စာရေးသူသည် မိမိတို့တိုင်းပြည် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးသော ကြွယ်ဝချမ်းသာသော အင်အားကြီးမား တောင့်တင်းသော နိုင်ငံတော်ကြီးအဖြစ် ဖြစ်ထွန်းစေလိုသော ဆန္ဒရှိသည့် နိုင်ငံသားတစ်ဦး ဖြစ်သည့်အားလျော်စွာ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်မည့် လူပုဂ္ဂိုလ်ကြီးများ၊ တာဝန်ယူမည့်သူများကို ဦးတည်ချက်ထားရှိကာ မိမိတို့တိုင်းပြည် နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများ၊ နိုင်ငံသားများက ဖြစ်ထွန်းပေါ်ပေါက်စေလိုသည့် နိုင်ငံတော်အမျိုးအစား တစ်နည်းအားဖြင့် နိုင်ငံတော်၏ မျှော်မှန်းချက် ဗွီရှင် (Vision) ကို ရရှိရောက်ရှိနိုင်စေရေး အလို့ငှာမူ (Priciple)၊ မူဝါဒ (Policy) တို့ကို ဆောင်းပါးတစ်ပုဒ်စီဖြင့် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါသည်။ မူနှင့် မူဝါဒအကြောင်းကို ရှင်းလင်းစွာ သိမြင်နားလည်ပြီးဖြစ်သည့် စာဖတ်သူများအတွက် ယခုလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်း (Procedure) အကြောင်းကို စာရေးသူ သိမြင်နားလည်လက်လှမ်းမီ လေ့လာနိုင်သမျှအပေါ်တွင် အခြေခံကာ တင်ပြပါမည်။
မိမိတို့ တိုင်းပြည်နိုင်ငံတွင် အစိုးရအဆက်ဆက်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့်၊ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများကို စာရေးသူ၏ အနည်းငယ်သိမြင် နားလည်တတ်ကျွမ်းသည့် ပညာရပ်များနှင့် ချိန်ထိုးလေ့လာကြည့်မိသည့်အခါတွင် တွေ့မြင်ရသည့် အခြေအနေမှာ မည်သို့မျှလက်ခံနိုင်စရာ အဆင့်မဟုတ်သည့်အပြင် ရှေ့၊ နောက်၊ တောင်၊ မြောက်၊ အပေါ်၊ အောက်အကြောင်းနှင့် အကျိုးကိုပင် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိသူများက ကြုံသလို ပေါက်တတ်ကရ ရေးသားဖော်ပြထားချက်များသာ ဖြစ်နေတတ်ပါသည်။
ယနေ့အချိန်အခါတွင် စာဖတ်သူများအနေဖြင့် လေ့လာဆန်းစစ်စေလိုသည့်အချက်မှာ အစိုးရ အဆက်ဆက်က အတည်ပြုပြဋ္ဌာန်းခဲ့ကြသည့် ပန်းတိုင်များ၊ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များနှင့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများကို အကြောင်းနှင့်အကျိုးကို အခြေခံပြီး ချိတ်ဆက်စဉ်းစားကြည့်စေလိုပါသည်။ ဖော်ပြပါ အကြောင်းအရာနှစ်ရပ်ကို ချိတ်ဆက် စဉ်းစားကြည့်ရုံမျှဖြင့်ပင် မိမိတို့ တိုင်းပြည်နိုင်ငံကို အုပ်ချုပ်ခဲ့သူများ၊ နိုင်ငံတော်၏အာဏာကို ရယူခဲ့သူများ၏ တိုင်းပြည်နိုင်ငံတော်အပေါ် ထားရှိခဲ့သည့် စေတနာ၊ အရည်အချင်း၊ အဆင့်အတန်းကို ခန့်မှန်းကြည့်နိုင်ပါသည်။
ယနေ့အချိန် စာဖတ်သူတို့အနေဖြင့် ငြင်းပယ်၍ မရနိုင်ဘဲ မဖြစ်မနေလက်ခံရမည့် အချက်နှစ်ချက်မှာ မိမိတို့ တိုင်းပြည်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဆင့်သာ တည်ရှိရပ်တည်နေရခြင်းနှင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ၊ အိုးအိမ်စွန့်ခွာရသူများ ဖြစ်ပေါ်လျက် ရှိနေပါသည်ဆိုသည့် အချက်များဖြစ်ပါသည်။ ထိုကဲ့သို့ ဖြစ်တည်နေရသည့် အခြေအနေမှာ အထက်တွင် ဖော်ပြခဲ့သည့် အကြောင်းနှင့် အကျိုးကို ထည့်သွင်း စဉ်းစားခဲ့ခြင်းမရှိဘဲ ပရမ်းပတာ ကြုံသလို ရည်ရွယ်ချက်များ၊ ဦး တည်ချက်များ ချမှတ်ပြီး လုပ်ငန်းစဉ် လုပ်ထုံး လုပ်နည်းများကိုလည်း ကြုံသလို ဖြစ်ကတတ်ဆန်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြသည့် လုပ်ရပ်များသည်လည်း အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်သည်ဟု စာရေးသူအနေဖြင့် ထင်မြင်ယုံကြည်ပါသည်။
စာရေးသူအနေဖြင့် ယခုဆောင်းပါးကို ရေးသားတင်ပြသည့် အကြောင်းရင်းမှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် အရင်းအမြစ်များ (Resources) အခြေအနေနှင့် နှိုင်းယှဉ်ချိန်ထိုးကြည့်ရာတွင် မဖြစ်သင့်မဖြစ်ထိုက်သည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ် ရောက်ရှိနေရခြင်းမှ ကျော်လွှားလွတ်မြောက်စေရန်နှင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေရသည့် နေရပ်စွန့်ခွာရသူများ၊ အိုးအိမ်စွန့်ခွာရသူများ တတ်နိုင်သမျှ လျော့နည်းပပျောက်စေရေးအတွက် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများ စနစ်တကျ မှန်ကန်စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ လုပ်ငန်းစဉ်လုပ် ထုံးလုပ်နည်းများ စနစ်တကျမှန်ကန်စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးအတွက် အကြောင်းနှင့်အကျိုးကို အခြေခံသည့် စဉ်းစားတွေးတောချက်များကို တင်ပြပါမည်။ အရေးအကြီးဆုံးအချက်မှာ မှန်ကန်တိကျပြတ်သားပြီး ရှင်းလင်းသော မျှော်မှန်းချက် ဗွီရှင် (Vision) ရှိရပါမည်။ အဆိုပါဗွီရှင်ကို အခြေခံကာ ပန်းတိုင်များ၊ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များအဖြစ် စနစ်တကျ ချမှတ် ပြဋ္ဌာန်းနိုင်ရပါမည်။ ထို့နောက် မူများ (Principle) နှင့် မူဝါဒများ (Policies) ကို ဘက်ပေါင်းစုံမှ စဉ်းစားဖော်ထုတ်ပြီးလျှင် အောက်ပါ ရှင်းလင်းဖော်ပြထားသည့် အချိန်ကာလ အခြေအနေများအလိုက် ပြင်ဆင်ဆောင်ရွက်ကြရပါမည်။
အထက်တွင်ဖော်ပြခဲ့သည့် ဗွီရှင်၊ မူများ၊ မူဝါဒများ၊ အကြောင်းနှင့်အကျိုး သဘောတရားများ၊ လေ့လာတွေ့ရှိချက်များနှင့် တိုင်းပြည်နိုင်ငံတွင် ကြုံတွေ့ခဲ့ကြရသည့် အတွေ့အကြုံများအပေါ်တွင် အခြေခံကာ အရေးပေါ်ကာလ အခြေအနေအတွက်ဆိုပါက အရေးပေါ်အခြေအနေကို ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်စေမည့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများကို ပြင်ဆင် ပြုလုပ်ဆောင်ရွက်ကြရပါသည်။ ရေတိုနှင့် ရေလတ်ကာလအတွက် ဖြစ်ပါလျှင် လက်တွေ့အသုံးပြုနိုင်သည့် သိပ္ပံနည်းကျမူဘောင် (Framework) ကို ရေးဆွဲတည်ဆောက်ကာ လုပ်ငန်းစဉ်များ လုပ်ထုံးလုပ်နည်းများကို ချမှတ်ပြင်ဆင်ကြရပြီး ရေရှည်ကာလအတွက် ဖြစ်ပါမူ ဥပဒေများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးလျှင် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများ စနစ်တကျချမှတ်ပြီး အကောင်အထည် ဖော်ဆောင်ရွက်ကြရပါသည်။
ဒုတိယအနေဖြင့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး အရေးပေါ်ကာလ၊ ရေတိုနှင့် ရေလတ် ကာလ၊ ရေရှည်ကာလတို့အတွက် ချဉ်းကပ်သည့်ပုံစံနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရသည့် နည်းလမ်းများကို ပုံတွင်ဖော်ပြထားပါသည်။ အချိန်အခါကာလများနှင့် ချဉ်းကပ်ဆောင်ရွက်ရမည့် နည်းလမ်းများ ကိုက်ညီပါက “Yes” ဟုဖော်ပြထားပြီး အကယ်၍ မကိုက်ညီခဲ့ပါက ဖြစ်ပေါ်လာစေမည့် စိန်ခေါ်မှုများကို ဖော်ထုတ်နိုင်စေရန်အတွက် ဂဏန်းနံပါတ်များပေး၍ အဆိုပြုတင်ပြထားပါသည်။ စာဖတ်သူတို့အနေဖြင့် မိမိတို့၏ လုပ်ငန်းခွင်များတွင် သိမြင်နေရသည့် အတွေ့အကြုံနှင့် စဉ်းစားတွေးခေါ်မှုများပြုလုပ်ကာ တွေ့ရှိခဲ့ရသည့်၊ တွေ့ရှိနေရသည့် စိန်ခေါ်မှု အမျိုးမျိုးကို မိမိတို့၏ လုပ်ငန်းများအတွက် ဂဏန်းနံပါတ်များအရ ဖော်ထုတ်နိုင်ရန် အကြုံပြုပါသည်။ စာရေးသူအနေဖြင့် ဥပမာအဖြစ် အချက်အချို့ကိုသာ တင်ပြပါမည်။
ပုံတွင် ဖော်ပြထားချက်များ အရ- (၁) ယေဘုယျအားဖြင့် အရေးပေါ်အခြေအနေဆိုသည်မှာ လူတို့အသက်များကို ကယ်တင်ကြရသည့် လုပ်ငန်းစဉ်များ ဖြစ်ကြပါသည်။ အရေးပေါ်ဖြစ်ပေါ်လာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ဆောင်ရွက်ထားကြရသည့် သဘောတရားဖြစ်ပါသည်။ အရေးပေါ်အခြေအနေကို ချက်ချင်း (Adhoc Actions) အရေးယူ ဆောင်ရွက်ခြင်းမပြုဘဲ ရေတိုရေလတ်အတွက် ဆောင်ရွက်ရသည့် ပရောဂျက်၊ ပရိုဂရမ်များ ပြုလုပ်ပြီး ၁ အဖြစ် ဆောင်ရွက်ခဲ့ပါလျှင် သို့မဟုတ် ရေရှည်ဆောင်ရွက်ရသည့် စနစ်၊ မိုဒယ်များချမှတ်ခြင်း ၂ အဖြစ် ဆောင်ရွက်နေခဲ့ပါလျှင် လူတို့၏ အသက်များကို သေကျေပျက်စီးစေရန် ပစ်ထား၊ ပြုလုပ်ထားသကဲ့သို့ ဖြစ်နေစေပါမည်။
(၂) ရေတိုနှင့် ရေလတ်ကာလအတွက်မူ စီမံချက်၊ ပရောဂျက်၊ ပရိုဂရမ်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရပါသည်။ စာဖတ်သူတို့အတွက် သတိပြုစေလိုသည့်အချက်မှာ စီမံချက်၊ ပရောဂျက်၊ ပရိုဂရမ်တို့နှင့် ပတ်သက်သည့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြီးမြောက်ရမည့် အချိန်ကာလ သတ်မှတ်ချက် အတိအကျပါရှိပြီး လုပ်ငန်းများပြီး မြောက်သည်နှင့် ပတ်စာခွာဖျာ သိမ်းရသည့် သဘောတရားဖြစ်ပါသည်။ ပတ်စာခွာ ဖျာသိမ်းပြီးသည်နှင့် မည်သည့်လုပ်ငန်းကိုမျှ ဆက်လက်ဆောင်ရွက်ရန် မဖြစ်နိုင်တော့ပါ။ အကြမ်းအားဖြင့် ရေတိုနှင့် ရေလတ်ကာလမှာ တစ်နှစ်နှင့် ငါးနှစ်အတွင်း သတ်မှတ်လေ့ရှိကြပါသည်။ အဆိုပါအခြေအနေကို ၃ အရ မှားယွင်းစွာ ဆုံးဖြတ်ချက်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက အထက်တွင် ဖော်ပြထားသကဲ့သို့ လူ့အသက်ပေါင်းများစွာကို သေကျေပျက်စီးစေပါမည်။ ထိုနည်းတူစွာ ၄ အဖြစ် မှားယွင်းပြီး ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်မည်ဆိုပါက စီမံချက်၊ ပရောဂျက်၊ ပရိုဂရမ်များသည် အဆုံးသတ်၍ မရရှိနိုင်သည့် မပြီးနိုင်၊ မစီးနိုင်သည့် လုပ်ငန်းများ ဖြစ်သွားပါမည်။
(၃) ရေရှည်ကာလအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်လုပ်ထုံးလုပ်နည်းများမှာ အချိန်မရွေး၊ နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ နှစ်စဉ် ပုံမှန်အကောင်အထည်ဖော်ဆောင်ရွက်နေကြရမည့် လုပ်ငန်းအမျိုးအစားများဖြစ်ကြပါသည်။ အဆိုပါ လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများမှာ ပတ်စာခွာ ဖျာသိမ်းရန် မဖြစ်နိုင်သည့် လုပ်ငန်းအမျိုးအစားများဖြစ်ကြပါသည်။ ဤလုပ်ငန်းများကို ၅ အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါက အထက်တွင် ဖော်ပြသကဲ့သို့ လူ့အသက်ပေါင်းများစွာ ပျက်စီးဆုံးရှုံးစေမည်ဖြစ်ပြီး တစ်ဖန် ၆ အဖြစ် ဆောင်ရွက်ခဲ့ပါကလည်း လုပ်ငန်းများမှာ ဆတ်တောက်ဆတ်တောက်နှင့် မချောမွေ့နိုင်ဘဲ ဖြစ်ပေါ်နေစေပါမည်။
တစ်ခါတစ်ရံ ဗွီရှင်၊ မူများ၊ မူဝါဒများအရ မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အခြေအနေဖြစ်ပြီး အရေးပေါ် အခြေအနေအတွက် ကြိုတင်ပြင်ထားနိုင်ခြင်းလည်းမရှိ၊ ရေတိုနှင့် ရေလတ်ကာလအတွက် စီမံချက်၊ ပရောဂျက်၊ ပရိုဂရမ်များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် လက်တွေ့အသုံးပြုနိုင်သည့် သိပ္ပံနည်းကျမူဘောင် (Framework) ကို ရေးဆွဲတည်ဆောက်ထားခြင်းလည်းမရှိ၊ ရေရှည်ကာလအတွက် ဥပဒေများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းထားခြင်းလည်း မရှိနိုင်သည့်အခြေအနေ အချိန်ကာလများအတွက် မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဆိုပါက ကြိုတင်သတ်မှတ်ထားရှိသော စံချိန်စံနှုန်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများ (Standard Operating Procedures (SOP)) ကို အလျင်အမြန်ချမှတ် ပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်ရလေ့ရှိပါသည်။
တတိယအနေဖြင့် မိမိတို့ တိုင်းပြည်နိုင်ငံတော်က ခေတ်အဆက်ဆက်မှသည် ယနေ့အချိန်အခါအထိတိုင် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ကြသည့် ဗွီရှင်၊ မူများ၊ မူဝါဒများ၊ လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများကို စာဖတ်သူများအနေနှင့် တိုင်းပြည်နိုင်ငံတော်အကျိုးနှင့် ပြည်သူပြည်သား နိုင်ငံသားများအကျိုးကို ရှေးရှုကာ စာဖတ်သူများကိုယ်တိုင် စနစ်တကျ လေ့လာကြည့်ရှု ဝေဖန်ပိုင်းဖြတ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
စာရေးသူ၏ အသိအမြင်အတွေ့အကြုံအရ လုံးဝမသင့်တော်သည့် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းတစ်ခုချင်းစီအလိုက် တိုက်ရိုက်ဥပမာပေးပြီး တင်ပြလိုပါသော်လည်း ယခုဆောင်းပါးတွင် တိုင်းပြည်နိုင်ငံတော်၏ ယေဘုယျအခြေအနေကိုသာလျှင် တင်ပြနိုင်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် တည်ရှိနေသည့် အရင်းအမြစ်များ (Resources) အခြေအနေနှင့် နှိုင်းယှဉ်ချိန်ထိုးကြည့်ရာတွင် မဖြစ်သင့် မဖြစ်ထိုက်သည့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) အဖြစ် ရောက်ရှိနေရခြင်းမှ ကျော်လွှားလွတ်မြောက်စေရန်နှင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် ဖြစ်ပေါ်နေရသည့် နေရပ်စွန့်ခွာရသူများ၊ အိုးအိမ်စွန့်ခွာရသူများ တတ်နိုင်သမျှ လျော့နည်းပပျောက်စေရေး အတွက် လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများ စနစ်တကျ မှန်ကန်စွာ ဖြစ်ထွန်းပေါ်ပေါက်လာစေရေးကို တိုင်းပြည်နိုင်ငံတော်၏ အာဏာနှင့် အုပ်ချုပ်ရေးတာဝန်ကိုရယူထားသူများအနေဖြင့် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နိုင်ပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။