မူဆယ်မြို့ နာရီစင်၌ အောက်တိုဘာ ၁၀ ရက် နေ့လယ် ၃ နာရီအခန့်က အသံမိုင်း အသေးတစ်လုံး ပေါက်ကွဲခဲ့ကြောင်းသိရသည်။
“အသံကတော့ အကျယ်ကြီးဘဲ ။ နာရီစင် သဲအိတ်ကာထားသည့် နားမှာဖြစ်တာ၊ အသံကတော့သိပ်မကျယ်ပေမယ့် ကျယ်တော့ကျယ်တယ်၊အသံမိုင်း အသေးလေးတော့ဖြစ်နိုင်တယ်။ အထိအခိုက်ဒဏ်ရာ ရရှိမှုတော့ မရှိဘူးလို့ကြားသိရတယ်ဟု နာရီစင်နား နေသူ မြို့ခံတစ်ဦးက Eleven Media သို့ အတည်ပြုပြောကြားသည်။
အဆိုပါပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ မူဆယ်မြို့မ ရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။
အဆိုပါပေါက်ကွဲမှုနေရာသို့ တာဝန်ရှိသူတစ်ချို့လာရောက်စစ်ဆေးကာ၊ပေါက်ကွဲမှုနှင့်ပတ်၍ ဆက်လက်စုံစမ်းလျက်ရှိကြပြီး မူဆယ်မြို့တွင် နယ်မြေလုံခြုံရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့များက ပတ်ကင်းလှည့်ကင်းများ နေ့စဉ်ပြုလုပ်နေသည်။
၎င်းဖြစ်စဉ်မတိုင်မီ အောက်တိုဘာလ ၇ နံနက် ၁ဝနာရီခွဲအချိန်ခန့်ကလည်း မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အဝင် လုံခုံရေးချထားသော လားရှိုးမောင်းတံစစ်ဆေးရေးဂိတ် အနီး၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အိမ်စီးကားတစ်စီးပျက်စီးခဲ့ကြောင်းသိရသည်။
မူဆယ်မြို့ လယ်ခေါင် နာရီစဉ်အနီးတွင် ဧပြီ ၂၂ ရက်နေ့ နံနက် ၁၁နာရီ ၁၀ မိနစ်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ နာရီစဉ် ဝင်ပေါက်ရှိ ထိုင်ခုံတစ်လုံး တံခါးမကျည်းဘောင်အပေါ်ရှိ မှန် နှစ်ချက်နှင့် ၎င်းနာရီစဉ်အနီး ဆိုင်ခန်းမှန်များကွဲကျခဲ့ပြီး၊ လူသူအထိအခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့မှာလည်း မိုင်းယု(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်အတွင်း မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး သွင်းကုန်ထုတ်ကုန်စစ်ဆေးရေးဂိတ် X-Ray စက်ထားရှိတဲ့အဆောက်အဦးပျက်စီးပြီး ဘေးမှာရပ်ထားတဲ့ကုန်တင်ယာဉ်ကြီးတစ်ချို့လည်းမိုင်းစထိမှန်ခဲ့သည်။















