အောက်တိုဘာ ၁၉ ရက် ညပိုင်းက Mega Millions ထီဖွင့်ခဲ့ရာတွင် ပေါက်သူမရှိသဖြင့် ညတွင်းချင်း ဘီလျံနာဖြစ်လာရန် မျှော်လင့်ထားကြသော အမေရိကန်ထီထိုးထားသူ အများအပြားမှာ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရသည်။ သို့သော် ထီဆုကြေးမှာမူ အမေရိကန်သမိုင်းတွင် စံချိန်တင်အများဆုံးအဖြစ် ဒေါ်လာ ၁.၆ ဘီလျံအထိ မြင့်တက်လာပြီး ထီထိုးသူများအတွက်လည်း ရက်ပိုင်းအတွင်းမှာပင် နောက်တစ်ကြိမ် ကံစမ်းရန် အခွင့်အရေး ရှိဦးမည်ဖြစ်သည်။
အောက်တိုဘာ ၁၉ ရက် ထီမဖွင့်မီက ထီဆုကြေးမှာ ဒေါ်လာတစ်ဘီလျံအထိ မြင့်တက်ခဲ့သဖြင့် နိုင်ငံတစ်ဝန်းမှ ဆီဆိုင်များ၊ Seven Eleven ဆိုင်များတွင် ထီလက်မှတ် ဝယ်ယူမည့် လူတန်းရှည်ကြီးများစွာ ပေါ် ပေါက်လာခဲ့သည်။
အောက်တိုဘာ ၁၉ ရက်က ထွက်ရှိခဲ့ သည့်ထီနံပါတ်မှာ ၁၅၊ ၂၃၊ ၅၃၊ ၆၅၊ ၇၅ ဖြစ်ပြီး Mega Ball နံပါတ်မှာ ၇ ဖြစ်သည်။ သို့သော် နံပါတ် တိုက်ဆိုင်သူမရှိကြသဖြင့် အောက်တိုဘာ ၂၃ ရက်တွင် နောက်တစ်ကြိမ် ထီပေါက်မဲ နံပါတ်ရွေးချယ်ဦးမည်ဖြစ်သည်။ ယင်းတစ်ကြိမ်တွင်မူ ထီဆုကြေးမှာ စံချိန်တင် ဒေါ်လာ ၁.၆ ဘီလျံရှိလိမ့်မည်ဖြစ် သည်။ တစ်ဦးတည်းနှင့် ထီဆုကြေးအများဆုံးရရှိသွားသည့် နောက်ဆုံးတစ်ဦးမှာ ယမန် နှစ်က ပေါက်ခဲ့သော အသက် ၅၃နှစ် အရွယ် ကလေးနှစ်ဦးမိခင်ဖြစ်ပြီး ဒေါ်လာ ၇၅၈.၇ သန်း ရရှိသွားခဲ့ခြင်းသည်။
၂၀၁၆ ခုနှစ်က ဒေါ်လာ ၁.၅၈ ဘီလျံ အထိမြင့်တက်လာသော Power Ball ထီဆုကြေးမှာမူ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ တက်နက်ဆီတို့မှ ထီလက်မှတ်ပိုင်ရှင်သုံးဦးက ခွဲဝေယူခဲ့ကြပြီး တစ်ဦးလျှင်ဒေါ်လာ ၅၂၈.၈ သန်းစီ ရရှိသွားခဲ့သည်။
ဇူလိုင်လက ကယ်လီဖိုးနီးယားမှ ရုံးဝန်ထမ်းတစ်စုသည် ဒေါ်လာ ၅၄၃ သန်း ထီဆုကြေးကိုရရှိသွားခဲ့ပြီးနောက်ပိုင်း ထီပေါက် သူမရှိခဲ့သဖြင့် ဆုကြေးမှာလည်း တစ်စတစ်စ မြင့်တက်လာခဲ့သည်။
ယခုထီကို ထိုးရန် နှစ်ဒေါ်လာသာ ကျသင့်မည်ဖြစ်သော်လည်း ရွေးချယ်လိုက်သည့် ထီနံပါတ်ခြောက်လုံးစလုံးနှင့် ကိုက်ညီ ပြီး ဆုကြေးကို အိမ်ပြန်သယ်နိုင်မည့် အခွင့်အရေးမှာမူ ၃၀၂.၅ သန်းပုံတွင် တစ်ပုံသာ ရှိသည်။ ၂၀၀၂ ခုနှစ်က စတင်ဖန်တီးခဲ့သည့် အဆိုပါ ထီကစားနည်းသည် နှစ်ပေါင်းများစွာ ကြာလာသည့်နှစ်အမျှ ပြောင်းလဲမှုများ ရှိလာပြီး အနိုင်ရရှိရန် အခွင့်အရေးများ လျော့ကျလာကာ ဆုကြေးပမာဏမှာမူ ကြီးမားသထက် ကြီးမားလာခဲ့သည်။
Mega Millions ထီကို ဝါရှင်တန်ဒီစီ နှင့် အမေရိကန် ဗာဂျင်းအိုင်းလန်းအပါအဝင် ပြည်နယ် ၄၄ ခုတွင် ကံစမ်းနိုင်သည်။














