ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် တစ်လသားကလေးငယ်အပါအဝင် ဆယ်ကျော်သက် မိသားစုသုံးဦး အစာအဆိပ်သင့်သည့် လက္ခဏာဖြင့် သေဆုံးမှု နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ဖိုးကံပေးကျေးရွာတွင် တစ်လသားကလေးငယ်အပါအဝင် ဆယ်ကျော်သက် မိသားစုသုံးဦး သေဆုံးကြောင်း သတင်းရသဖြင့် နေ+တိုး(ရှင်ကူ)ပရဟိတအဖွဲ့မှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“မိသားစုက သုံးယောက်ပါ။ ကောင်လေးက အသက် ၂၀၊ ကောင်မလေးက ၁၈ နှစ်၊ ကလေးက တစ်လပါ။ သူတို့ ဦးဇင်းကို ဖုန်းဆက်တုန်းက အဆိပ်သောက်သေတယ်လို့ ပြောတယ်။ သုူတို့ရဲ့ အလုပ်ရှင်ကို မေးကြည့်လိုက်တဲ့အချိန်မှာ နိုဝင်ဘာ ၁၀ ရက် နံနက် ၇ နာရီခွဲလောက်မှာ မလာတော့ သူတို့ ခြင်ထောင်သွားကြည့်တဲ့အချိန်မှာ မိသားစုသုံးယောက်လုံး သေနေတာ။ သူုတို့ ခြင်ထောင်ထဲမှာ စားလက်စအုန်းသီး ၊ ရွဲယိုသီးရယ် သင်္ဘောသီးရယ် သုံးမျိုးတွေ့တယ်” ဟု နေ+တိုး(ရှင်ကူ)ပရဟိတအဖွဲ့ ဦးဆောင်သူ ဆရာတော်က မိန့်ကြားသည်။
သေဆုံးသည့် မိသားစုမှာ ငါးကန်တွင် အလုပ်လုပ်သူများဖြစ်ပြီး အဆိုပါငါးကန်တွင် အလုပ်လုပ်သည်မှာ နှစ်ရက်သာ ရှိသေးကြောင်း ဆရာတော်၏ မိန့်ကြားချက်အရသိရသည်။
“အလုပ်ရှင်ကို မေးကြည့်တော့ သူတို့က ရောက်တာငါးရက်ရှိပြီ။ အလုပ်ဝင်တာက နှစ်ရက်ဘဲ ရှိသေးတယ်။ သူတို့က မအူပင်က မဟုတ်ဘူး တွံတေးဘက်က လာတယ်လို့ ကြားတယ်။ သူတို့ကတော့ တော်တော်ဆင်းရဲတယ်။ ငါးကန်မှာ အလုပ်လုပ်ရတာ။ သေဆုံးတဲ့ အလောင်းတွေကို မအူပင်ဆေးရုံကို ပို့လိုက်ပါတယ်။ မနေ့ကညနေကဘဲ တစ်ခါတည်း သဂြိုလ်လိုက်တယ်လို့ သိရတယ်။ ဆရာဝန်ကြီးကတော့ အစာအိမ်ထဲမှာ အစာအဆိပ်သင့်နေတာလို့ ပြောတယ်။ အဆိပ်သောက်သေတာလား အစာအဆိပ်သင့်တာလားကတော့ သံသယဖြစ်စရာပါ။ တော်တော်ကြီးကို ဆင်းရဲတယ်။ ကလေးမဆို အလောင်းကိုတွေ့တော့ ဦးဇင်းက အသက် ၄၀ လောက်ထင်တာ။ တကယ်တော့ သူ့အသက်က ၁၈ ဘဲ ရှိသေးတယ်” ဟု နေ+တိုး(ရှင်ကူ)ပရဟိတအဖွဲ့ ဦးဆောင်သူဆရာတော်က မိန့်ကြားသည်။
သေဆုံးသည့် အလောင်းများအား မအူပင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။















