တူရကီနိုင်ငံတွင် သုံးရက်ကြာကျင်းပခဲ့သည့် အင်တာပိုလ်အထွေထွေညီလာခံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့

တူရကီနိုင်ငံတွင် သုံးရက်ကြာကျင်းပခဲ့သည့် အင်တာပိုလ်အထွေထွေညီလာခံသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့
Published 29 November 2021

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ သုံးရက်ကြာကျင်းပခဲ့သည့် (၈၉)ကြိမ်မြောက် အင်တာပိုလ်အထွေထွေညီလာခံသို့ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဦးဆောင်သော အဆင့်မြင့်ရဲအရာရှိကြီးများ ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

 (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံသို့ အင်တာပိုလ် အဖွဲ့ဝင် ၁၉၄ နိုင်ငံအနက် ၁၆၉ နိုင်ငံမှ ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာနများ၏ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ ရဲအဖွဲ့ အကြီးအကဲများ ဦးဆောင်သည့် အဆင့်မြင့် အရာရှိကြီးများ၊ အင်တာပိုလ်မှအမှုဆောင် ကော်မတီဥက္ကဋ္ဌ Mr.KIM Jong Yang ၊ အထွေထွေအတွင်းရေးမှူးချုပ် Mr.Jurgen Stock နှင့် အမှုဆောင်ကော်မတီဝင်များ နိုင်ငံတကာမှုခင်းတိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်းညီလာခံပထမနေ့တွင် ကမ္ဘာတစ်ဝန်းပုံစံမျိုးစုံဖြင့် တိုးတက်များပြားလာသော နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အကြမ်းဖက်မှုနှင့် ဆိုက်ဘာမှုခင်းများသည် နယ်နိမိတ်မရှိဘဲ ထိုးဖောက်ဝင်ရောက်လျက်ရှိသဖြင့် ရဲတပ်ဖွဲ့ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ထိရောက်စွာ တိုက်ဖျက်နှိမ်နင်းနိုင်ရေး၊ အဆင့်မြင့်နည်းပညာ အသုံးပြုနိုင်ရေး၊ မှုခင်းသတင်းအချက်အလက်ဖလှယ်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက်သက်တမ်းကုန်ဆုံးသည့် အင်တာပိုလ်အလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ နှင့်ကော်မတီဝင် ဒေသဆိုင်ရာကိုယ်စားလှယ် ၁၂ နေရာအား လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခန့်အပ်ခြင်းတို့တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ညီလာခံဒုတိယနေ့တွင် WHO ဥက္ကဋ္ဌက Online မှ မိန့်ခွန်းပြောကြား ခြင်း၊ COVID-19 ကပ်ရောဂါ၏ သက်ရောက်မှုကို ဖြေရှင်းမည့်အစီအမံများ အတည်ပြုခြင်း၊ မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ (Federal State of Micronesia) အား အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံအဖြစ် လျှောက်ထားမှုကို လျှို့ဝှက်မဲပေး၍အတည်ပြုခြင်း၊ အင်တာပိုလ်၏ အုပ်ချုပ်မှုနှင့် သတင်းအချက်အလက် အသုံးပြုမှုပုံစံများ၊ အမှုဆောင်ကော်မတီရွေးချယ်ခန့်အပ်ခြင်း၊ အင်တာပိုလ် မဟာဗျူဟာမူဘောင် ၂၀၂၂-၂၀၂၅၊ (၈၉) ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံဆုံးဖြတ်ချက် ၁၄ ချက်အား အတည်ပြုခြင်းတို့ ပါဝင်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ညီလာခံတတိယနေ့တွင် အင်တာပိုလ်နှင့် ပူးပေါင်းဆောင်ရွက်မည့် အာရပ်ပြည်ထဲရေး ဝန်ကြီးများအဖွဲ့(AIMC)၊ ကမ္ဘာ့တိရစ္ဆာန်များဆိုင်ရာအဖွဲ့အစည်း (OIE) ၊ နိုင်ငံတကာရဲချုပ်များအသင်း (IACP) တို့နှင့် နားလည်မှုစာချွန်လွာ လက်မှတ်ရေးထိုးခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့အတူ  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်သည် အင်တာပိုလ် ညီလာခံတက်ရောက်စဉ်အတွင်း အင်တာပိုလ်အမှုဆောင်ကော်မတီဥက္ကဋ္ဌ Mr.KIM Jong Yang ၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Jurgen Stock တို့အား သီးခြားစီတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် ၂၀၂၂- ၂၀၂၅ လေးနှစ်ရာထူး သက်တမ်းအတွက် အင်တာပိုလ်ဥက္ကဋ္ဌ ရွေးချယ်ခြင်းခံရသော အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (UAE) ရဲချုပ် Police Inspector General, H.E Ahmed Nasser Al Raisi အားလည်းကောင်း၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး HE. Mr. Sergey N.Lebedev ၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး HE. Nyugen Duy Ngoc တို့နှင့်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြည်သူ့ လုံခြုံရေးရာဝန်ကြီးဌာန နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးနှင့် ရဲအဖွဲ့အကြီးအကဲ၊ အိန္ဒိယနိုင်ငံရဲတပ်ဖွဲ့၊ ထိုင်းနိုင်ငံတော်ဝင်ရဲအဖွဲ့တို့မှ ရဲတပ်ဖွဲ့အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံကာ နှစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာနများနှင့် ရဲတပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးစွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရေး၊ မှုခင်းများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့် တင်ရေးတို့ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

 (၈၉)ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံတက်ရောက်၍ အင်တာပိုလ်၏ ရဲအဖွဲ့များ စွမ်းရည်မြှင့်တင်ရေးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့်ကဏ္ဍများနှင့် မြန်မာနိုင်ငံမှုခင်း တားဆီးနှိမ်နင်းရေးတွင် ရဲတပ်ဖွဲ့များ အချင်းချင်းပူးပေါင်းဆောင်ရွက်မှုကဏ္ဍများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့လေကြောင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ နိုဝင်ဘာ ၂၇ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent