ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသုံးသူများအား ဆန်ကြမ်းတစ်ပြည်ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည်ကျပ် ၁၇၀၀၊ ဆီ ၅၀ သားတစ်ဘူးလျှင် ကျပ် ၁၈၅၀၊ ဆိတ်သားနှင့် အမဲသားကို မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ဆန် Exporter ကုမ္ပဏီကြီးများမှ နိုဝင်ဘာ ၁၅ နှင့် ၁၆ ရက်က ဆက်လက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်က ကမာရွတ်၊ ကော့မှူး၊ မရမ်းကုန်း၊ ဒလ၊ ဆိပ်ကြီး ခနောင်တိုမြို့နယ်နှင့် ရွှေပြည်သာ၊ အင်းစိန်၊ သန်လျင်၊ သုံးခွ၊ တွံတေးမြို့နယ်တို့တွင် ဆက်လက် ရောင်းချပေးလျက်ရှိသည်။
နိုဝင်ဘာ ၈ ရက်က သင်္ဃန်းကျွန်း၊ မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ မင်္ဂလာဒုံမြို့နယ်တို့တွင် ဆန်ကြမ်းတစ်ပြည်ကျပ် ၁၀၀၀၊ ပေါ်ဆန်းမွှေးတစ်ပြည် ကျပ် ၁၇၀၀ ၊ ဆီ ၅၀ သားတစ်ဘူးလျှင် ကျပ် ၁၈၅၀၊ ဆိတ်သားနှင့် အမဲသားတို့ကို ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၅ ရက်က ကမာရွတ်၊ ကြည့်မြင်တိုင်၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင် ရောင်းချခဲ့ခြင်း ဖြစ်သည်။
အောက်တိုဘာ ၂၉ ရက်က မင်္ဂလာဒုံ၊ အင်းစိန်၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီးမြို့နယ်များတွင် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၂၃ ရက်က ဒေါပုံ၊ ပုဇွန်တောင်၊ မြောက်ဥက္ကလာ၊ ရန်ကင်း၊ ဗိုလ်တထောင်မြို့နယ်တို့တွင် ရောင်းချပေးခဲ့သည်။
အောက်တိုဘာ ၁၂ ရက်က ရွှေပြည်သာ၊ လှိုင်သာယာ (အရှေ့) ၊ ရန်ကင်း၊ သင်္ဃန်းကျွန်း၊ သာကေတ၊ မြောက်ဥက္ကလာမြို့နယ်တို့တွင် ရောင်းချခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၆ ရက်က ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ ဒေါပုံ၊ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ သာကေတနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့တွင် လည်းကောင်း၊ စက်တင်ဘာ ၄ ရက်က ကမာရွတ်၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ လှိုင်၊ အလုံ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်မြို့နယ်တွင်လည်းကောင်း အသီးသီးရောင်းချပေးခဲ့သည်။
ရန်ကုန်မြို့သို့ ဆန်များပုံမှန်ပြန်လည် ဝင်ရောက်စေရေးနှင့် ဆန်စျေးတည်ငြိမ်စေရေးအတွက် ကိုဗစ်-၁၉ ကြောင့် ပိတ်ထားသည့် ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကို သြဂုတ် ၁၆ ရက်မှစတင်ကာ ပုံမှန်ပြန်ဖွင့်ပေးနေကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်း၊ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကော်မတီက ကြေညာထားသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းတို့၏ လမ်းညွှန်ချက်များအရ ရန်ကုန်မြို့သို့ ဆန်များပုံမှန်ပြန်လည်ဝင်ရောက်စေရေးနှင့် ဆန်စျေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ကို သြဂုတ် ၁၆ ရက်မှစတင်၍ အပတ်စဉ် တနင်္လာမှ သောကြာအထိ တစ်ပတ်လျှင်ငါးရက် ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များနှင့် ယခင်ကုန်စည်ဒိုင် ပိတ်ရက်များအဖြစ် ကြေညာထားသော ကုန်စည်ဒိုင်ပိတ်ရက်များကိုသာ ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ၏ ပိတ်ရက်များဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဆန်စပါးကုန်စည်ဒိုင် (၀ါးတန်း) ပုံမှန် ပြန်လည်ဖွင့်လှစ်မည့် အပတ်စဉ် (တနင်္လာမှ သောကြာ) များတွင် အသင်းသူ အသင်းသားများအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်သောအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာကျင့်သုံး၍ ရောင်း/ဝယ်ကြရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း၊ ဆန်စပါးကုန်စည်ဒိုင်များသည် ရန်ကုန်မြို့နှင့် နိုင်ငံအဝန်း စားသုံးသူပြည်သူများ၏ နေ့စဉ်စားသုံးနေသော စားနပ်ရိက္ခာဆန်များ ဖြန့်ဖြူးပေးရာ အဓိကကျသောနေရာများ ဖြစ်သည့်အပြင် စားနပ်ရိက္ခာအတွက် မရှိမဖြစ် လိုအပ်သောနေရာများ ဖြစ်သည်။















