ဗဟိုဘဏ်က တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ဒေါ်လာ ၁၂ သန်းဖြင့် တင်သွင်းခဲ့သော စားအုန်းဆီများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၆၇၆၄ ဒသမ ၁၀ တန်ရောင်းချ

ဗဟိုဘဏ်က တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ဒေါ်လာ ၁၂ သန်းဖြင့် တင်သွင်းခဲ့သော စားအုန်းဆီများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၆၇၆၄ ဒသမ ၁၀ တန်ရောင်းချ
Published 16 November 2021

ဗဟိုဘဏ်က တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ဒေါ်လာ ၁၂         သန်းဖြင့် တင်သွင်းခဲ့သော စားအုန်းဆီများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ၆၇၆၄ ဒသမ ၁၀ တန် ရောင်းချထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ ၁၂ သန်းဖြင့် မှာယူတင်သွင်းခဲ့သော စားအုန်းဆီများကို နိုဝင်ဘာ ၉ ရက်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသအသီးသီးရှိ လက်လီလက်ကား ရောင်းချသူများသို့ တစ်ပိဿာလျှင် ကျပ် ၄၂၄၀ ဖြင့် နေ့စဉ်ဖြန့်ဖြူး ရောင်းချလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့တွင် တန်ချိန် ၆၇၆၄ ဒသမ ၁၀ တန်၊ ၄၁၃၉၆၃၀ ပိဿာ ရောင်းချပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက လက်ကားစျေး တစ်ပိဿာလျှင် ကျပ် ၃၇၀၀ နှုန်းဖြင့် ဝယ်ယူရရှိခဲ့သည့် အရောင်းဆိုင်များသည် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ဆောင်း၍ နှစ်ရာခိုင်နှုန်းထက်မပိုသော အမြတ်ဖြင့် ရောင်းချပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုရင့်နောင်ပွဲရုံတန်းနှင့် ညောင်ပင်လေးစျေးတို့တွင် လက်ကားဖြန့်ဖြူးရောင်းချပေးခဲ့သည့်အပြင် ဆီအသင်း၏အစီအစဉ်ဖြင့် မြို့နယ်/ရပ်ကွက်များသို့ စျေးကားများဖြင့် လှည့်လည်ရောင်းချခဲ့ပြီး နေပြည်တော်အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း လက်လီလက်ကား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး စားအုန်းဆီများကို လက်ကားဝယ်ယူရောင်းချသူများအနေဖြင့် လက်လီအရောင်းဆိုင်များတွင် အသားတင်အကျိုးအမြတ် နှစ်ရာခိုင်နှုန်းထက် မပိုသည့်စျေးနှုန်းဖြင့်  စားသုံးသူပြည်သူများသို့ ပြန်လည်ဖြန့်ဖြူး ရောင်းချသွားရမည်ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့အတွင်းရှိ စားသုံးသူများအတွက် အသင်း၏အစီအစဉ်ဖြင့် ရပ်ကွက်များသို့ စျေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး စားသုံးသူပြည်သူများ လက်လီလက်ကား ရောင်းချပေးမည့်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

ဗဟိုဘဏ်က ဒေါ်လာလိုအပ်ချက်ရှိနေသောကဏ္ဍများ အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးကဏ္ဍများသို့ AD လိုင်စင်ရဘဏ်များမှတစ်ဆင့် ဒေါ်လာသန်း ၄၀ ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့်  အမေရိကန်ဒေါ်လာ လိုအပ်ချက်ရှိနေသော ကဏ္ဍများ (အထူးသဖြင့် စားသုံးဆီ၊ စက်သုံးဆီနှင့် ဆေးဝါးများ) သို့ ဘဏ်များမှတစ်ဆင့် ရောင်းချပေးနိုင်ရန်အတွက် အပတ်စဉ် လေလံခေါ်ယူ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

လေလံမှ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ကျပ် ၁၇၅၀ ဖြင့် ရောင်းချပေးပြီး ဘဏ်များမှ ကုမ္ပဏီများသို့ ၁၇၅၃ ကျပ်ဖြင့်သာ ပြန်လည်ရောင်းချစေကြောင်း၊ ထိုသို့ရောင်းချရာတွင် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ စိစစ်ပေးပို့သောကုမ္ပဏီများသို့ သတ်မှတ်ပေးသည့်ပမာဏအတိုင်း ရောင်းချရန်အတွက် အဆိုပါကုမ္ပဏီများ စာရင်းဖွင့်လှစ်ထားသည့် AD ဘဏ်များသို့ ရောင်းချပေးခြင်းဖြစ်သည်။

Most Read

Most Recent