တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း မြဝတီမြို့တွင် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများ လက်ခံကြိုဆိုရေးအစီအစဉ်ကို သုံးရက်ရပ်နားမည်

တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း မြဝတီမြို့တွင် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများ လက်ခံကြိုဆိုရေးအစီအစဉ်ကို သုံးရက်ရပ်နားမည်
နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို မြဝတီမြို့တွင် တွေ့ရစဉ်
နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သားများကို မြဝတီမြို့တွင် တွေ့ရစဉ်
Published 16 November 2021
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံမှ မိခင်နိုင်ငံသို့ ပြန်လာသူများအား နေရပ်ပြန်ကြိုဆိုရေးကို တစ်ရက်ခြားကြိုဆိုလျက်ရှိရာ တန်ဆောင်တိုင်ပိတ်ရက်အဖြစ် နိုဝင်ဘာ ၁၆ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ နိုဝင်ဘာ ၂၀ ရက် သုံးရက်နားမည်ဖြစ်ကြောင်း သိရသည်။

“ထိုင်းကနေ ပြန်လာသူတွေကို တစ်ရက်ခြားပြီး တစ်နေ့ ၅၀၀ ကြိုဆိုနေတာပါ။ အခုတန်ဆောင်တိုင်ပွဲတော် ပိတ်ရက်အဖြစ် နိုဝင်ဘာ ၁၆၊ ၁၈၊ ၂၀ သုံးရက်နားထားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ၂၁ ရက်နေ့မှာတော့ နေရပ်ပြန်တွေကို ဆက်လက်ကြိုဆိုသွားမှာ ဖြစ်ပါတယ်” ဟု ချစ်ကြည်ရေးတံတားအမှတ် (၂) မှ နေရပ်ပြန်ကြိုဆိုရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကိုဗစ်လှိုင်းဂယက်ကြောင့် နေရပ်ပြန်ကြိုဆိုရေးကို ပိတ်ထားခဲ့ရာမှ သြဂုတ် ၁ ရက်မှစတင်ကာ တစ်ရက်ခြား၍ တစ်နေ့လျှင်၂၀၀ ဦး ကြိုဆိုလက်ခံခဲ့ပြီး စက်တင်ဘာ ၂၆ ရက်မှစကာ နေရပ်ပြန်လာသူများကို တစ်ရက်ခြား တစ်နေ့လျှင် လူ ၅၀၀ အထိ ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

နေရပ်ပြန်လာသူများမှာ ထိုင်းနိုင်ငံအတွင်း ကိုဗစ်ကြောင့် အလုပ်လက်မဲ့ဖြစ်လာသူ၊ ကလေးမွေးပြီး ပြန်ပို့သူ၊ ကလေးပြန်မွေးသူ မိခင်လောင်းများ၊ ဖမ်းဆီးခံအချုပ်လွတ်များ ပါဝင်ကြောင်း သိရသည်။

ကိုဗစ်တတိယလှိုင်းကာလ နေရပ်ပြန်များ စတင်ကြိုဆိုခဲ့သည့် သြဂုတ် ၁ ရက်မှစ၍ နိုဝင်ဘာလ ဒုတိယပတ်အထိ မဲဆောက်-မြဝတီလမ်းမှတစ်ဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

အချုပ်လွတ်ဖြင့် ပြန်လာသူများမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်လာသူများသည် ကိုဗစ်အတားအဆီးများကြောင့် နယ်မြေဖြတ်ကျော်သွားလာခွင့်မရ၍ ပွဲစားများနှင့်ချိတ်ဆက်ကာ ငွေပေးပြီး ဟန်ဆောင်အဖမ်းခံကာ တောမောင်းရုံးအစီအစဉ်ဖြင့် ပြန်လာကြခြင်းဖြစ်ပြီး ကုန်ကျစရိတ် ဘတ် ၉၀၀၀(ကျပ်ငါးသိန်းကျော်) ခန့် အကုန်ကျခံပြန်လာကြသူများဖြစ်ကြောင်း နေရပ်ပြန်လာသူများထံမှ သိရသည်။

ငွေပေးပြီး ဟန်ဆောင်ဖမ်းဆီးခံပြန်လာရသူများဖြစ်သော်လည်း ထိုင်းလဝကရုံးက ပတ်စပို့စာအုပ်အား ပြန်ဝင်ခွင့်မရှိတော့သည့် တံဆိပ်တုံးထုပေးလိုက်သည့်အတွက် များစွာနစ်နာကြကြောင်း နေရပ်ပြန်လာသူများက ပြောကြားသည်။

Most Read

Most Recent