ရုရှား-ဂျာမနီနှင့် ဥရောပနိုင်ငံငယ်များ၏ ယူကရိန်းအရေး ရှုမြင်ချက်များ

ရုရှား-ဂျာမနီနှင့် ဥရောပနိုင်ငံငယ်များ၏ ယူကရိန်းအရေး ရှုမြင်ချက်များ
ရုရှားနိုင်ငံ၏ ယူကရိန်းနှင့် ဘီလာရုစ်နယ်စပ် ကလင့်ဆီမြို့အနီး စွန့်ပစ်ထားခဲ့သော လက်နက်သိုလှောင်ရုံတစ်ခုကို အပေါ်စီးမှ ဒီဇင်ဘာ ၂၅ ရက်က မြင်ရစဉ် (Photo-MAXAR)
ရုရှားနိုင်ငံ၏ ယူကရိန်းနှင့် ဘီလာရုစ်နယ်စပ် ကလင့်ဆီမြို့အနီး စွန့်ပစ်ထားခဲ့သော လက်နက်သိုလှောင်ရုံတစ်ခုကို အပေါ်စီးမှ ဒီဇင်ဘာ ၂၅ ရက်က မြင်ရစဉ် (Photo-MAXAR)
Published 6 January 2022
မိုးဧအောင်

ဂျာမနီ၏ ပူပူနွေးနွေးဝန်ကြီးချုပ်သစ် အိုလက်ဖ်ရှော့ဇ်မှာ မော်စကိုနှင့် ဆက်ဆံရေးကို ပြန်လည်မွမ်းမံလိုပြီး ယခု ၂၀၂၂ ခု၊ ဇန်နဝါရီလအနှောင်းပိုင်းတွင် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် စီစဉ်လျက်ရှိသည်။

ဂျာမန်အဆင့်မြင့်အရာရှိများသည် ရုရှားဘက်မှ အရာရှိကြီးများနှင့်အတူ ဇန်နဝါရီလတွေ့ဆုံပွဲအတွက် အသေးစိတ်အစီအစဉ်ကို ရေးဆွဲနေကြသည်။ ယူကရိန်းအပေါ် ကရင်မလင်က စစ်ရေးအရ ကျူးကျော်ဝင်ရောက်ဖွယ် အချက်ပေးသံများ မြည်ဟည်းလာချိန်တွင် ပထဝီဝင်နိုင်ငံရေးတင်းမာမှုများ လျော့ပါးသွားစေရေးအတွက် ကြိုးပမ်းလိုခြင်းဖြစ်သည်။

တနင်္လာနေ့က ထုတ်ဝေခဲ့သော ဂျာမနီသတင်းစာ Bild တွင် နိုင်ငံခြားရေးမူဝါဒ အကြံပေးပုဂ္ဂိုလ် ယန်းပလော့တာက ဂျာမန်ခေါင်းဆောင်သစ်နှင့် ပူတင်တို့သည် နောက်ထပ်သီတင်းနှစ်ပတ်အလွန်တွင် ကရင်မလင်၌ တွေ့ဆုံနိုင်ရန် ဆွေးနွေးလျက်ရှိကြောင်း ဖော်ပြခဲ့သည်။ ဂျာမန်ပြည်တွင်းနိုင်ငံရေးအကြောင်း ပြိုင်ဘက်များထက်သာအောင် တင်ဆက်နေကျ အဆိုပါသတင်းစာ၏ အဆိုအရ ရှော့ဇ်သည် မော်စကိုနှင့် ‘ဆက်ဆံရေး အသစ်တစ်ရပ်စတင်ရန်’ အခွင့်အလမ်းရှာဖွေလျက်ရှိပြီး စွမ်းအင်နိုင်ငံရေးနှင့် ယူကရိန်းအရေးကို အလေးထားလိုကြောင်း သိရှိရသည်။

အမေရိကန် - ရုရှား ဆွေးနွေးပွဲ

အမေရိကန်ပြည်ထောင်စုနှင့် ရုရှားအဆင့်မြင့်အရာရှိကြီးများသည် ယူကရိန်းနယ်စပ်အနီး ရုရှား၏ စစ်အင်အား ဖြည့်တင်းမှုနှင့်ပတ်သက်၍ လာမည့်ဇန်နဝါရီ ၉ ရက် နှင့် ၁၀ ရက်တွင် ဂျီနီဗာ၌ ဆွေးနွေးပွဲပြုလုပ်ကြမည်။ ယူကရိန်းနယ်စပ်အနီး ရုရှားပိုင်နက်အတွင်း စစ်သည်အင်အား ၁၀၀,၀၀၀ ခန့်တပ်ဖြန့်ထားကြောင်း အနောက်နိုင်ငံများနှင့် ယူကရိန်းထောက်လှမ်းရေးအရာရှိများက ဆိုသည်။

ဥရောပတိုက်အလယ်ပိုင်းရှိ ယခင်ဆိုဗီယက်ယူနီယံတွင် ပါဝင်ခဲ့သော နိုင်ငံများ၌ NATO အဖွဲ့က မဟာမိတ်ပြုကာ စစ်အင်အားချထားခြင်းအား ပြန်လည်ရုပ်သိမ်းရန်နှင့် ဆက်လက်တိုးချဲ့ခြင်းမပြုရန် ရုရှား၏ တောင်းဆိုချက်များကို လိုက်နာနိုင်ဖွယ်မရှိကြောင်း အနောက်နိုင်ငံခေါင်းဆောင်များက ပယ်ချခဲ့သည်။

ဂျီနီဗာတွင် ဆွေးနွေးကြသည့်အခါ အမေရိကန်ဘက်မှ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိကြီးများက ဦးဆောင်သွားမည်ဖြစ်ပြီး ရုရှား- NATO ကောင်စီပြောကြားချက်များနှင့် ဥရောပဒေသလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစည်းအဝေးအတိုင်း လိုက်နာဆောင်ရွက်ရန် လျာထားထားသည်။

၂၀၁၄ ခုနှစ်အတွင်း ယူကရိန်းကို တိုက်ခိုက်ခဲ့သည့်ပုံစံမျိုး ဆုံးဖြတ်ဆောင်ရွက်မည်ဆိုပါက ပြင်းထန်သောအကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း အနောက်နိုင်ငံခေါင်းဆောင်များက ကရင်မလင်ကို သတိပေးထားသည်။ ထိုအချိန်က ရုရှားသည် ခရိုင်းမီးယားကိုစစ်ရေးအရ ကျူးကျော်ဝင် ရောက်သိမ်းပိုက်ကာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း၊ ရုရှားနယ်စပ်ရှိ ဒွန်ဘတ်နယ်၏ အစိတ်အပိုင်းများကို စစ်ရေးအရ သြဇာခံနယ်မြေဖြစ်အောင် သိမ်းသွင်းခဲ့သည်။

၂၀၂၁ ခုနှစ်မကုန်မီ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ပူတင်တို့ ဖုန်းပြောခဲ့ကြသည်။ ထိုသို့ ဆက်သွယ်ရာတွင် ဘိုင်ဒင်က ပူတင်ကို ဆွေးနွေးပွဲများမတိုင်မီ ကာလအတွင်း ‘စစ်အင်အားလျှော့ချရန်၊ စစ်တပ်ဆုတ်ခွာခြင်းမဟုတ်လျှင် အခြေအနေကို ထိန်းသိမ်းထားရန်’ အကြံပြုခဲ့ကြောင်း သတင်းထောက်များအား ပြောဆိုသည်။ သမ္မတနှစ်ဦးသည် ဒီဇင်ဘာအတွင်း ဒုတိယအကြိမ် ဆွေးနွေးပြောဆိုကြခြင်းဖြစ်ပြီး ဥရောပမဟာမိတ်များက ရုရှားအပေါ် ပြင်းထန်သောစီးပွားရေးပိတ်ဆို့မှုများ ချမှတ်ရန် အဆင်သင့်ဖြစ်နေကြသည်။

“တကယ်လို့များ ယူကရိန်းနိုင်ငံထဲကို ဝင်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်က ပြင်းထန်တဲ့ ပိတ်ဆို့မှုတွေရှိမယ်၊ NATO မဟာမိတ်တွေနဲ့  ဥရောပမှာခြေကုပ်ပိုယူလာလိမ့်မယ်လို့ သမ္မတပူတင်ကို ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ်” ဟု ဘိုင်ဒင်က ပြောသည်။

ယူကရိန်းကိစ္စအပေါ် ကရင်မလင်အနေနှင့် ‘ဧရာမအမှားကြီး’ မပြုလုပ်ရန် အနောက်နိုင်ငံများက သတိပေးချက် ထုတ်ပြန်ထားသကဲ့သို့ အမေရိက-ရုရှား ဆက်ဆံရေးမှာလည်း ဗျာများနေရချိန်ဟု ဆိုနိုင်သည်။

ပူပန်သောကရောက်နေသော ဥရောပနိုင်ငံအချို့

၀ါရှင်တန်အနေနှင့် ‘လေတစ်လုံးမိုးတစ်လုံး’ ပြောကြားနေစဉ် အနောက်နိုင်ငံကြီးများနှင့်  မော်စကိုတို့ စာရင်းရှင်းကြသည့်အခါ ဥရောပတိုက်ရှိ နိုင်ငံငယ်များမှာ သူတို့၏အကျိုးစီးပွား ‘ကြားညပ်’ သွားမည်ကို စိုးရိမ်ပူပန်လျက်ရှိနေကြသည်။

ဖင်လန်သမ္မတ ဆော်လီနင်နစ္စတိုက ဥရောပသမဂ္ဂအတွင်း အနောက်အုပ်စုနှင့် မဟာမိတ်ဖြစ်သည့်နိုင်ငံများရော၊ မဖြစ်သည့် နိုင်ငံများကိုပါ ရုရှား၊ အမေရိကန်ပြည်ထောင်စုနှင့် NATO အကြား လုံခြုံရေးအတွက် ၀ိုင်းဝန်းဆွေးနွေး အဖြေရှာသွားကြရန် တောင်းဆိုနေသည်။

ရုရှားက NATO ကို အဖွဲ့ဝင်သစ် ထပ်မံလက်ခံခြင်းမပြုရန် တောင်းဆိုချက်ရှိနေချိန်အတွင်း သမ္မတနင်နစ္စတိုက သူ့တိုင်းပြည်သည် သူ့ဆန္ဒရှိသည့်အတိုင်း NATO အဖွဲ့သို့ ဝင်ရောက်ခွင့်ရှိကြောင်း ထပ်ကာတလဲလဲ ပြောဆိုခဲ့သည်။

“ဖင်လန်နိုင်ငံအနေနဲ့ NATO အဖွဲ့ထဲဝင်ဖို့ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိတယ်။ NATO နဲ့အတူ စစ်ရေးဆိုင်ရာပူးပေါင်းခွင့်လည်းရှိတယ်။ ဝင်သင့်၊ မဝင်သင့် ဆုံးဖြတ်ဖို့ရာ ကျွန်တော်တို့အလုပ်ပါ” ဟူ၍ ရဲရဲတောက် နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့သည်။

သူက ရုရှား၏ရာဇသံများသည် ‘ဥရောပလုံခြုံရေး အစီအစဉ်နှင့် ပဋိပက္ခဖြစ်နေကြောင်း’၊ သူ့ဆန္ဒမှာ ဥရောပသမဂ္ဂ  (European Union-EU) ၏ အရေးပါသော အခန်းကဏ္ဍနှင့်အညီ နိုင်ငံငယ်များ၏ လိုအပ်ချက်နှင့် လုံခြုံရေးကို ကူညီသွားစေလိုကြောင်း ပြောဆိုခဲ့သည်။

“ခုအခြေအနေမှာ ဥရောပဟာ ကျွန်တော့်စကား နားမဝင်ကြဘူး။ ဆွီဒင်နဲ့ ဖင်လန်အပါအဝင် အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာဟာ သမဂ္ဂရဲ့ပြင်ပက ခြိမ်းခြောက်ခြင်းကို ခံနေကြရတယ်။ ဒီနေရာမှာ EU ရဲ့ ပါဝင်ဆောင်ရွက်ပုံ လိုအပ်လာပြီ။ ဒါပေမဲ့ EU ဟာ ပိတ်ဆို့မှုတွေကို ကိုင်တွယ်ရာမှာ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်သူအဖြစ် ခုထက်ထိ အခြေမကျသေးဘူး။”

ဂျာမနီနှင့် ရုရှားအချိတ်အဆက်

ဝန်ကြီးချုပ်ရှော့ဇ်က ဂျာမန်များကို နှစ်သစ်ကူးမိန့်ခွန်း ပြောကြားခဲ့ရာ၌ ပိုမိုပျော့ပျောင်းစွာ အသံပြုထားသည်။ ရုရှားက ယူကရိန်းကို ကျူးကျော်လာမည့်အရေးနှင့်ပတ်သက်၍ အနောက်နိုင်ငံများက ဒဏ်ခတ်မည်ဟု တင်းတင်းမာမာ သတိပေးနေချိန်တွင် ရှော့ဇ်က ‘အပြုသဘောဆောင်သော ဆွေးနွေးမှု’၏ အရေးကြီးပုံကို ဋီကာချဲ့ပြသည်။

ဂျာမန်ဝန်ကြီးချုပ်အနေနှင့် မဟာမိတ်နိုင်ငံများသာမက သူ၏ညွန့်ပေါင်းအစိုးရအဖွဲ့အတွင်း၌ပါ ဖိအားပေးခြင်းကို ခံနေရသည်။ ထိုအထဲတွင် အစိမ်းရောင်ပါတီခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘဲယားဘော့ ပါဝင်ပြီး ရုရှားဓာတ်ငွေ့ပိုက်လိုင်း Nord Stream အပြီးသတ်အဆင့် အတည်ပြုချက်ကို ဆိုင်းငံ့ထားရန် တောင်းဆိုနေသည်။

Nord Stream2 ဓာတ်ငွေ့ပိုက်လိုင်းသည် ရုရှား၏ သဘာဝဓာတ်ငွေ့များကို ကက်စပီယန်ပင်လယ်အောက်မှ ပိုက်လိုင်းဖြင့် သွယ်တန်းလျက် ရုရှားမှ ဂျာမနီသို့ ပို့လွှတ်မည့် ပိုက်လိုင်းဖြစ်သည်။ စုစုပေါင်း ၁,၂၃၀ ကီလိုမီတာ (၇၆၄ မိုင်) ရှည်လျားပြီး ယခင်ရှိနှင့်ပြီးဖြစ်သော မူလ Nord Steam (တစ်နှစ်လျှင် ကုဗမီတာ ၅၅ သန်း)ထက် နှစ်ဆရှိသောပမာဏကို ပို့လွှတ်နိုင်လိမ့်မည်။ ထိုပိုက်လိုင်းပြီးစီးသွားပါက EU နိုင်ငံများ၌ သဘာဝဓာတ်ငွေ့စျေးနှုန်း ကျဆင်းသွားနိုင်သကဲ့သို့ ဥရောပကို ကိုင်လှုပ်လာနိုင်သော ရုရှား၏ စွမ်းအင်ဆိုင်ရာ မဟာဗျူဟာလက်နက်လည်း ဖြစ်သွားနိုင်ပါသည်။ ပရော့ဂျက်ကို ၂၀၁၈ ခုနှစ်၌ စတင်၍ ၂၀၂၁ ခုနှစ်အတွင်း အပြီးသတ်ရန်ဖြစ်သော်လည်း ဘိုင်ဒင်အစိုးရ၏ ပိတ်ဆို့အရေးယူမှုများကြောင့် ၂၀၂၁ ခု မေလနောက်ပိုင်းတွင် ‘ဇော်ကန့်လန့်’ ဖြစ်နေရ၏။

ဂျာမနီ၏ ယခင်ဝန်ကြီးချုပ် အင်ဂျလာမာကယ်လက်ထက် Nord Stream2 ပရော့ဂျက်ကို ပံ့ပိုးစဉ်ကပင် ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံများက ဝေဖန်ခဲ့ကြသည်။ ပိုက်လိုင်းအပေါ် ဥရောပသားတို့ ထဲထဲဝင်ဝင်မှီခိုသွားရမည့်အရေးကို သူတို့တွေးပူခဲ့ကြ၏။ လွန်ခဲ့သောလအတွင်း ပိုလန်ဝန်ကြီးချုပ်က ရှော့ဇ်ထံ Nord Stream2 အကောင်အထည်ဖော်မှုကို ကန့်ကွက်ကြောင်း လူသိရှင်ကြားပြောခဲ့ပြီး ဤပိုက်လိုင်းသည် ရုရှားက စီးပွားရေးအရ နိုင့်ထက်စီးနင်းလုပ်လာနိုင်သည့် လက်နက်တစ်ခုဖြစ်ကြောင်း သတိပေးခဲ့၏။

အလုပ်ဖြစ်နိုင်သောနည်းဗျူဟာများ မည်သို့ရှိနေသည်ဖြစ်စေ ပူတင်၏ရည်မှန်းချက်များကို အကောင်အထည်ဖော်နေသည့် ကိစ္စတိုင်းတွင် အနောက်နိုင်ငံ ပါ၀ါပိုင်ရှင်များအကြား သဘောထားကွဲလွဲမှုပေါင်းစုံက အမှတ်ထင်ထင်ရှိနေသည်။ အီတလီဝန်ကြီးချုပ် မာရီယိုဒရာဂီက ရုရှား၏စစ်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်သက်၍ ကရင်မလင်သည် သံတမန်လမ်းကြောင်းကို ဆန္ဒရှိပြီး ‘လှုပ်ရှားတိုက်ပွဲဝင်ရန်’ ပြင်ဆင်ထားခြင်းမရှိကြောင်း ခပ်ဖော့ဖော့ပြောကြားခဲ့သည်။

အီတလီအရာရှိအချို့က ရုရှားရော အမေရိကန်ပြည်ထောင်စုပါ အကျိုးနည်းစေမည့် လာလတ္တံ့သောစစ်ကို စိုးရွံ့ကြောင်း ပြောကြသည်။ လွန်ခဲ့သောသီတင်းပတ်အတွင်း ရုရှားက အမေရိကန်ထံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်မူကြမ်းကို အဆိုပြုတင်ပြခဲ့ခြင်းသည် ညှိနှိုင်းဆွေးနွေးရန် စိတ်အားထက် သန်ခြင်းပြယုဂ်အဖြစ် ထောက်ပြခဲ့သည်။

မတူညီသော အသံများ

အမေရိကန်အရာရှိများသည် ဗဟိုဥရောပရှိ အစိုးရအသီးသီး၏ ရုရှားအပေါ် ရှုမြင်ချက်မျိုးစုံကို သေချာစွာ ရှာဖွေစိစစ်သွားရန် လိုအပ်သည်။ ၂၀၂၂ ခု ဇန်နဝါရီ ၃ ရက်၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် NATO ၏ အရှေ့ဖျားမဟာမိတ်များဖြစ်သော ဘူခါရက် ကိုးနိုင်ငံအုပ်စု  (Bucharest Nine group-B9) နှင့် တွေ့ဆုံခဲ့ကြောင်း၊ ယူကရိန်းနယ်စပ်ကို မတည်မငြိမ်ဖြစ်စေသော ရုရှား၏ စစ်ရေးလှုပ်ရှားမှုများကြောင့် NATO ၏ မဟာမိတ်များအကြား ပိုမိုစည်းလုံးညီညွတ်ကာ ရင်ဆိုင်ရန် အသင့်ရှိနေရမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုအနေနှင့် အတ္တလန္တိတ်သမုဒ္ဒရာရပ်ဝန်းမှ မိတ်ဆွေများနှင့်အတူ အတားအဆီးများကို ကျော်ဖြတ်ကာ ကာကွယ်ရေးနှင့် အပြန်အလှန်ဆွေးနွေးမှုများအတွက် ကတိကဝတ်ပြုပါကြောင်း ပြောဆိုခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ဆိုပါသည်။

၂၀၁၅ ခု နိုဝင်ဘာ ၄ ရက် ရိုမေးနီးယားနိုင်ငံ ဘူခါရက်၌ စတင်ထူထောင်ခဲ့သော B9 အုပ်စုတွင် ပိုလန်၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ချက်၊ အက်စတိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူယေးနီးယားနှင့် ဆလိုဗက်ကီးယားနိုင်ငံတို့ ပါဝင်သည်။

မတူခြားနားသော အမြင်တစ်ခုက ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း NATO အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ၊ ဒိန်းမတ်ဝန်ကြီးချုပ်ဟောင်း အန်ဒါဖော့ရပ်စ်မူဆန်ထံမှ လာသည်။ ပူတင်၏အဆိုပြုချက်များ မည်သို့ပင်ရှိစေကာမူ အနောက်နိုင်ငံများအနေနှင့် ရုရှား၏လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်များကို ဥပေက္ခာပြုလိုက်ရန် ရပ်စ်မူဆန်က တိုက်တွန်းပြန်သည်။

ရပ်စ်မူဆန်က ရုရှားသမ္မတသည် အနောက်နိုင်ငံ လုံခြုံရေးမဟာမိတ်ကို တစ်စစီဖျက်သိမ်းလိုကြောင်း ပွင့်ပွင့်လင်းလင်းပြောခဲ့ဖူးသည်ဟု ဆိုပါသည်။ ထို့ကြောင့် ‘သေနတ်ပြောင်းကို အောက်စိုက်ကာ ငြိမ်းချမ်းရေးဆွေးနွေးခြင်း’ မှာ ပူတင့်လိုဘကို ဖြည့်ဆည်းရာ ရောက်သွားမည်ဟု ကောက်ချက်ချသည်။

“NATO အတွင်းရေးမှူးချုပ်ဘဝမှာ ရုရှားသမ္မတပူတင်နဲ့ ပထမဆုံးတွေ့တဲ့အချိန်ကတည်းက သူအစည်းအဝေးမှာ NATO ကို ဖျက်သိမ်းချင်တဲ့အကြောင်း ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ တကယ်လို့များ NATO မဟာမိတ်တွေက ရုရှားရဲ့ လက်ရှိအဆိုပြုချက်တွေကို သဘောတူလိုက်မယ်ဆိုရင် ... သူ့ပန်းတိုင်ဆီ နောက်ထပ်ခြေတစ်လှမ်း ရှေ့ရောက်အောင် တွန်းပို့လိုက်တာပဲ”ဟု ရပ်စ်မူဆန်က ဖြည့်စွက်ပြောကြားသည်။

ရုရှားသမ္မတပူတင်နှင့် ကရင်မလင်မှ အရာရှိကြီးများကမူ သူတို့သည် ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ရန် အစီအစဉ်မရှိကြောင်း၊ သို့သော် အခြေအနေများ ‘ခုတ်ရာတခြား ရှရာတလွဲ’ ဖြစ်လာခဲ့သော် အဆင့်ဆင့်လက်တုံ့ပြန်မည်ကို သတိပေးလိုကြောင်း ပြောဆိုထားပါသည်။

Most Read

Most Recent