ဂျပန်၌ ပြီးခဲ့သည့်သီတင်းပတ်တွင် ကျင်းပခဲ့သော ကမ္ဘာ့စက် ရုပ်ထိပ်သီးပြပွဲ၌ စက်ရုပ်အလုပ်သမားများက ၎င်းတို့၏ ကျွမ်းကျင်မှုအမျိုးမျိုးကို ထုတ်ဖော်ပြသခဲ့ကြပြီး သက်ကြီးရွယ်အို များပြားလာနေသော လူ့အဖွဲ့အစည်းအတွက် အလုပ်သမား ပြတ်လပ်မှုကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းခဲ့သည်။
တိုကျိုကမ္ဘာ့စက်ရုပ်ထိပ်သီး၌ စာပို့နိုင်သောစက်ရုပ်၊ အိမ်ဆောက်နိုင်သောစက်ရုပ်၊ စျေးရောင်း အကူပြုလုပ်နိုင်သော စက်ရုပ်တို့ကို မိတ်ဆက်ပြသခဲ့ကြသည်။ လန်ဒန်ဘတ်စ်ကား အရုပ်နှင့်တူသော ပစ္စည်းပို့စက်ရုပ် CarriRo သည် တစ်နာရီလေးမိုင်နှုန်းဖြင့် ပစ္စည်းများ ပေးပို့နိုင်ကြောင်း သရုပ်ပြခဲ့သည်။
လူသွားစင်္ကြံတစ်လျှောက် လှိမ့်၍သွားရန် ရည်ရွယ်ထားသော CarriRo စက်ရုပ်သည် နှစ်ကီလိုမီတာ ပတ်လည်အတွင်းရှိ လိပ်စာသို့ ဂြိုဟ်တုလမ်းညွှန် အကူအညီဖြင့် သွားနိုင်ကြောင်း စက်ရုပ်ကို စျေးကွက်တင်နေသည့် ဆူမီတိုမိုကော်ပိုရေးရှင်းမှ ချီအိုအီချီကာဝါက ရှင်းပြခဲ့သည်။
စမတ်ဖုန်းမှတစ်ဆင့် စက်ရုပ်ထံသို့ လျှို့ဝှက်အမှတ်အသား ပေးပို့ထားသူသည် CarriRo စက်ရုပ် ရောက်လာသည့်အခါ ဇစ်ဖွင့်၍ ပစ္စည်းကို ထုတ်ယူနိုင်သည်။ လူဦးရေ၏ ၂၈ ရာခိုင်နှုန်းနီးပါးသည် အသက် ၆၅ နှစ်အထက်ဖြစ်သော သက်ကြီးလူ့အဖွဲ့အစည်း ဂျပန်တွင် ယင်းကဲ့သို့သော ဝန်ဆောင်မှုများ အထူးလိုအပ်နေသည်။
တိုယိုတာက ထုတ်လုပ်သော HSR (Human Support Robot) သည် တစ်မီတာခန့် အမြင့်ရှိပြီး နေ အိမ်များတွင် သက်ကြီးရွယ်အိုများ အတွက် အရေးကြီးသော အကူအညီများကို ပေးနိုင်ရန် ရည်ရွယ်ထားသော စက်ရုပ်တစ်ရုပ်ဖြစ်သည်။ အရာဝတ္ထု အမျိုးမျိုးကို ကိုင်တွယ်နိုင်စွမ်းရှိသော HSR စက်ရုပ်သည် အင်တာနက်နှင့် ချိတ်ဆက်ထားသော ဖန်သားပြင်မှတစ်ဆင့် ပြင်ပကမ္ဘာနှင့် အပြန်အလှန် ဆက်သွယ်နိုင်မည်။
အလုပ်လုပ်နိုင်သော အသက်အရွယ်ရှိ လူစွမ်းအား ပြတ်လပ်နေသော ဂျပန်သည် လက်လီအရောင်း လုပ်ငန်းနှင့် ဆောက်လုပ်ရေးကဏ္ဍများတွင် အလုပ်သမား လိုအပ်ချက်ကို သိသိသာသာ ခံစားနေရသည်။ ပြည်တွင်း၊ ပြည်ပကုမ္ပဏီ ၉၀ ကျော် ဝင်ရောက်ပြသခဲ့သည့် တိုကျိုစက်ရုပ်ထိပ်သီးတွင် ကုမ္ပဏီများက ဂျပန်၏ လူ့စွမ်းအား လိုအပ်ချက် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းမှုများအား ပြသခဲ့ကြသည်။
Omron ကုမ္ပဏီသည် စူပါမတ်ကတ်အတွင်း လျှောက်သွားနိုင်ပြီး ခြင်းတောင်းအတွင်းသို့ ပစ္စည်းများကို ထည့်ပေးနိုင်သော စက်ရုပ် တစ်ရုပ်ကို ပြသခဲ့သည်။ စျေးဝယ်သူများအတွက် အသုံးဝင်နိုင်ဖွယ်ရှိသော ယင်းစက်ရုပ်သည် ဂိုဒေါင်လုပ်ငန်းများတွင် ပို၍အသုံးဝင်နိုင်ဖွယ်ရှိသည်။
အချိန်ပြည့်ဖွင့်လှစ်ထားသော သက်သာစတိုး ၅၅၀၀၀ ခန့် ရှိသည့် ဂျပန်တွင် စင်များတွင် ပစ္စည်းများ ထားရန်အတွက် ဝန်ထမ်းရှာဖွေရန် ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး စက်ရုပ်များက ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖွယ်ရှိသည်။
ထို့ပြင် ၂၀၂၀ အိုလံပစ်ပွဲတွင် ကမ္ဘာကိုကြိုဆိုရန် ပြင်ဆင်နေသော တိုကျိုအတွက် အဆောက်အအုံများ ဆောက်လုပ်နေရချိန်တွင် အလုပ်သမား လိုအပ်ချက်က ရှိနေသည်။ HRP – 5P ဟု အမည်ပေးထားသော လူတူစက်ရုပ်သည် ၁၈၂ စင်တီမီတာအမြင့်ရှိပြီး အလေးချိန် ၁၀၁ ကီလိုဂရမ်ရှိသည်။ ထိုစက်ရုပ်သည် လူသားများ လောလောဆယ် ဆောင်ရွက်နေသော ဆောက်လုပ်ရေးလုပ်ငန်း တာဝန်များကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်ထားသည်။
ခြေနှစ်ချောင်းနှင့် လက်နှစ်ချောင်းပါဝင်ပြီး လူတုစက်ရုပ်အဖြစ် တည်ဆောက်ထားသော HRP-5P သည် လူသားတစ်ဦး ကိုင်တွယ်အသုံးပြုနိုင်သော ကိရိယာများကို ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်း အမျိုးသား အဆင့်မြင့် သိပ္ပံနည်းပညာ သုတေသနဌာနက ရှင်းပြခဲ့သည်။
Ref : AFP














