မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီးနောက် ကိုဗစ်ကပ်ရောဂါကြောင့် အထိနာခဲ့တဲ့ စီးပွားရေးနဲ့ တခြားကဏ္ဍဟာ ဒီထက်ပိုပြီး ဆုတ်ယုတ်ကျဆင်းလာတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့တာဟာ အခုဆိုရင် တစ်နှစ် ပြည့်တော့မှာဖြစ်ပေမဲ့ ကဏ္ဍစုံမှာ နာလန်ထူနိုင်ခြင်း မရှိသေးပါဘူး။
ပြည်တွင်းမှာ စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးလာမှု၊ နိုင်ငံခြားရင်းနှီးမြှုပ်မှုတွေ တဖြည်းဖြည်းထွက်ခွာသွားမှု၊ ဝင်ငွေထွက်ငွေ မမျှတမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာမှု စတဲ့အခြေအနေဟာ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းမှာ တစ်နေ့တခြား ပိုမိုဆိုးရွားတဲ့အခြေအနေကို ဦးတည်လို့လာပါတယ်။
နိုင်ငံရေးအပြောင်းအလဲ နောက်ဆက်တွဲအဖြစ် စားနပ်ရိက္ခာ မဖူလုံမှုဟာ မြန်မာပြည်မှာ မြင့်တက်နေပြီး ဘဏ္ဍာရေး အကျပ်အတည်း နက်ရှိုင်းလာတာနဲ့အမျှ လာမယ့်လတွေမှာ လူသန်းနဲ့ချီပြီး ငတ်မွတ်မှုဒဏ် ကြုံရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ပြောဆိုပါတယ်။
ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ အလုပ်အကိုင်ဆုံးရှုံးခြင်းနဲ့ စားသောက်ကုန်စျေးနှုန်းတွေ တက်လာမှုက မြို့ပြဒေသတွေကို အဆိုးရွားဆုံး ရိုက်ခတ်နေပြီး လာမယ့်သုံးလနဲ့ ခြောက်လအတွင်း လူ ၃ ဒသမ ၄ သန်းကျော်ဟာ စားနပ်ရိက္ခာ အခက်အခဲကြုံနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ရဲ့ သုံးသပ်ချက်တွေက ဆိုထားပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဂျီဒီပီဟာ ၁၈ ဒသမ ၄ ရာခိုင်နှုန်းတောင် ကျဆင်းမယ်လို့ ဆိုပါတယ်။ ကိုဗစ်ကြောင့် ဒေသတွင်းနိုင်ငံတွေမှာ စီးပွားရေးရပ်တန့်နေပေမဲ့ မြန်မာနိုင်ငံလောက်တော့ ဂျီဒီပီကျဆင်းမျိုးမရှိပါဘူး။ အလားတူ ၂၀၂၁ခုနှစ်မှာပဲ မြန်မာနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၆ ဒသမ ၂ ရာခိုင်နှုန်းလောက် ရှိမယ် ခန့်မှန်းထားပါတယ်။
ကုန်သွယ်ရေးကဏ္ဍ
ကုန်သွယ်ရေးအပိုင်းကို ကြည့်မယ်ဆိုရင်လည်း ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလအတွင်း မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုနဲ့ သွင်းကုန်တင်သွင်းမှုကဏ္ဍနှစ်ခု စလုံးမှာ လျော့ကျခဲ့တာကို တွေ့ရပါတယ်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) သုံးလအတွင်း မြန်မာနိုင်ငံရဲ့ ပို့ကုန်တင်ပို့မှုဟာ ဒေါ်လာ ၃ ဒသမ ၇၀၅ ဘီလျံကျော်သာ ရှိတဲ့အတွက် ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ဒေါ်လာ ၃၁၈ သန်းကျော် လျော့ကျခဲ့ပါတယ်။ သွင်းကုန်တင်သွင်းမှုမှာလည်း ဒေါ်လာ ၃ ဒသမ ၅၃၃ ဘီလျံသာရှိတဲ့အတွက် ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက ဒေါ်လာ ၃၇၄ သန်းကျော် လျော့ကျခဲ့တာကို တွေ့ရပါတယ်။
ဒါကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာလကုန်အထိ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု ပဏာမမှာ ဒေါ်လာ ၇ ဒသမ ၂၃၉ ဘီလျံသာရှိခဲ့ပြီး ယခင်နှစ်ကာလတူ ပြည်ပကုန်သွယ်မှု ပမာဏက ဒေါ်လာ ၇ ဒသမ ၉၃၂ ဘီလျံနဲ့ နှိုင်းယှဉ်ပါက ဒေါ်လာ ၆၉၃ ဒသမ ၄၈၁ သန်း လျော့ကျခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မျှော်ကိုးလို့ရနိုင်ပေမဲ့ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက သိသိသာသာ ကျဆင်းသွားပြီး ၂၀၂၁ ခုနှစ် ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်မှာဆိုရင် ဒေါ်လာ ၃၃ သန်းကျော်သာ ရင်းနှီးမြှုပ်နှံခဲ့တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ဒါဟာ ၂၀၁၅ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု အနိမ့်ဆုံး ပမာဏကို ရောက်နေတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်စခန်း ၁၄ ခု ရှိတဲ့အထဲက ၁၁ ခုမှာ ကုန်သွယ်မှု ဆက်လက်ကျဆင်းနေပြီး အကြီးဆုံးနယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်စခန်းမှာဆိုရင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော် ကျဆင်းခဲ့တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်လအထိ) ယခင်ကာလတူနဲ့ နှိုင်းယှဉ်ပါက ဒေါ်လာ ၁ ဒသမ ၂ ဘီလျံ ကျဆင်းခဲ့တယ်လို့ စစ်တမ်းတွေရဲ့ လေ့လာမှုအရ သိရပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာ့စီးပွားရေး ပိုပြီးအထိနာစေတာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအချို့ ပြည်တွင်းကနေ ပြန်လည်ထွက်ခွာသွားတာပါ။
ဆွီဒင်၊ စပိန်နဲ့ ဗြိတိန်နိုင်ငံက ကမ္ဘာကျော် အဝတ်အထည်ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ၂၀ ကျော်ဟာ မြန်မာနိုင်ငံမှာ အထည်ချုပ်လုပ်ငန်း အပ်နှံလုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာသွားတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း ၂၁ ခုအထိ ရှိလာပြီလို့ စစ်တမ်းတွေက ထောက်ပြပါတယ်။
ILO ရဲ့ အစီရင်ခံစာ
၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်အတွင်းမှာ မြန်မာနိုင်ငံလူဦးရေ ၁ ဒသမ ၂ သန်းဟာ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က အစီရင်ခံစာထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံအတွင်းက လုပ်သားစျေးကွက်အခြေအနေဟာ သိသိသာသာ ဆိုးရွားလာနေတာဖြစ်ပြီး စီးပွားရေး လုပ်ငန်းကဏ္ဍအားလုံး ရိုက်ခတ်ခံနေရပေမဲ့ အဲဒီအထဲက ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားလုပ်ငန်းနဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေဟာ အထိအနာဆုံး လုပ်ငန်းတွေထဲမှာ ပါဝင်ပါတယ်။
၂၀၂၁ ခုနှစ် ပထမနှစ်ဝက်မှာ အဲဒီလုပ်ငန်းတွေရဲ့ အလုပ်အကိုင်ဟာ ခန့်မှန်းခြေ ၃၅ ရာခိုင်နှုန်း၊ ၃၁ ရာခိုင်နှုန်းနဲ့ ၂၅ ရာခိုင်နှုန်း အသီးသီးလျော့ကျခဲ့ပြီး သက်ဆိုင်ရာ အလုပ်လုပ်ချိန်တွေ ပိုမိုဆုံးရှုံးသွားတာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ ILO ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတဲ့အတွက် ရန်ကုန်မြို့တစ်ခုထဲမှာတင် လုပ်သားသုံးသိန်းလောက် အလုပ်လက်မဲ့ဖြစ်ခဲ့သလို အထည်ချုပ်စက်ရုံတွေ ပိတ်တဲ့အတွက် အထည်ချုပ်လုပ်သား ရှစ်သိန်းကျော်မှာ လေးပုံတစ်ပုံဟာ အလုပ်လက်မဲ့ ဖြစ်မယ်လို့ ဖော်ပြထားပါတယ်။
UNDP ရဲ့ အစီရင်ခံစာ
နိုင်ငံရေးအပြောင်းအလဲနဲ့ ကိုဗစ်ရဲ့ထိခိုက်မှုတွေကြောင့် မြန်မာလူဦးရေ၏ ထက်ဝက်ဟာ ၂၀၂၂ ခုနှစ်မှာ ဆင်းရဲသွားနိုင်တယ်လို့ ၂၀၂၁ ခုနှစ် မေလမှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပါတယ်။
တစ်နှစ်တာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနဲ့ ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခြင်းဟာ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားသွားစေတယ်လို့ UNDP က ဆိုပါတယ်။
အောက်ခြေမှာ အခြေအနေဟာ ဒီအတိုင်း ဆက်လက်ရှိနေရင် ဆင်းရဲနွမ်းပါးမှုနှုန်းက ၂၀၂၂ ခုနှစ် အစမှာ နှစ်ဆတိုးသွားမယ်လို့ UNDP ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုးရွားဆုံးအခြေအနေမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၈ ဒသမ ၂ သန်းဟာ ဆင်းရဲနွမ်းပါးမှုမှာ နေထိုင်ရမယ်လို့ UNDP က ဆိုပါတယ်။
နိုင်ငံရေးအပြောင်းအလဲနဲ့ ကိုဗစ် အကျပ်အတည်းနှစ်ခုကြောင့် လုပ်အားခနဲ့ ဝင်ငွေသိသိသာသာ ဆုံးရှုံးမှုဖြစ်စေပြီး အထူးသဖြင့် စီးပွားရေးလုပ်ငန်းငယ်တွေကို ထိခိုက်စေတဲ့အပြင် ပိုမိုကျယ်ပြန့်တဲ့ ပြည်သူလူထုအတွက် အစားအသောက်၊ အခြေခံဝန်ဆောင်မှုတွေနဲ့ လူမှုရေးအကာအကွယ်တွေကို ထိခိုက်စေမယ်လို့လည်း UNDP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၀ နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ရာခိုင်နှုန်း ၈၀ ကျော် မိသားစုတွေအနေနဲ့ ကိုဗစ်ကြောင့် သူတို့ရဲ့ ဝင်ငွေဟာ ပျမ်းမျှအားဖြင့် ထက်ဝက်ကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်မှာနေထိုင်ရတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၁၁ ရာခိုင်နှုန်းတိုးလာတယ်လို့ UNDP က ဆိုပါတယ်။
ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲကြောင့် အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး ဆင်းရဲနွမ်းပါးမှု နောက်ထပ် ၁၂ ရာခိုင်နှုန်းတိုးလာဖို့ ခန့်မှန်းထားတယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စီးပွားရေးအစီရင်ခံစာများ အားလုံးက နိုင်ငံ့စီးပွားရေး ပြိုကွဲတော့မယ်လို့ ဖော်ပြနေကြောင်းကိုလည်း UNDP က သတိပေးထားပါတယ်။
အကျိုးဆက်
ပြည်တွင်းမှာ ဆင်းရဲနွမ်းပါးမှု မြင့်တက်လာခြင်း၊ အလုပ်လက်မဲ့နှုန်း များလာခြင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေခြင်း၊ စီးပွားရေးအရ ဘဝရပ်တည်ဖို့ ခက်ခဲလာခြင်း စတဲ့အကျိုးဆက်အဖြစ် အိမ်နီးချင်းနိုင်ငံတွေဆီ လုပ်သားစီးဆင်းမှုတွေက များပြားလာပါတယ်။
အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့အတွက် ရှိစုမဲ့စုလေးတွေကို ထုခွဲရောင်းချပြီး ပွဲစားတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရပါတယ်။
ဒီနေရာမှာ တချို့က ကောင်းတဲ့ပွဲစားနဲ့တွေ့ပြီး အိမ်နီးချင်းနိုင်ငံတွေကို တရားဝင်အလုပ်သွားလုပ်လို့ရပေမဲ့ တချို့ကတော့ လူလိမ်ပွဲစားတွေနဲ့တွေ့ပြီး တရားမဝင်လမ်းကြောင်း ပို့ဆောင်ခံရတဲ့အတွက် အရင်းလည်း ဆုံး၊ အဖမ်းလည်းခံရတာမို့ တစ်ပူပေါ် နှစ်ပူဆင့် ဖြစ်ရတာတွေလည်း ရှိပါတယ်။
သတင်းတစ်ပုဒ်
ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတစ်ပုဒ် ဖတ်လိုက်ရတယ်။ လူပွဲစားတွေက ထိုင်းနိုင်ငံကို တရားမဝင်ပို့ဆောင်မယ့် မြန်မာလုပ်သား ၂၀၀ ကျော်ကို ရန်ကုန်မှာ အချိန်မီတားဆီးနိုင်ခဲ့တယ်ဆိုတဲ့ သတင်းပါ။
ဇန်နဝါရီ ၁၆ ရက်နဲ့ ၁၈ ရက်မှာ ထိုင်းနိုင်ငံကို တရားမဝင်ပို့ဆောင်ခံရမယ့် မြန်မာလုပ်သား ၂၀၀ ကျော်ကို မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တားဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၆ ရက်က ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ် ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ လူပွဲစားတွေ စုဆောင်းထားတဲ့ အမျိုးသား၊ အမျိုးသမီး ၁၆၀ ကျော်နဲ့ ဇန်နဝါရီ ၁၈ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်း အဆောင်တစ်ခုမှာ လူပွဲစားတွေ စုဆောင်းထားတဲ့ အမျိုးသား၊ အမျိုးသမီး ၅၁ ဦးကို တားဆီးနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
အလုပ်သမားတွေကို ထိုင်းနိုင်ငံဆီ တရားဝင်လမ်းကြောင်းကနေ ပို့ပေးမှာဖြစ်ပြီး အီလက်ထရွန်နစ်စက်ရုံမှာ တစ်နေ့လုပ်အားခ ဘတ် ၃၀၀ ကျော် ရမယ်လို့ လူပွဲစားတွေက ပြောဆိုစည်းရုံးခဲ့တာလည်း ဖြစ်ပါတယ်။ Passport စာအုပ်ဖိုး တစ်သိန်း ခုနစ်သောင်းအပြင် ထိုင်းနိုင်ငံကို ပို့ဆောင်ဖို့ကုန်ကျစရိတ်အဖြစ် အလုပ်မားတစ်ဦးအတွက် ကျပ် ၁၈ သိန်း သတ်မှတ်ပြီး ကောက်ခံခဲ့ပါတယ်။
“ကျွန်တော်တို့က ဖြူးမြို့ကပါ။ ပွဲစားက တရားဝင်လမ်းကြောင်းက ပို့ပေးမယ်ပြောလို့ လိုက်လာတာပါ။ Passport စာအုပ်ဖိုး တစ်သိန်းခုနစ်သောင်း အရင်ပေးခဲ့ရတယ်။ မနေ့ကမှ ၁၈ သိန်းသွင်းခဲ့တာပါ။ ထိုင်းနိုင်ငံက အီလက်ထရွန်နစ်စက်ရုံမှာ အလုပ်ရမယ်။ တစ်နေ့ ဘတ် ၃၃၀ ရမယ်။ ရန်ကုန်မှာ စာချုပ်ချုပ်မယ်။ ခုလောလောဆယ် OWIC ကတ်လုပ်ဖို့ ဒီအဆောင်မှာ စောင့်ပါဆိုလို့ စောင့်နေတာပါ။ ရန်ကုန်ရောက်တာ ၁၀ ရက်ကျော်ကြာပါပြီ။ ၁၈ သိန်းလည်း သွင်းပြီးပါပြီ” လို့ အလိမ်ခံရတဲ့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။
အလုပ်သမားတွေဟာ သဲတော၊ ဝမ်းတွင်း၊ ဧရာဝတီတိုင်း ငပုတော၊ တောင်ငူ၊ ဖြူး၊ နေပြည်တော်၊ လယ်ဝေး စတဲ့ နေရာတွေကဖြစ်ပြီး သူတို့ကို ထားဝယ်၊ ထီးခီးလမ်းကနေ တရားမဝင်ပို့ဆောင်ဖို့ စီစဉ်နေချိန်မှာ တားဆီးနိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တာဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ ဒီလိုတားဆီးနိုင်ခဲ့ပေမဲ့ လူပွဲစားတွေကိုတော့ ဖမ်းဆီးရမိမှု မရှိသေးပါဘူး။
ဒီဖြစ်စဉ်ကို ကြည့်ရင် မြွေပါလည်းဆုံး၊ သားလည်းဆုံးဆိုတဲ့ စကားပုံလို အဲဒီအလုပ်သမားတွေအနေနဲ့ လူပွဲစားတွေကြောင့် ငွေရော မျှော်လင့်ချက်တွေပါ ဆုံးရှုံးခဲ့ရတာပါ။
ဒါပေမဲ့ အဲဒီလုပ်သား ၂၀၀ ကျော်ဟာ တစ်ဖက်ကကြည့်ရင် ကံကောင်းတယ်လို့ ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့သာ သူတို့ကို မတားဆီးနိုင်ခဲ့ရင် တရားမဝင်လမ်းကြောင်းက သွားတဲ့အတွက် ဘာတွေဆက်ဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး။ နောက်ပြီး ထိုင်းနိုင်ငံရောက်မှ လူပွဲစားတွေက သူတို့ကို ရောင်းစားခဲ့မယ်ဆိုရင် သူတို့ဘဝက ဒီထက် အဖြစ်ဆိုးစရာတွေနဲ့ ကြုံတွေ့ရဖို့ ရှိပါတယ်။
မြန်မာနိုင်ငံ လူကုန်ကူးမှုအခြေအနေ
မြန်မာနိုင်ငံရဲ့ လူကုန်ကူးခံရမှု ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင် အဓမ္မ အလုပ်ခိုင်းစေခြင်း၊ အဓမ္မ ထိမ်းမြားလက်ထပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခြင်း၊ အဓမ္မမွေးစားခြင်းနဲ့ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း စတဲ့ ပုံစံငါးမျိုးကို တွေ့ရှိရတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်က လူကုန်ကူးခံရမှုတွေကို ကြည့်မယ်ဆိုရင် ၂၀၁၅ မှာ လူကုန်ကူးမှု ၁၃၀၊ ၂၀၁၆ မှာ ၁၃၁ မှု၊ ၂၀၁၇ မှာ ၂၂၄ မှု၊ ၂၀၁၈ မှာ ၂၀၆ မှု၊ ၂၀၁၉ မှာ ၂၃၉ မှု၊ ၂၀၂၀ (ဇန်နဝါရီမှ ဧပြီအထိ) ၃၇ မှု ဖြစ်ပွားခဲ့ပါတယ်။
ဒါဟာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးရမိတဲ့ အမှုတွေပဲ ဖြစ်ပါတယ်။ မဖမ်းမိတဲ့ အမှုတွေလည်း ရှိနိုင်တဲ့အတွက် ဒီထက်ပိုများနိုင်ပါတယ်။
အဲဒီခြောက်နှစ်အတွင်း လူကုန်ကူးမှုအမျိုးအစားအနေနဲ့ အဓမ္မ လက်ထပ်ထိမ်းမြားမှုက ၆၈၀၊ ပြည့်တန်ဆာပြုမှုက ၁၁၉ မှု၊ အဓမ္မစေခိုင်းမှုက ၁၅၆ မှု၊ အဓမ္မကိုယ်ဝန်ဆောင်မှုက ခြောက်မှု၊ ကြွေးမြီဖြင့် နှောင်ဖွဲ့စေခိုင်းမှုက နှစ်မှု၊ အဓမ္မ ကလေးမွေးစားမှုက တစ်မှု၊ ကလေးသူငယ် လူကုန်ကူးမှုက တစ်မှုနဲ့ အဓမ္မမွေးစားမှု နှစ်မှု ရှိခဲ့ပါတယ်။
ဦးတည်နိုင်ငံတွေကတော့ တရုတ်၊ ထိုင်း၊ မလေးရှားနဲ့ ပြည်တွင်းမှာပဲ ဖြစ်ပါတယ်။
အဖြေရှာဖို့လိုပြီ
ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ထိုင်းနိုင်ငံကို တရားမဝင်သွားရောက်တဲ့အတွက် မြန်မာလုပ်သားတွေ ဖမ်းဆီးခံရတယ်ဆိုတဲ့ သတင်းတွေက နေ့စဉ်မဟုတ်တောင် ရက်ခြားဆိုသလို တွေ့နေရပါတယ်။
တစ်ခါဖမ်းမိရင်လည်း မြန်မာလုပ်သား ၁၀၀ ကျော်ကနေ ၃၀၀ နီးပါးအထိ ဖမ်းဆီးခံနေရတာပါ။
ရင်နာစရာကောင်းတာက ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲဝင်ရောက်ဖို့ လူပွဲစားတွေဆီ တစ်ဦးကို ဘတ် ၁၈၀၀၀ နဲ့ ၂၀၀၀၀ ကြား ပေးပြီးလာကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လူပွဲစားတွေကြောင့် သူတို့မှာ ပိုက်ဆံကုန်တဲ့အပြင် အဖမ်းခံရပါသေးတယ်။
ဒီလို အဖမ်းခံရတဲ့အခါ တချို့က ပြန်ပို့ခံရတာရှိပေမဲ့ တချို့ကတော့ လဝကအချုပ်ထောင်မှာ အနည်းဆုံး ခြောက်လအထိ ပြစ်ဒဏ်ကျခံရတဲ့သူတွေလည်း ရှိတယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။
ပြည်တွင်းမှာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ဝမ်းရေးအတွက် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ သွားရောက်ခဲ့ပေမဲ့ သူတို့ဟာ မိအေးအခါခါနာရတဲ့ အဖြစ်မျိုးနဲ့သာ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
လူပွဲစားတွေကြောင့် ရွှေ့ပြောင်းမြန်မာလုပ်သားတွေရဲ့ ဘဝဟာ နစ်သထက်နစ်နေရသလို ဒီအဆိုး သံသရာထဲကနေ မြန်မာလုပ်သားတွေကို ဘယ်လိုကယ်တင်မလဲဆိုတာ တာဝန်ရှိသူတွေအနေနဲ့ အရေးတကြီး အဖြေရှာဖို့ လိုနေပါပြီ။










