ်ငန်းမှ ဝင်ငွေအနည်းအများကို ထောက်ရှု ပြီး နေအိမ်ခန်းအပြောင်းအရွှေ့ ရှိနေကြသဖြင့် ဤဥပဒေသစ်သည် ရွှေ့ပြောင်းအလုပ်သမားများကို သာမက မိမိတို့တိုက်ခန်း၊ အိမ်ခန်း၊ မြေနေရာ၊ စက်ရုံအလုပ်ရုံအတွင်း တိုက်တန်းစသဖြင့် ငှားရမ်းအသက် မွေးဝမ်းကျောင်းပြုကြသည့် ထိုင်း နိုင်ငံသားများအတွက်ပါ အခက် အခဲတွေ့စေသည်ဟု အလုပ်သမား တစ်ဦးက ပြောကြားသည်။
“ဧည့်စာရင်းစာရွက်ဆိုတာ ရက် ၉၀ တံဆိပ်မဟုတ်ဘူးနော်။ ကိုယ်ဘယ်ရပ်ကွက်မှာ နေတာလဲ အသိပေးတဲ့ စာရွက်ပေါ့ဗျာ။ တချို့သူဌေးတွေ နားမလည်သေးဘူး။ အခုဖမ်းပြီး ဒဏ်ရိုက်နေတာ ဒီဧည့်စာရင်းစာရွက်မရှိလို့ တော်တော်များများပါတယ်။ ဒီဧည့်စာရင်းက သူဌေးရဲ့ စာရွက်စာတမ်းနဲ့သွားပြီး လဝက (သို့မဟုတ်) ရပ်ကွက် ရဲစခန်းမှာ သွားတိုင်ရမှာဖြစ်ပါတယ်။ အရမ်းရှုပ်ထွေးတဲ့ အလုပ်သမား ဥပဒေတွေကြားထဲမှာ ကျွန်တော်တို့က ငရဲသားပမာ ဖြစ်နေရတယ်” ဟု မဲဆောက်မြို့ မယ်ပတိုက်နယ် TRS ခြေအိတ်စက်ရုံလုပ်သား ကိုမော်က ပြောကြားသည်။
ထိုင်းနိုင်ငံတွင် နိုင်ငံခြားသား များနှင့် ရွှေ့ပြောင်းအလုပ်သမားများ ကြားတွင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးမှုနှင့် အခြားသော ရာဇဝတ်မှုများကို လျှော့ချပစ်ရန်အတွက် အမျိုးသား အကျိုးစီးပွား ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ မူဝါဒအရ နိုင်ငံခြားသားတို့နှင့် ရွှေ့ပြောင်းအလုပ်သမားတို့ကို ထိုင်းလူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ BE 2522 (AD-1979) အရ ယခုကဲ့သို့ တင်းကျပ်စွာ ကိုင်တွယ်လာခြင်း ဖြစ်ကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
“ထိုင်းတပ်မတော် အစိုးရ လက်ထက်မှာ အရင်အရပ်သား အစိုးရလက်ထက်က မလုပ်ခဲ့တဲ့ နိုင်ငံခြားသားတွေကို တင်းကျပ်စွာ ကိုင်တွယ်စောင့်ကြည့် အရေးယူတဲ့ မူဝါဒကို ခပ်စိပ်စိပ် လုပ်လာတာ တွေ့ရတယ်။ အမျိုးသားလုံခြုံရေး ခေါင်းစဉ်ကြီးအောက်မှာ နိုင်ငံခြားသားတွေကိုသာမက မိခင် ထိုင်းနိုင်ငံသား တွေကိုပါ လိုအပ်ရင် လိုအပ်သလို စစ်ဆေးအရေးယူမယ့် ပုံစံနဲ့ ဟန်ပြင်းပြင်းနဲ ့မာန်တင်းထားတဲ့ ဥပဓိကို ပြထားတယ်။ တကယ့်အစစ်အမှန်က USA နဲ့ EU ဥရောပနိုင်ငံတွေရဲ့ ထိုင်းကုန်သွယ်စီးပွား လုပ်ငန်းတွေကို ပိတ်ဆို့ဒဏ်ခတ်ထားတာကို ဘုန်းကြီးမနိုင်တော့ ကျောင်း သားတွေ၊ ကိုရင်တွေကိုမဲတဲ့ သဘောလည်း ပါပါတယ်။ အရေးကြီးတာက ထိုင်းတပ်မတော်အစိုးရ လေးနှစ်ကျော်လာပြီမို့ အရပ်သားအစိုးရ လုပ်ရမယ့် ဥပဒေတွေ၊ မူဝါဒတွေကို ခပ်ကြမ်းကြမ်းပြဋ္ဌာန်းပြီး လုပ်နေတာဟာ နိုင်ငံခြားသားတွေသာမက ထိုင်းနိုင်ငံသားတွေကိုပါ တစ်စ တစ်စ ထိခိုက်လာနေပါပြီ” ဟု ဦးမိုးကြိုး (ဥက္ကဋ္ဌ၊ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ- JACBA) က ဆိုသည်။















