၂၀၂၁ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ

၂၀၂၁ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ဂျီဒီပီ
Published 4 January 2022
မိုးဧအောင်

ခရစ်နှစ် ဒီဇင်ဘာကုန်၍ ဇန်နဝါရီရောက်လေတိုင်း ကမ္ဘာအနှံ့ရှိ အင်စတီကျူးရှင်းပေါင်းစုံတို့သည် တစ်နှစ်တာနှစ်ချုပ်များ ထုတ်ပြန်ကာ အကြောင်းအကျိုး၊ အကောင်းအဆိုးတို့ကို သုံးသပ်သည့်ဓလေ့ ရှိကြသည်။

ယခု ၂၀၂၁ ခုနှစ်၊ နှစ်ချုပ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစွမ်းဆောင်ရည်ကို တိုင်းတာနေကျဖြစ်သော နိုင်ငံတစ်နိုင်ငံချင်း၏ စုစုပေါင်းပြည်တွင်း အသားတင်ထုတ်ကုန် (gross domestic product-GDP) စာရင်းများ ထွက်ပေါ်လာ၏။ ကမ္ဘာ့တိုင်းပြည်အသီးသီး၏ GDP များကို စုပေါင်းလိုက်လျှင် အမေရိကန်ဒေါ်လာ ၉၄ ထရီလျံ (၉၄ နောက်တွင် သုည ၁၂ လုံး) ရှိခဲ့၏။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) ၏ စာရင်းအင်းအချက်အလက်များကို အခြေခံကာ ထုတ်ပြန်လိုက်သည့် ပုံပြကားချပ်အရ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်နှင့် ဂျာမနီလေးနိုင်ငံတို့၏ GDP လုံးပေါင်းမှာ ကမ္ဘာ့ GDP ၏ ထက်ဝက်ကျော်ရှိနေသည်။ အမေရိကန်ပြည်ထောင်စုတစ်နိုင်ငံတည်း၏ GDP သည်ပင် ကျန်နိုင်ငံ ၁၇၀ တို့၏ စုစုပေါင်း GDP ထက် ကျော်လွန်နေပါသည်။

စုစုပေါင်း (ပြည်တွင်း) အသားတင်

ထုတ်ကုန် - GDP

စုစုပေါင်းပြည်တွင်းအသားတင် ထုတ်ကုန် (GDP) ဆိုသည်မှာ နိုင်ငံ (တိုင်းပြည်/နယ်နိမိတ်) တစ်ခု၌ သတ်မှတ်ထားသော အချိန်ကာလတစ်ရပ်အတွင်း ထုတ်လုပ်ပြီးစီးသမျှသော အပြီးသတ်ကုန်စည်နှင့် ဝန်ဆောင်မှု၏ ငွေကြေးတန်ဖိုးများဖြစ်၏။ GDP သည် တိုင်းပြည်တစ်ခု၏ စီးပွားရေးအခြေအနေကို လျှပ်တစ်ပြက်ထင်ဟပ်နိုင်သည့်အတွက် စီးပွားရေးအဆောက်အအုံ၏ အရွယ်အစားနှင့် စီးပွားရေးတိုးတက်မှုနှုန်းကိုပါ ခန့်မှန်းရာတွင် အသုံးဝင်သည်။ GDP ကို အသုံးစရိတ်နည်း၊ ကုန်ထွက်နည်းနှင့် ဝင်ငွေနည်းဟူ၍ နည်းလမ်းသုံးမျိုးဖြင့် တွက်ချက်နိုင်သည်။

အသုံးစရိတ်နည်းဆိုသည်မှာ ကုန်စည်နှင့် ဝန်ဆောင်မှုကို အပြီးသတ်သုံးစွဲသူများ၏ ဝယ်ယူမှုစုစုပေါင်းကို ပေါင်းခြင်းဖြင့် တွက်ချက်ခြင်းဖြစ်သည်။

ကုန်ထွက်နည်း (ထုတ်ကုန်နည်း)အရ ထုတ်လုပ်မှုဖြစ်စဉ် တစ်ဆင့်ချင်းအလိုက် “ထပ်ဆင့်တိုးတန်ဖိုး” များကို ပေါင်းခြင်းဖြင့် တွက်ချက်သည်။ (စုစုပေါင်း အရောင်းမှ သုံးစွဲခဲ့သော သွင်းအားစုတန်ဖိုးကို နုတ်ခြင်းဖြင့် ထပ်ဆင့်တိုးတန်ဖိုး ရရှိသည်။)

ဝင်ငွေနည်းအရ တွက်ချက်ရာတွင် ထုတ်လုပ်မှုဆိုင်ရာ စီးပွားရေးလုပ်ဆောင်ချက်အသီးသီးမှ ရရှိလာသည့် ဝင်ငွေအားလုံးကို စုပေါင်းခြင်းဖြင့် GDP ရရှိစေသည်။

နိုင်ငံတကာစံနှုန်းများနှင့်အညီ GDP ကိုတွက်ချက်ရာ၌ အောက်ပါဖော်မြူလာကို သုံးစွဲသည်။

GDP = C + I + G + (X – M)

C သည် တစ်ဦးချင်း ပုဂ္ဂလိကစားသုံးမှု (private consumption)၊ I သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၊ Gသည် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှု/ အစိုးရ၏ သုံးစွဲမှု၊ X သည် ပြည်ပပို့ကုန်၊ M သည် ပြည်တွင်းသွင်းကုန်ကို ရည်ညွှန်းသည်။

GDP ကို ဖော်ပြရာ၌ သက်မှတ်ကာလအတွင်း စျေးကွက်ပေါက်စျေးများနှင့်အညီ ရရှိလာသည့် ကိန်းဂဏန်းကို Nominal GDP ဟုခေါ်ပြီး နှစ်ကာလချင်း နှိုင်းယှဉ်လိုသည့်အခါ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ပြန်လည်ချိန်ညှိကာ Real GDP ရအောင် တွက်ချက်လေ့ရှိသည်။

GDP မြင်ကွင်းကျယ်

GDP သည် တိုင်းပြည်တစ်ပြည်၏ စီးပွားရေးကုန်ထွက်ရလဒ်ကို ကျယ်ပြန့်စွာ ပြသနိုင်သော ညွှန်ကိန်းတစ်ခုအဖြစ် တည်ရှိနေဆဲဖြစ်သည်။ တိုင်းပြည်အတွင်းရှိ အပြီးသတ်ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ စျေးကွက်ပေါက်စျေးကို သုံးလပတ်ဖြစ်စေ၊ တစ်နှစ်အတွက် သို့မဟုတ် နှစ်အလိုက်ဖြစ်စေ တိုင်းတာနိုင်၏။ ထို့အပြင် တိုင်းပြည်တစ်ခုကို အုပ်ချုပ်နေသောအစိုးရက သုံးစွဲခဲ့သော ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေးကဲ့သို့ အစိုးရ၏ အသုံးစရိတ်များကိုလည်း GDP တွင် ထည့်သွင်းတွက်ချက်ထားသည်။

ယေဘုယျသဘောပြောရလျှင် တိုင်းပြည်တစ်ခု၏ GDP တိုးတက်လာလျှင် ထိုတိုင်းပြည်အတွင်း စီးပွားရေးလုပ်ဆောင်ချက်များ ပိုမိုကျယ်ပြန့်လာခြင်း၊ လုပ်သားအင်အားစုနှင့် စီးပွားရေးလုပ်ငန်းများ အကျိုးအမြတ်ရလဒ်ကောင်း ထွက်ပေါ်လာခြင်းဟု သုံးသပ်နိုင်သည်။ (အကယ်၍ ပြောင်းပြန်ရလဒ် ထွက်ပေါ်ခဲ့သော် ညွှန်းဆိုခဲ့သောကဏ္ဍများ ကျဆင်းလျက်ရှိနေပြီဟု ဆိုရပါမည်။)

GDP ထိပ်တန်းနိုင်ငံများ

၂၀၂၁ ခုနှစ် GDP အရ ကမ္ဘာ့စီးပွားရေး၌ ထိပ်တန်းရောက်နေသောနိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု ၂၂.၉ ထရီလျံ (ကမ္ဘာ GDP ၏ ၂၄.၄ ရာခိုင်နှုန်း)၊ တရုတ် ၁၆.၉ ထရီလျံ (ကမ္ဘာ့ GDP ၏ ၁၇.၉ ရာ ခိုင်နှုန်း)၊ ဂျပန် ၅.၁ ထရီလျံ (ကမ္ဘာ့ GDP ၏ ၅.၄ ရာခိုင်နှုန်း)၊ ဂျာမနီ ၄.၂ ထရီလျံ (ကမ္ဘာ့ GDP ၏ ၄.၅ ရာခိုင်နှုန်း)၊ ဗြိတိန် ၃.၁ ထရီလျံ (ကမ္ဘာ့ GDP ၏ ၃.၃ ရာခိုင်နှုန်း)၊ အိန္ဒိယ ၂.၉ ထရီလျံ (ကမ္ဘာ့ GDP ၏ ၃.၁ ရာခိုင်နှုန်း)၊ ပြင်သစ် ၂.၉ ထရီလျံ (ကမ္ဘာ့ GDP ၏ ၃.၁ ရာခိုင်နှုန်း)၊ အီတလီ ၂.၂ ထရီလျံ (ကမ္ဘာ့ GDP ၏ ၂.၃ ရာခိုင်နှုန်း)၊ ကနေဒါ ၂.၀ ထရီလျံ (ကမ္ဘာ့ GDP ၏ ၂.၁ ရာခိုင်နှုန်း)နှင့် ကိုရီးယား ၁.၈ ထရီလျံ (ကမ္ဘာ့ GDP ၏ ၁.၉ ရာခိုင်နှုန်း)တို့ ဖြစ်ကြသည်။

ဒေါ်လာ ၂၂.၉ ထရီလျံရှိသော အမေရိကန်ပြည်ထောင်စု၏ GDP သည် ကမ္ဘာလုံးဆိုင်ရာစီးပွားရေး၏ ၂၅ ရာခိုင်နှုန်းခန့်ရှိကြောင်း အကြမ်းဖျင်းဆိုနိုင်သည်။ နှစ်ပေါင်း ၆၀ အတွင်း ယခုကိန်းဂဏန်းရောက်သည်အထိ တရိပ်ရိပ်ပြောင်းလဲလာခဲ့သည်။ ဘဏ္ဍာရေး၊ အာမခံနှင့်  အိမ်ရာမြေလုပ်ငန်းများသည် တိုင်းပြည်၏ အဓိကစီးပွားရေးလုပ်ငန်းများဖြစ်ပြီး တန်ဖိုး ၄.၇ ထရီလျံရှိသည်။ ထို့နောက်တွင် ပရော်ဖက်ရှင်နယ်နှင့် စီးပွားရေးဝန်ဆောင်မှုများ (၂.၇ ထရီလျံ)နှင့် အစိုးရ (၂.၆ ထရီလျံ) အစဉ်လိုက် ပါဝင်သည်။

တရုတ်၏ GDP မှာ အမေရိကန်ဒေါ်လာ ၁၇ ထရီလျံနီးပါးရှိပြီး ကမ္ဘာတွင် ဒုတိယလိုက်သည်။ သံမဏိ၊ အီလက်ထရွန်နစ်နှင့် စက်ရုပ်များ ချဲ့ထွင်ထုတ်လုပ်နိုင်သည့်အတွက်  ကမ္ဘာတွင် အကြီးမားဆုံး ကုန်ချောထုတ်လုပ်နိုင်သော နိုင်ငံဖြစ်သည်။

ဥရောပ၌ ဂျာမနီသည် အချမ်းသာဆုံး စီးပွားရေးအဆောက်အအုံရှိသည်။ ကမ္ဘာ့မော်တော်ကားတင်ပို့မှု၏ ရာခိုင်နှုန်း ၂၀ ခန့် ဂျာမနီက ဝေစုယူထားသည်။ ၂၀၁၉ ခုနှစ်တွင် ကုန်သွယ်မှုအရပ်ရပ်မှ ဝင်ငွေစုစုပေါင်းသည် ဂျာမနီ GDP ၏ ရာခိုင်နှုန်း ၉၀ နီးပါးရှိသည်။

GDP အောက်ဆုံးနိုင်ငံများ

အချမ်းသာဆုံးတို့၏ အခြားတစ်ဘက်၌ GDP အရ စီးပွားရေးအနိမ့်ပါးဆုံး တိုင်းပြည်များရှိသည်။ အခြေခံအားဖြင့် ဖွံ့ဖြိုးဆဲတိုင်းပြည်များနှင့် ကျွန်းနိုင်ငံများ ပါဝင်သည်။

GDP အဖြစ် အမေရိကန်ဒေါ်လာသန်း ၇၀ သာရှိသော တူဗာလူနိုင်ငံမှာ ကမ္ဘာတွင် စုစုပေါင်းအသားတင် ပြည်တွင်းထုတ်ကုန်အနည်းဆုံးဖြစ်သည်။ တူဗာလူသည် ဟာဝိုင်အီနှင့် သြစတြီးယားအကြား တည်ရှိပြီး မီးတောင်များရှိရာ ထိုကျွန်းစုသည် နယ်နိမိတ်ကန့်သတ်ထားသော ငါးဖမ်းလုပ်ငန်းကိုသာ စီးပွားရေးအဖြစ် မှီခိုနေရသည်။

တူဗာလူ၏ နောက်ထပ်တိုင်းပြည်ဝင်ငွေမှာ “.tv တည်းဟူသော ကွန်ရက်မူပိုင်နာမည် (web domain) အသုံးပြုခြင်းမှ ရရှိသည်။ ၂၀၁၁ မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ်အမေရိကန်ဒေါ်လာ ငါးသန်း ပြည်ပကုမ္ပဏီများထံမှ ဝင်ငွေရရှိသည်။ Amazon ကုမ္ပဏီပိုင် ‘Twitch.tv’ ကွန်ရက်အမည်အတွက် တစ်နှစ်လျှင် GDP ၏ ခုနစ်ရာခိုင်နှုန်းခန့် လိုင်စင်ကြေး ရရှိသည်။

GDP အနိမ့်ဆုံးတိုင်းပြည်များမှာ တူဗာလူ၊ နော်ရူ၊ ပါလူ၊ ကီရီဘတီကျွန်းစု၊ မာရှယ်ကျွန်း၊ မိုက်ကရိုနက်ဆီးယား၊ ကွက်ကျွန်းစု၊ တွန်ဂါ၊ ဆာအိုတွမ်နှင့် ဒိုမီနီကာတို့ ငယ်စဉ်ကြီးလိုက် (GDP တန်ဖိုး - ဒေါ်လာသန်း ၇၀ မှ ၅၀၀ သန်း) ရှိနေကြသည်။

တူဗာလူကဲ့သို့ပင် နော်ရူ၊ ပါလူ၊ ကီရီဘတီစသည့် သမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံများတွင် လုပ်သားအင်အား၏ သုံးပုံတစ်ပုံခန့်မှာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုအားထားကြရသည်။

၂၀၂၁ ခုနှစ်အတွင်း

စီးပွားရေးအတိုးတက်ဆုံးနိုင်ငံများ

ယခင်နှစ် GDP ထက် ၁၂၃ ရာခိုင်နှုန်းတိုးတက်ခဲ့သော လစ်ဗျား၏စီးပွားရေးသည် ယခု ၂၀၂၁ ခုအတွင်း ကမ္ဘာ့အမြင့်မားဆုံးတိုးတက်နှုန်းဟု ခန့်မှန်းပါသည်။

နိုင်ငံအတွင်း တစ်ရက်လျှင် စည်ပေါင်း ၁.၂ သန်း ထုတ်လုပ်နေသော ရေနံစိမ်းများက တိုးတက်မှုကိန်းဂဏန်း၏ အခရာဖြစ်သည်။ ထို့ပြင်ပြည်ပပို့ကုန်မြင့်မားခြင်းနှင့် ကုန်စျေးနှုန်းများ ကျဆင်းနေခြင်းတို့ကလည်း ဤသို့ GDP ရာခိုင်နှုန်းတိုးစေသော အခြေခံအကြောင်းတရားများအဖြစ် တည်ရှိနေပါသည်။

၂၀၂၁ ခုနှစ်အတွင်း GDP သိသိသာသာ တိုးတက်ခဲ့သောနိုင်ငံများမှာ လစ်ဗျား (၁၂၃.၂ ရာခိုင်နှုန်း)၊ ဂီနီ (၂၀.၄ ရာခိုင်နှုန်း)၊ မကာအို (၂၀.၄ ရာခိုင်နှုန်း)၊ မော်လ်ဒိုက် (၁၈.၉ ရာခိုင်နှုန်း)၊ အိုင်ယာလန် (၁၃ ရာခိုင်နှုန်း)၊ အရူဘာ (၁၂.၈ ရာခိုင်နှုန်း)၊ ပနားမား (၁၂ ရာခိုင်နှုန်း)၊ ချီလီ (၁၁ ရာခိုင် နှုန်း)၊ ပီရူး (၁၀ ရာခိုင်နှုန်း)နှင့် ဒိုမီနီကန် (၉.၅ ရာခိုင်နှုန်း)တို့ ဖြစ်ကြသည်။

အိုင်ယာလန်စီးပွားရေးတွင် GDP ၁၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကမ္ဘာအနှံ့ကြီးစိုးနေသော နိုင်ငံစုံကော်ပိုရေးရှင်းများ၏ ပံ့ပိုးမှုပါဝင်သည်။ Facebook၊ Tik Tok၊ Google၊ Apple နှင့် Pfizer တို့၏ ဥရောပဆိုင်ရာရုံးချုပ်များမှာ အိုင်ယာလန်နိုင်ငံအတွင်း တည်ရှိနေကြပြီး ကော်ပိုရိတ်အခွန်အဖြစ် ၁၂.၅ ရာခိုင်နှုန်း ကောက်ခံရရှိနေသည်။ ယင်းပမာဏမှာ တစ်ကမ္ဘာလုံးပျမ်းမျှ ကော်ပိုရိတ်အခွန်၏ ထက်ဝက်ခန့်ရှိသည်။ သို့သော် ဤအခွန်နှုန်းထားများမှာ မကြာမီပြောင်းလဲတော့မည်ဖြစ်သည်။ အိုင်ယာလန်သည် OECD သို့ ဝင်ရောက်ခဲ့သည့်အတွက် အနည်းဆုံး ကော်ပိုရိတ်ခွန် ၁၅ ရာခိုင်နှုန်း သဘောတူညီချက်မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ၌ အပြီးသတ်ညှိနှိုင်းခဲ့ပြီးဖြစ်သည်။

မကာအို၏စီးပွားရေးမှာ ကိုဗစ်-၁၉ ထိန်းချုပ်ကန့်သတ်ချက်များ ဖြေလျှော့ပေးသည်နှင့် တစ်ပြိုင်နက် ပြန်လည်ဦးမော့လာသည်။ သို့သော် တရုတ်ပိုင်နက်များ၏ မိုးကုပ်စက်ဝိုင်းပေါ်တွင် မုန်တိုင်းထန်လာနိုင်သော တိမ်ညိုတိမ်မည်း အရိပ်နိမိတ်များကို မြင်နေရသည်။ တရုတ်ကွန်မြူနစ်ပါတီ၏ အဂတိတိုက်ဖျက်ရေးစီမံချက်အရ လက်ငင်းပေါ်ပေါက်နေသော အဖမ်းအဆီးများသည် တရုတ်ပြည်မကြီးနှင့် ကမ္ဘာ့အကြီးဆုံး လောင်းကစားနယ်မြေအကြား အဆက်အစပ်ကို ပိုမိုအလေးထားရန် အချက်ပြနေပါသည်။

ကမ္ဘာ့ GDP အနာဂတ်မျှော်မှန်းချက်

ကမ္ဘာလုံးဆိုင်ရာ GDP သည် ၉၄ ထရီလျံအထိ ရှိနေသည်မှာ ပစ္စုပ္ပန်ကာလ၌ ကြီးမားသောကိန်းဂဏန်းဟု ဆိုရမည်ဖြစ်သော်လည်း အနာဂတ်အတွက်မူ သင့်နိုးရာရာ ကိန်းဂဏန်းမျှသာ ရှိနေပေလိမ့်မည်။

အတိတ်ကာလ ၁၉၇၀ ပြည့်နှစ်က ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ စုစုပေါင်း GDP တန်ဖိုး သုံးထရီလျံမျှသာ ရှိခဲ့သဖြင့် ယခုနှစ်အောက် အဆ ၃၀ ခန့် သေးငယ်ခဲ့၏။ တစ်ဖန်အနာဂတ် နှစ် ၃၀ တွင် ကမ္ဘာ့စီးပွားရေးကို ပစ္စုပ္ပန်ကာလ၏ နှစ်ဆဖြစ်မည်ဟု မျှော်လင့်ထားကြသည်။ ကိန်းဂဏန်းအရ ဖော်ပြရသော် ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ GDP မှာ အမေရိကန်ဒေါ်လာ ၁၈၀ ထရီလျံနီးပါး ကပ်သွားနိုင်ပါသည်။

Most Read

Most Recent