သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့်စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းတို့၏အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် Legal Defence Team မှ ရှေ့နေတစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၁၁ ရက်က နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့်တရားရုံးတွင် သမ္မတဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈နှင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့ဖြင့်တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
“ဦးဝင်းမြင့်ကို သဘာဝဘေးပုဒ်မ (၂၅) နဲ့စွဲထားတဲ့အမှုကို စခေါ်ပါတယ်။အဲဒီအမှုမှာ စွဲချက်တင်ပါတယ်။ ဦးဝင်းမြင့်ကို စွဲချက်တင်တယ်။အပြစ်ရှိသလားမေးတော့ ဦးဝင်းမြင့်က မရှိဘူးလို့ ပြောပါတယ်။ ပြီးတော့ ပြန်ခေါ်သက်သေ ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ်တစ်ယောက်ကို ပြန်ခေါ်ပါတယ်။နောက် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးပုဒ်မ ၂၅ နဲ့ ခေါ်ပြီးတော့ စွဲချက်တင်ပါတယ်။ အပြစ်မရှိဘူးလို့ ပြောပါတယ်။ ခုနက သက်သေနှစ်ယောက် ရဲမှူးမြင့်နိုင်နဲ့ ဒုရဲအုပ်တစ်ယောက်ကို ပြန်ခေါ်ပါတယ်” ဟု အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။
ထို့နောက် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် တရားစွဲဆိုထားသည့် အမှုအတွက် နောက်တိုးသက်သေ လျှောက်ထားမှုအား တရားရုံးက ခွင့်ပြုခဲ့ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပို့ကုန်သွင်း ကုန်စွဲထားတဲ့အမှု အရင်ချိန်းက ပြောခဲ့တဲ့ နောက်တိုးသက်သေကို ခွင့်ပြုတယ်။တရားလိုဘက် နောက်ဆုံးသက်သေအနေနဲ့ ဆက်သွယ်ရေးက လက်ထောက်ညွှန်ကြားရေးမှူး ဦးစည်သူအောင်ကို ခေါ်ပါတယ်။ ရုံးရှေ့လာထွက်ပါတယ်။ ဦးစည်သူအောင်ကတော့ Jumper တစ်ခုအတွက်ပဲ ထွက်ဆိုပါတယ်။ကျန်တဲ့ပစ္စည်းကိရိယာတွေတော့ သူမသိဘူး။ Jumper တစ်ခုအတွက်ပဲ လာထွက်လို့ ပြောသွားပါတယ်။အဲဒီအမှုကနောက်တိုးသက်သေလည်း ပြီးသွားပြီဆိုတော့ ရှေ့ရုံးချိန်းမှာ စွဲချက်လျှောက်လဲချက်ပေးပို့ ပြန်ချိန်းလိုက်ပါတယ်” ဟု အမှုကိုလိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၁ ရက်ရုံးချိန်းတွင် စွဲချက်အမိန့်ချမည်ဖြစ်သော်လည်း ဆက်စပ်မှုများဖြစ်သဖြင့် ပို့ကုန်သွင်းကုန်အမှု၏ စွဲချက်အမိန့်စောင့်၍ တစ်နေ့တည်း အမိန့်ချမည်ဖြစ်ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးအရစွဲထားတဲ့အမှု အဲဒါကစွဲချက်အမိန့်ချဖို့ပါ ဒီကနေ့။ သို့သော်အမှုက ဆက်စပ်နေတဲ့အတွက်ကြောင့် ဆိုပြီးတော့ ပို့ကုန်သွင်းကုန်နဲ့စွဲတဲ့အမှု စွဲချက်အမိန့်ကိုစောင့်ပြီးတော့မှ တစ်နေ့တည်းချမယ်လို့ တရားသူကြီးက အမိန့်ချပါတယ်” ဟု အမှုကိုလိုက်ပါ ဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။
သမ္မတဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့်အမှုများ နှင့်ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိသည်။















