COVID-19 ကာလ တရုတ်နိုင်ငံ၏ ပြည်နှင်ခြင်းကိုခံနေရသော ရွှေ့ပြောင်းမြန်မာလုပ်သားများ

COVID-19 ကာလ တရုတ်နိုင်ငံ၏ ပြည်နှင်ခြင်းကိုခံနေရသော ရွှေ့ပြောင်းမြန်မာလုပ်သားများ
တရုတ်နိုင်ငံမှ ရွေ့ပြောင်းမြန်မာအလုပ်သမားများ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေး နန်းတော်ဂိတ်သို့ ပြီးခဲ့သည့် ရက်ပိုင်းက ပြန်လည်ဝင်ရောက်လာစဉ် (ဓာတ်ပုံ-ပြည်စုံ (မူဆယ်))
တရုတ်နိုင်ငံမှ ရွေ့ပြောင်းမြန်မာအလုပ်သမားများ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေး နန်းတော်ဂိတ်သို့ ပြီးခဲ့သည့် ရက်ပိုင်းက ပြန်လည်ဝင်ရောက်လာစဉ် (ဓာတ်ပုံ-ပြည်စုံ (မူဆယ်))
Published 9 January 2022
 ပြည့်စုံ (မူဆယ်)

တရုတ်နိုင်ငံ အစိုးရက တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲ၌ ရှိ‌နေသော ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင် လူဦးရေ ၂၀၀၀ ကို ပြန်ပြီး လွှဲပြောင်းပေးမည်ဟုဆိုကာ တရုတ်နိုင်ငံ ရွှေလီ ပြည်ပရေးရာဌာနမှတစ်ဆင့် မြန်မာနိုင်ငံ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ထွေအုပ်၊ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနနှင့် သက်ဆိုင်ရာ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဌာနတို့၏ တာဝန်ရှိသူများထံ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း အကြောင်းကြားခဲ့‌သည်။

“တရုတ်မှ နေရပ်ပြန်ရန် ဆန္ဒရှိသူများကို ပြန်ပို့မှာဖြစ်တယ်လို့ ပေးပို့တဲ့စာထဲမှာ ရေးသားထားတယ်။ ပြန်ပို့မယ့်သူတွေနဲ့ပတ်သက်လို့ အချက်အလက်တွေကို အရင်ဦးဆုံး စစ်ဆေးခွင့်ပေးဖို့ မြန်မာဘက်က တရုတ်အာဏာပိုင်တွေကို အကြောင်းပြန်ထားတယ်။ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံသားတွေ ကိုယ့်နိုင်ငံကိုပြန်လာတာကို လက်မခံတာမရှိဘူး။ မြန်မာနိုင်ငံသား မှန်ကန်ရင် လူမျိုးဘာသာမခွဲခြားဘဲ အမြဲနွေးထွေးစွာလက်ခံပေးနေတယ်” ဟု မူဆယ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောကြားသည်။

တရုတ်နိုင်ငံဘက်က အစ္စလာမ်ဘာသာဝင်များကို အလုံးအရင်းဖြင့် လွှဲပြောင်းခြင်းမပြုမီ မြန်မာနိုင်ငံတာဝန်ရှိသူများက ၎င်းတို့၏ ကိုယ်‌ရေးအချက်အလက်များပေး ပို့ရန်အ‌ကြောင်းပြန်ခဲ့ရာ တရုတ်နိုင်ငံက က‌နဦးလွှဲပြောင်းပေးရန် ပေးပို့လာသူစာရင်း၌ ၇၆ ဦးရှိပြီး ၎င်းတို့အားစနစ်တကျ စိစစ်နိုင်ရန် သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့ကို ပေးပို့၍စိစစ်လျက်ရှိကြောင်း မူဆယ်မြို့ တာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံသားအများစုသည် COVID-19 ကပ်ရောဂါကာလအတွင်း အလုံးစုံအခက်အခဲ ဖြစ်ပေါ်မှုကြောင့် နေရပ်ပြန်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် နှစ်နိုင်ငံသက်ဆိုင်ရာတာဝန်ရှိသူများထံ အကူအညီတောင်းခံခဲ့ကြသည်။ တရုတ်နိုင်ငံမှ ပြည်တော်ပြန် မြန်မာနိုင်ငံသားများ လူသားဆန်ပြီး လူသားဂုဏ်သိက္ခာရှိရှိ ပြန်လည်ဝင်ရောက် လာစေရန်အတွက် မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများ၏ တာဝန်ရှိသူများက တရုတ်နိုင်ငံ အစိုးရတာ ဝန်ရှိသူများနှင့် ယခုနှစ်အတွင်း အကြိမ်ကြိမ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် မူဆယ်မြို့ နန်းတော်စစ်ဆေးရေး ဂိတ်၊ ချင်းရွှေဟော် နယ်စပ်စစ်ဆေးရေးဂိတ်တို့မှ လူမျိုးဘာသာ မခွဲခြားဘဲ မြန်မာနိုင်ငံသားမှန်သမျှ လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း မူဆယ်မြို့နယ် တာဝန်ရှိသူများထံမှ သိရသည်။

ထိုသို့ နေရပ်ပြန်လို‌သော မြန်မာနိုင်ငံသားများအား နှစ်နိုင်ငံသဘောတူညီမှုဖြင့် စနစ်တကျ စိစစ်၍ မြန်မာနိုင်ငံသားများကို လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ မူဆယ်မြို့ နှစ်နိုင်ငံပြည်ဝင် ပြည်ထွက်စစ်ဆေးရေး နန်းတော်ဂိတ်မှ မြန်မာနိုင်ငံသားများ ပြန်လည်ဝင်‌ရောက်လာမှုဦး‌ရေမှာ ၂၀၂၁ ခုနှစ် ဇွန်လိုင် ၂၆ ရက်မှ ၂၀၂၂  ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ အမျိုးသား ၁၀၂၀၅ ဦး၊ အမျိုးသမီး ၈၉၉၅ ဦး စုစုပေါင်း ၁၉၂၀၁ ဦးကို နွေးထွေးစွာလက်ခံလွှဲပြောင်းယူခဲ့သည်။

ထိုသို့ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် မြန်မာနိုင်ငံသားများ လူ့ဂုဏ်သိက္ခာရှိရှိ တရားဝင်နေရပ်ပြန်နိုင်ရန် လုပ်ဆောင်နေသော်လည်း တရုတ်နိုင်ငံတာဝန်ရှိသူအချို့က မြန်မာနိုင်ငံတာဝန်ရှိသူများထံ အသိပေးခြင်းမရှိဘဲ နိုဝင်ဘာ ၂၃ ရက်‌ နံနက်ပိုင်း၌ မုံးကိုးမြို့နယ်နှင့် ပန်ဆိုင်း(ကြူကုတ်) မြို့နယ်ကြားရှိ တရားမဝင် နယ်စပ်ပေါက်မှတစ်ဆင့် အစ္စလမ်ဘာသာဝင် ဦးရေ ၁၀၀ ကျော်ကို ပို့ဆောင်ခဲ့သည်။

၎င်းတရားမဝင်‌ နယ်စပ်ဖြတ်ကျော်ပို့ဆောင်ခံရသူများအား တရုတ်မြန်မာ နယ်စပ်မျဉ်းအနီး နယ်မြေခံ တပ်ရင်းတပ်ဖွဲ့နှင့် တွေ့ရှိစဉ် ၎င်းတို့အား ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ်နှံခဲ့ရာ စနစ်တကျ စိစစ်ပြီး ဥပဒေနှင့်မညီသူများအား ပန်ဆိုင်း ရဲစခန်းနှင့် မူဆယ်မြို့မရဲစခန်းတို့၌ အမှုဖွင့် အရေးယူထားသည်ဟု မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ရေးကွန်ရက်မှ သိရသည်။

ထိုသို့ တရားမဝင် နယ်စပ်ပေါက်မှတစ်ဆင့် အစ္စလာမ်ဘာသာဝင်များကို ပို့ဆောင်မှုအပေါ် မြန်မာနိုင်ငံသက်ဆိုင်ရာဌာနတို့က တရုတ်နိုင်ငံပြည်ပရေးရာဌာနမှတစ်ဆင့် တရုတ်နိုင်ငံတာဝန်ရှိသူများထံ ကန့်ကွက်စာပို့ထားအပြီး အစ္စလာမ်ဘာသာဝင် အလုံးအရင်းဖြင့် ပြန်ပို့ရန် တရုတ်ဘက်က ယခုလို အကြောင်းကြားလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲသို့ သွားရောက်လုပ်ကိုင်သော မြန်မာနိုင်ငံသားများသည် နှစ်နိုင်ငံ သဘောတူညီမှုဖြင့် သတ်မှတ်ထားသော Temporary Border Pass စာအုပ်အပြာနှင့် Border Pass စာအုပ်အနီ စသည့် နယ်စပ်ဖြတ်ကျော် စာအုပ်များကိုင်ဆောင်ကာ ရေကြည်ရာမြက်နုရာ စီးပွားရှာလုပ်ကိုင်ရှာဖွေ စားသောက်နေရသောသူများက သတ်မှတ်သွားလာ၍ ရသောနေရာ ‌ဂျယ်ဂေါင် ရွှေလီမြို့တို့တွင် အလုပ်လုပ်ကိုင်နေသော်လည်း အချို့မှာ သတ်မှတ်သွားလာခွင့်နေရာများကို ကျော်လွန်၍ တရားမဝင် ဖြတ်ကျော်သွားရောက် လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား သောင်းပေါင်းများစွာရှိခဲ့ရာ တရုတ်နိုင်ငံက အဆိုပါမြန်မာ နိုင်ငံသားအားလုံးကို နေရပ်ပြန်ပို့နိုင်ရန် စနစ်တကျလုပ်ဆောင်လာသည်။

တရုတ်နိုင်ငံက COVID-19 ရောဂါကာလအတွင်း တရုတ်-မြန်မာနယ်စပ်ရှိ တရားဝင်ပေါက်နှင့် တရားမဝင်လမ်းကြောင်း စုစုပေါင်း ၃၉ ဂိတ်ကို တစ်ပြိုင်နက်ပိတ်ခဲ့ပြီး မြန်မာနိုင်ငံသားများအား အလုပ်သမားစာအုပ်၊ နေထိုင်ခွင့် စာအုပ်၊ ကျန်းမာရေးစာအုပ်နှင့် ပေါက်ဖော်ကတ်တို့ကို တစ်ဆင့်ချင်း တိုးမြှင့်လုပ်ဆောင်၍ စနစ်တကျ မှတ်တမ်းတင်ထားရှိခဲ့ပြီးနောက် သက်တမ်းတိုးခွင့် ကန့်သတ်ချက်များချမှတ်၍ သက်တမ်းတိုး ခွင့်မရရှိသူများအား စနစ်တကျ ပြည်နှင်မှုများလုပ်ဆောင်လာသည်။

“မနေ့ညက ယာယီနေထိုင်ခွင့် ကတ်ရပြီး သက်တမ်းမတိုးရသေးတဲ့သူတွေကို အထုပ်ပြင်ခိုင်းတယ်။ ကျွန်တော်သူငယ်ချင်းနှစ်ယောက်ကတော့ သူ့သူဌေးအာမခံလို့နေလို့ရတယ်။ ကျွန်တော်တို့ကတော့ ပြန်လာခဲ့ပါတယ်” ဟု ကိုမိုးညိုက ဆိုသည်။

“အခုဆို နေရာတချို့မှာ COVID-19 ပိုးတွေ့တယ်ဆိုပြီး Lockdown ချတယ်။ အဲဒီမှာ ဝင်စစ်တယ်။ အလုပ်သမားစာအုပ်တွေ၊ ကျန်းမာရေးစာအုပ်တွေ၊ နေထိုင်ခွင့်စာအုပ်တွေ၊ ပေါက်ဖော်ကတ်တွေစစ်တယ်။ မပြည့်စုံသူတွေကို ပြန်ပို့တယ်။ နောက်သူတို့ နိုင်ငံသားတွေကိုလည်း မပြည့်စုံတဲ့သူတွေကို လက်ခံထားရင် ပြစ်မှုမြောက်စေတဲ့ ထုတ်ပြန်ချက်တွေ ထုတ်တယ်။ ထပ်မံသက်တမ်းတိုးဖို့ ကအလုပ်သမားရုံးကို တရုတ်အစိုးရက ပိတ်ထားတော့ သက်တမ်းတိုးဖို့က မရတော့ဘူး။ အလုပ်ကလည်း မရ၊ ဆက်လက်နေထိုင်ဖို့ကလည်း မဖြစ်နိုင်တော့ အခက်အခဲဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်ပို့ခံရတာ။ စနစ်တကျ မဟာဗျူဟာချပြီး ပြည်နှင်တဲ့ သဘောပါ” ဟု ရွှေလီမြို့တွင်နေထိုင်သော ကိုကျော်နိုင်က ပြောကြားသည်။

တရုတ်နိုင်ငံထဲသို့ အလုပ်သွားရောက်လုပ်ကိုင်သူများထဲတွင် မြန်မာနိုင်ငံမှ လူမျိုးစုံ၊ ဘာသာစုံ သွားရောက်လုပ်ကိုင်ကြရာတွင် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင်များလည်း ပါဝင်ကြသည်။

အဆိုပါ အစ္စလာမ်ဘာသာဝင် ၂၀၀၀ ကျော်ကို နေရပ်ပြန်ပို့ရန် တရုတ်နိုင်ငံက ပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံ ရွှေလီရှိ အဖွဲ့အစည်းအချို့နှင့် လူပုဂ္ဂိုလ်အချို့က ၎င်းတို့အား တရားဝင်ပေါက်က မြန်မာနိုင်ငံသို့ပြန်ပို့လျှင် အခက်အခဲများဖြစ်နိုင်ခြင်းကြောင့် တရားမဝင်ပေါက်မှသာ ပြန်ပို့ရန် ပြောဆိုခိုင်းနေကြောင်း သိရသည်။

“ သူတို့က မွတ်စလင်လာလို့ ရှိရင် တရားဝင်မပို့ပါနဲ့။ မြန်မာက လက်မခံဘူးပြောပါ ဆိုပြီးတော့ စည်းရုံးထားတဲ့ အဖွဲ့အစည်းတစ်ခု ရှိတယ်။ သူတို့တွေ ပြန်ချင်ရင် သွားပြောတာ။ မင်းတို့ကို လောက်မြန့်က လက်မခံဘူး။ သွားသွားဆိုပြီးပြန်လွှတ်တာ။ မြန်မာမွတ်စလင်မဟုတ်တဲ့သူတွေ တရုတ်ပြည်ထဲမှာ အများကြီးလေ။ အဲဒီပြဿနာ‌တွေက တစ်ခုရှိတယ်။ ဒါကြောင့် ခိုးပေါက်ကနေပြန်လွှတ်ခံရတယ်” ဟု ပြန်လာသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံသားများကို တရားဝင် ပြန်လည်လက်ခံဆောင်ရွက်နေသော်လည်း တရုတ်နိုင်ငံတာဝန်ရှိသူများက တစ်ခါတစ်ရံ နှစ်နိုင်ငံ ဆွေးနွေးညှိနှိုင်းမှုနှင့် နှစ်နိုင်ငံ သဘောတူစာချုပ်များကို ချိုးဖောက်ကာ မြန်မာနိုင်ငံသားများအား တရားမဝင် ဝင်ထွက်ပေါက်မှ နေ၍ ပြည်နှင်လျက်ရှိသည်။ နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက် နှစ်ရက်ဆက်တိုက် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၀၀ ကျော်ကို မြန်မာတာဝန်ရှိသူများထံ အကြောင်းကြားခြင်း မရှိဘဲ တရုတ်-မြန်မာနယ်စပ် တရားမဝင် နယ်စပ်ပေါက်မှတစ်ဆင့် မုံးကိုးမြို့ ဟေမုံလုံကျေးရွာသို့ ပို့ဆောင်ခဲ့သည်။

“အခုကျွန်တော်တို့ကို ကားနှစ်စီးနဲ့ခေါ်လာတယ်။ တစ်စီးကို လူ ၃၅ ယောက်ပါတယ်။ အမျိုးသမီးတွေ၊ လူငယ်လူရွယ်တွေ၊ တရုတ်-မြန်မာ ခြံစည်းရိုးနားချပြီး ကိုင်းတောကိုဖြတ်ခိုင်းတယ်။ ဒီဘက်မှာက တပ်မတော်နဲ့ ကိုးကန့်တို့ တိုက်ပွဲဖြစ်ပွားရာနယ်မြေဖြစ်နေတယ်။ မနေ့ကလည်း လူဦးရေ ၆၀ ကျော်ကို ဒီကနေပဲ ပို့ခဲ့တယ်။ ကျွန်တော်တို့ လူသားဂုဏ်သိက္ခာအရ သိက္ခာရှိရှိ တရားဝင်ပေါက်နေပြန်ရမယ်ထင်ခဲ့တာ။ မပြန်ရဘူး။ အခက်အခဲဖြစ်ပြီးမှပြန်ရတယ်” ဟု မန်စီမြို့က နေရပ်ပြန်လာသော ရွှေ့ပြောင်းအလုပ်သမား ကိုခင်မောင်ထွေးက ပြောကြားသည်။

အောက်တိုဘာ ၂၁ ရက် ည ၁၀ နာရီကလည်း တရုတ်နိုင်ငံ ဝမ်တိန်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သား ငါးဦးကို ရောဂါကူးစက်မှုရှိသည်ဟုဆိုကာ ရိုက်နှက်၍ မြန်မာပြည်ဘက်သို့ အကြောင်းကြားခြင်းမရှိဘဲ တရားမဝင်အပေါက်မှ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“Positive လူနာတွေ့တယ် ဆိုပြီး လူကိုခေါ်သွားတယ်။ ည ၉ နာရီလောက်ကျတော့ မြန်မာနိုင်ငံ ပြန်ပို့မယ်ဆိုပြီး ဝမ်တိန်စျေးနားကို သွားပို့တယ်။ ဝမ်တိန်ချောင်းက ရေကြီးနေတော့ ကူးလို့မရဘူး။ အဲဒီတော့ အမျိုးသမီးငယ် သုံးယောက်ပါတဲ့အတွက် ကားပေါ်ကမဆင်းတော့ ရိုက်တယ်။ ကျွန်တော့်တူလေးက သွားတားတော့ နှစ်ချက်အရိုက်ခံလိုက်ရတယ်။ ဘယ်လိုမှ ကူးလို့မရတော့ မနက်မှ ကူးပြီးပြန်မယ်လို့ တောင်းဆိုသေးတယ်။ မရဘူး။ နောက်ဆုံးတော့ ည ၁၁ နာရီခွဲလောက်မှာ ဝမ်တိန် ရွှေလီကနေတစ်ဆင့် ကျယ်ဂေါင်စျေးနားက ခိုးပေါက်ကနေတစ်ဆင့် ပို့ပေးတယ်။ ယခင်ကဖြစ်တယ်ဆိုတာပဲ ကြားဖူးတာ။ အခုက ကိုယ်တိုင်ဖြစ်တာဆိုတော့ ညဘက်ကြီး လူမရှိတဲ့ နေရာပို့ပေးတာဆိုတော့ ကြောက်ဖို့ကောင်းတယ်။ ကူးလို့မရ‌တော့ မနည်းအကူအညီတောင်းပြီးမှ ဒီရွာဘက်ကို ကူးလာခွင့်ပေးတယ်။ ဒီဘက်က တာဝန်ရှိသူတွေကလည်း မှတ်တမ်းယူထားပါတယ်” ဟု ကိုအောင်သိန်းက ပြောကြားသည်။

ယခင်က  မူဆယ်၊ ကျင်စန်းကျော့၊ မန့်ဟီးရိုးနှင့် နမ်းခမ်းမြို့တို့တွင် အလားတူ တရုတ်နိုင်ငံတာဝန်ရှိသူများက ရွှေ့ပြောင်း မြန်မာလုပ်သားများအား တရားမဝင် ဝင်ပေါက်မှ နှင်လွှတ်မှုများရှိနေခြင်းကြောင့် မြန်မာတာဝန်ရှိသူများက တရုတ်နိုင်ငံပြည်ပရေးရာဌာနမှတစ်ဆင့် အကြိမ်ကြိမ် တရားဝင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့ရသည်။

ထိုသို့ ပြည်တော်ပြန်ဦးရေသည် ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇  ရက်အထိ နှစ်နိုင်ငံ ပြည်ဝင်ပြည်ထွက်စစ်ဆေးရေး နန်းတော်ဂိတ်နှင့် တရားမဝင်လမ်းကြောင်းများမှ ပြန်ဝင်လာသူ စုစုပေါင်း ၅၀၀၀၀ မှ တစ်သိန်းကြားရှိနိုင်သည်ဟု ပရဟိတအသင်းအဖွဲ့အချို့က ခန့်မှန်းပြောဆိုမှုများရှိကြသည်။

၎င်းပြည်တော်ပြန်များအား မှီခိုနေရသူမိသားစုဝင်များ၏ အခြေခံစားဝတ်နေရေး ခက်ခဲမှုများ ကြုံတွေ့ရ‌မှု ရှိ‌နေကြောင်း ပြည်တော်ပြန်များထံမှ သိရပြီး ၎င်းတို့အား မြန်မာနိုင်ငံမှ အလုပ်အကိုင် အခွင့်အလမ်းများ မဖန်တီးနိုင်ပါက ရပ်ရွာအေးချမ်းသာယာဝပြောရေးတွင် အကျိုးသက်ရောက်မှုများ ရှိလာနိုင်မည်ဖြစ်သည်။

Most Read

Most Recent