မြန်မာနိုင်ငံသို့ ကြိုတင်သတ်မှတ်ချက်မရှိဘဲ သွားရောက်ရန် အသင့်ရှိနေသည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြား

မြန်မာနိုင်ငံသို့ ကြိုတင်သတ်မှတ်ချက်မရှိဘဲ သွားရောက်ရန် အသင့်ရှိနေသည်ဟု အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ပြောကြား
ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အား တွေ့ရစဉ် (Photo:Hun Sen Facebook)
ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်အား တွေ့ရစဉ် (Photo:Hun Sen Facebook)
Published 4 December 2021
Ref: RFA

မြန်မာနိုင်ငံသို့ ကြိုတင်သတ်မှတ်ချက် တစ်စုံတစ်ရာမရှိဘဲ သွားရောက်ရန် ဆန္ဒရှိနေကြောင်း အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာသည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားခဲ့သည်ဟု သိရသည်။

မြန်မာဘက်မှ ၎င်းအား နေပြည်တော်သို့ လာရောက်ရန် ခွင့်ပြုချက်မပေးရသေးမီတွင်  လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ကမ္ဘောဒီးယားသို့ ဖိတ်ကြားရန် စီစဉ်နေကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်က ပြောကြားခဲ့ဟု ကမ္ဘောဒီးယားနိုင်ငံပိုင် Agence Kamupchea Presse (AKP) သတင်းဌာနက ဒီဇင်ဘာ ၂ ရက်တွင် ဖော်ပြသည်။

“ ဒီဇင်ဘာ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ကမ္ဘောဒီးယားကို လာရောက်ဖို့အတွက် မြန်မာနိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကြိုတင်သတ်မှတ်ချက် တစ်စုံတစ်ရာ မရှိဘဲ ကမ္ဘောဒီးယားရဲ့ ဝန်ကြီးချုပ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ဖို့ အသင့်ရှိနေပါတယ်” ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်ဟု အဆိုပါသတင်းဌာနက ဖော်ပြခဲ့သည်။

အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အာဆီယံအဖွဲ့ကြီးအနေဖြင့် ပြင်ပမှ မိတ်ဖက်များကို စိတ်ကျေနပ်စေရန်အတွက် ဒေသတွင်း အဖွဲ့အစည်းဖြစ်သော အာဆီယံ၏ အစည်းအဝေးများမှ မြန်မာနိုင်ငံကို ချန်လှပ်ထားခြင်းကြောင့် အဖွဲ့ဝင် ကိုးနိုင်ငံတည်းသာ မဖြစ်သင့်ကြောင်း ဟွန်ဆန်က ယူဆလျက်ရှိသည်ဟု သတင်းတွင် ဖော်ပြထားသည်။

“ အာဆီယံကို ကိုးနိုင်ငံပဲ ထားမလား ၁၀ နိုင်ငံအဖြစ် ဆက်ထားမလား ဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် စဉ်းစားနေပါတယ်။ ကိုးနိုင်ငံပဲ ဆိုရင်တော့ ပြဿနာတစ်ခုပါပဲ” ဟုလည်း ဟွန်ဆန်က ပြောကြားသည်။

“ ကျွန်တော်တို့ဟာ တခြားသူတွေ စိတ်ကျေနပ်စေဖို့ ကိုယ့်ရဲ့အိမ်ကို ပြန်ဖျက်ဆီးဖို့ ဆန္ဒရှိနေတာပါလား။ အာဆီယံကိုကုလသမဂ္ဂနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ အာဆီယံရဲ့ အရေးအကြီးဆုံးအချက်က အားလုံးရဲ့ သဘောဆန္ဒပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးနိုင်ငံမဟုတ်ဘဲ ၁၀ နိုင်ငံ ဖြစ်သင့်ပါတယ်” ဟုလည်း သူက ဆက်လက်ပြောသည်။

ဟွန်ဆန်အနေဖြင့် ယခုနှစ် အောက်တိုဘာလထဲတွင် ကျင်းပခဲ့သည့် အာဆီယံ၏ အရေးအပါဆုံး ထိပ်သီးအစည်းအဝေးမှ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့်မပြုရန် ဆုံးဖြတ်ခဲ့မှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်ခေါင်းဆောင်များအနေဖြင့် အတိုက်အခံများနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရေးအတွက် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူခဲ့သော ကမ္ဘောဒီးယားနိုင်ငံက ဖိအားပေးမည် ဖြစ်ကြောင်းနှင့် လာမည့်နှစ်အစောပိုင်းတွင် လုပ်ငန်းတာဝန်များ စတင်နိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်ကို ခန့်အပ်မည်ဟု အောက်တိုဘာ ၂၈ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားသည်။

ကမ္ဘောဒီးယားနိုင်ငံမတိုင်မီ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သော ဘရူနိုင်းနိုင်ငံက ယခုနှစ်ဧပြီလတွင် အာဆီယံခေါင်းဆောင်များအစည်းအဝေးတွင် ရရှိခဲ့သည့် ဘုံသဘောတူညီချက်ငါးချက်အား အကောင်အထည်ဖော်ရန် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အီရီဝမ်ယူဆွဖ်ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် အီရီဝမ်ကိုသက်ဆိုင်သူ အားလုံးနှင့်တွေ့ခွင့်ပေးရန် မြန်မာဘက်မှ ငြင်းဆန်ခဲ့သဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အောက်တိုဘာလ နောက်ဆုံးပတ်က ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း မရှိပေ။

အလားတူ နိုဝင်ဘာလအတွင်းကျင်းပခဲ့သည် တရုတ်-အာဆီယံအထူးအစည်းအဝေးသို့ တက်ရောက်ရန် တရုတ်နိုင်ငံက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့သော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က ယခင်အတိုင်း နိုင်ငံရေးရာထူးမရှိသည့် ကိုယ်စားလှယ်သာ တက်ရောက်ခွင့်ပေးရန် ဆက်လက်ကန့်ကွက်သဖြင့် မြန်မာနိုင်ငံက ၎င်းအစည်းအဝေးအား ပါဝင်တက်ရောက်ခြင်းမရှိသည့်အပြင် ကမ္ဘောဒီးယားကအိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော အာရှ-ဥရောပထိပ်သီး အစည်းဝေး (ASEM) သို့လည်း မြန်မာနိုင်ငံက ပါဝင်ရောက်ခဲ့ခြင်း မရှိသည်ကို တွေ့ရသည်။

Most Read

Most Recent