တရုတ်သို့ တင်ပို့သည့် ဖရဲစျေးထိုးကျနေပြီး တရုတ်ခေါက်တိုကားခပင်မရသည့်အခြေအနေများ ဖြစ်ပေါ်နေဟုဆို

တရုတ်သို့ တင်ပို့သည့် ဖရဲစျေးထိုးကျနေပြီး တရုတ်ခေါက်တိုကားခပင်မရသည့်အခြေအနေများ ဖြစ်ပေါ်နေဟုဆို
တရုတ်သို့ တင်ပို့မည့် ဖရဲသီးများကို တွေ့ရစဉ်
တရုတ်သို့ တင်ပို့မည့် ဖရဲသီးများကို တွေ့ရစဉ်
Published 10 January 2022
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင် သစ်သီးကွင်းမှ တရုတ်နိုင်ငံ ဝမ်တိန်မြို့သို့ ပို့ဆောင်ရောင်းချနေသော ဖရဲကုန်စည်စျေးတန်းများ ဇန်နဝါရီ ၉ ရက်က ထိုးကျနေပြီး တရုတ်ခေါက်တိုကားခပင် မရရှိသည့် အခြေအနေများဖြစ်ပေါ်နေကြောင်း ဖရဲ၊ သခွားစိုက်တောင်သူများနှင့် ကုန်သည်ပွဲစားများထံမှ သိရသည်။

ထိုသို့ စျေးတန်းကျဆင်းရခြင်းမှာ လာအိုနိုင်ငံဘက်မှ တရုတ်နိုင်ငံသို့ ဖရဲကားများ ဝင်ရောက်နေခြင်း၊ တရုတ်နိုင်ငံရာသီဥတု အခြေအနေများနှင့် တရုတ်နိုင်ငံအတွင်း ဒေသအချို့၌ COVID-19 ရောဂါပိုးတွေ့ရခြင်း၊ ၁၀၅ မိုင်သို့ ဖရဲကားများ အဝင်များပြားခြင်းတို့ကြောင့် လမ်းပိုင်းကြန့်ကြာခြင်း၊ စစ်‌ဆေးမှုကြန့်ကြာခြင်း၊ တရုတ်နိုင်ငံ ဝမ်တိန်သို့ ဝင်ရောက်ရခက်ခဲခြင်း၊ ခေါက်တိုကား ရှာရခက်ခဲခြင်းတို့ကြောင့် အသီးအရည်အသွေးကျဆင်းမှု ဖြစ်ပေါ်ကာ အသီးစျေးတန်းထိုးကျနေခြင်း ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ လာအိုဘက်ကလည်း ထွက်လာတော့ အပြိုင်အဆိုင်ဖြစ်သွားတာ။ နောက် အသီးလတ်ဆတ်မှု မလတ်ဆတ်မှုရယ်၊ နောက်ကြန့်ကြာမှုကြောင့် လတ်ဆတ်မှုက ပြောင်းလဲသွားတာ။ ရောင်းစျေးကလည်း အသီးလတ်ဆတ်မှုတွေပေါ် တိုက်ရိုက်ပြောလို့ မရသေးဘူး။ အဝင်စများလာတာလည်း ပါတယ်။ တခြားနိုင်ငံတွေက ပို့တဲ့ဟာတွေရယ် တရုတ်နိုင်ငံရဲ့ ရာသီဥတုအခြေအနေအပေါ်ရယ် တရုတ်နိုင်ငံရဲ့အချို့ဒေသတွေမှာ ကိုဗစ်ရောဂါပြန်တွေ့နေတာရယ်ကြောင့် ဗြုန်းဆိုကျတာပဲ။ စျေးနှုန်းကတော့ ကြာရှည်ပြီးတော့ တစ်သတ်မှတ်ထဲရှိမှာမဟုတ်ဘူးလေ” ဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၌ တရုတ်သို့ ပို့မည့်ဖရဲသီးများ ခေါက်တိုတရုတ်ကား ရှာရခက်ခဲခြင်းနှင့် လမ်းပိုင်းကြန့်ကြာခြင်း၊ တရုတ်နိုင်ငံ ဝမ်တိန်သို့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ကြန့်ကြာခြင်းတို့ကြောင့် အရည်အသွေး ကျဆင်းကာ ပယ်သီးများစွာ ဖြစ်ပေါ်နေပြီး စွန့်ပစ်‌နေရကြောင်း ဖရဲစိုက်တောင်သူများနှင့် ကုန်သည်ပွဲစားများထံမှ သိရသည်။

“Facebook ပေါ်မှာ ဖရဲသီးတစ်ကီလိုကို တရုတ်ယွမ် ခြော်ယွမ် ခုနစ်ယွမ် စျေးတွေနဲ့ ရင်ခုန်စရာတွေ ကြားနေရတယ်။ အရင်ရက်တွေက တကယ်ရတာပါ။ ဒါပေမဲ့ မြန်မာကား ကားတစ်စီးမှာ ဖရဲသီးဘယ်နှတန်ထွက်လဲဆိုတာတော့ မရေးကြဘူး။ ကံကောင်းတဲ့တစ်စီး နှစ်စီးစတော့ အပုပ်အနာနည်းနိုင်မှာပေါ့။ အရင်ရက်က မြန်မာ ၂၂ ဘီးကား ၅-၆ စီးမှာ တန်၂၀ တရုတ်ကားတစ်စီးရတယ်။ အဲဒီတစ်စီးတောင်မှ စျေးကွက်ဝင် တစ်ဝက်လောက်ပဲ ပြန်ရတယ်။ အခုတရုတ်က ဝင်လာတင်တဲ့ခါ လီကားထပ်ကျပ်ရင် ဒီလိုပဲဖြစ်နေမှာပဲ” ဟု မူဆယ်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

အထက်ပါအခက်အခဲများကြောင့် ဖရဲသီးအရည်အသွေးကျဆင်းကာ တရုတ်ခေါက်တိုကားခစျေးပင်မရရှိသည့် စီးပြတ်စျေးနှုန်းများသာ ရရှိနေကြောင်း သိရသည်။

မကြာမီရက်ပိုင်းက ဖရဲတစ်ကီလိုလျှင် တရုတ်ယွမ် ခုနစ်ယွမ်ပတ်လည် စီးပြတ်တစ်တန်လျှင် တရုတ်ယွမ် ၆၀၀၀ ရောက်ရှိနေရာမှ ဇန်နဝါရီ ၉ ရက်က အများစုမှာ စီးပြတ်တရုတ်ယွမ် ၅၀၀၀ ယွမ်အောက်သို့ ကျဆင်းလာနေကြောင်း သိရသည်။

“အသီးအရည်အသွေးကျဆင်းပြီး တရုတ်ခေါက်တိုကားခတောင်မရတဲ့စျေးတွေ စတွေ့ရပြီ။ အမြင့်စျေးတွေမှာ ကုန်ကျစရိတ်ကို မကြောက်မရွံ့ကျော်ဖြတ်နိုင်သော်လည်း အခုထက်စျေးကျလာရင်တော့ ကုန်ကျစရိတ် တံတိုင်းကြီးက အကျိုးအမြတ်ရဲ့ အဟန့်အတားကြီးဖြစ်လာတော့မှာပါ။ စျေးကောင်းလှပြီဆိုပြီး အရည်မမီအသွေးမမီဖရဲတွေ တင်ချင်သေးတဲ့တောင်သူတွေ သတိချပ်စေလိုပါတယ်။ သခွားကတော့ ပုံမှန်စျေးတန်းဆက်သွားနေဆဲပါ” ဟု ခွာညိုပွဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်ခေါက်တိုကားခစျေးနှုန်းမှာ တစ်ရက်နှင့်တစ်ရက် မတူညီဘဲ တရုတ် ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးလျှင် တရုတ်ယွမ်နှစ်သောင်းခွဲမှ သုံးသောင်းဝန်းကျင် (ကာလ ဒေသပေါက်စျေး ကျပ် ၇၅ သိန်းမှ ၉၄ သိန်းဝန်းကျင်) ပေးဆောင်ငှားရမ်းရခြင်းနှင့် နှစ်ဖက်ရှန်တိန်ယာဉ်မောင်း၊ နှစ်ဖက်ကွင်းကြေးနှင့် အခြားမလိုအပ်သော အပိုကုန်ကျငွေများ ထည့်ပေါင်းပါက ဖရဲသီးကုန်တင်ကားတစ်စီးလျှင် သိန်း ၁၀၀ ကျော် ကုန်ကျစရိတ် ရှိနေကြောင်း ကုန်သည်များက ဆိုသည်။

တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းချနေသော ရွှေသခွား‌မွှေးစျေးမှာ တစ်ကီလိုလျှင် တရုတ်ယွမ် ငါးယွမ်မှ ခုနစ်ယွမ်ကြားရရှိနေကြောင်း သိရသည်။ ဖရဲသီးနှင့် ရွှေသခွားမွှေးများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ တင်ပို့နေခြင်းဖြစ်သည်။

Most Read

Most Recent