မုသားဟူသည်မှာ ရေပွက်ပမာ

မုသားဟူသည်မှာ ရေပွက်ပမာ
Published 9 September 2021

မုသားဟူသည်မှာ ရေပွက်ပမာ ခဏတာခံသည့် အရာသာ ဖြစ်သည်။ အမှန်တရားကဲ့သို့ ရေရှည်တည်တံ့ ခိုင်မြဲသောအရာ မဟုတ်ပေ။ ထို့ကြောင့် အမေရိကန်၏ ၁၆ ဦးမြောက်သမ္မတ အီဗရာဟင်လင်ကွန်း (၁၈၀၉-၁၈၆၅) က “ခင်ဗျား လူတချို့ကို တစ်ချိန်လုံး အရူးလုပ်နိုင်ပြီး လူအားလုံးကို တချို့အချိန်မှာ အရူးလုပ်နိုင်တယ်။ ဒါပေမဲ့ ခင်ဗျား လူအားလုံးကိုတော့ တစ်ချိန်လုံး အရူးလုပ်နိုင်မှာ မဟုတ်ဘူး” ဟု ဆိုခဲ့သည်။ အမှန်တရား နှင့်ပတ်သက်၍ အကြီးမားဆုံး အမှန်တရားမှာ အမှန်တရားသာလျှင် တည်တံ့ခိုင်မြဲခြင်း ဖြစ်သည်။ မုသားများ မည်မျှအားကြီးသည် ဖြစ်စေ၊ မုသားများ မည်မျှ အမှန်တရားဖြစ်သကဲ့သို့ ရှိနေသည်ဖြစ်စေ၊ အမှန်တရားနှင့် ဆင်တူယိုးမှား ဖြစ်နေသော အားကောင်းသည့် မုသားများကို ပွားများရန် ကြိုးပမ်း နေသူများ မည်မျှပင် အားကောင်းသည်ဖြစ်စေ နောက်ဆုံးတစ်နေ့၌ တွေ့ရသည်မှာ အမှန်တရားကပင် လွှမ်းမိုး အောင်နိုင်သွားခြင်း ဖြစ်သည်။

ထို့ကြောင့် “ရိုးသားမှုအတွက်၊ အမှန်တရား အတွက် မမျှတမှု၊ လိမ်ညာမှုနဲ့ လောဘကြီးမှုတွေကို ဆန့်ကျင်လိုစိတ် အတွက် ထုတ်ဖော် ပြောဆိုရမှာကို ဘယ်တော့မှ မကြောက်ပါနဲ့။ တစ်ကမ္ဘာလုံးက လူသားတွေ အဲဒီလို လုပ်ကြမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲစေလိမ့်မယ်” ဟု သြဇာကြီးမားသည့် စာပေနိုဘယ်ဆုရှင် အမေရိကန်စာရေးဆရာကြီး ဝီလျံဖော့ကနား (၁၈၉၇ - ၁၉၆၂) က ဆိုခဲ့ခြင်းဖြစ်သည်။ 

မသမာသူများ အားကြီးသည့် လူ့အဖွဲ့အစည်း တစ်ရပ်တွင် အမှန်ကိုအမှား၊ အမှားကိုအမှန်ဟု ၀ါဒဖြန့်ချိမှုများက အားကောင်းနေတတ်သည်။ သို့သော် အမှန်ကိုထုတ်ဖော်ပြောဆို လာသူများ များပြားလာသည်နှင့်အမျှ ယင်းလူ့အဖွဲ့အစည်း၌ အမှန်တရား အားကောင်းကာ ပြောင်းလဲ၍ လာမည်သာ ဖြစ်သည်။ လက်ရှိအချိန်၌ အမှန်တရားကို ထုတ်ဖော်ပြောဆိုရဲသူများ အားနည်းနေသည့်တိုင် အမှန်တရား ဘက်တော်သားများအနေဖြင့် အပြောင်းအလဲအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန်သာ လိုအပ်သည်။

မုသားများ လွှမ်းမိုးသည့် နေရာတိုင်းတွင် ရန်လိုသော ဆက်ဆံရေးများသာ အမြဲတမ်း ရှိနေသည်။ စိတ်ရှုပ်ထွေးဖွယ်ရာများ အမြဲတမ်း ရှိနေသည်။ နားလည်မှု လွဲမှားခြင်းများ အမြဲတမ်း ရှိနေသည်။ မျှော်လင့်ချက်မဲ့ခြင်းသာ အမြဲတမ်း ရှိနေသည်။ မုသားများအပေါ်၌ တည်ဆောက်ထားသော ဆက်ဆံရေးဟူသည် တစ်ခါတစ်ရံ၌ အောင်မြင်နိုင်သည်ဟု ထင်ရသော်လည်း ရေရှည်တည်တံ့ နိုင်သည့် အနာဂတ် မရှိပေ။ အရည်အချင်းများ အမှန် တကယ်မရှိဘဲ မုသားများကို အကြောင်းပြု၍ ရယူထားသော အလုပ်အကိုင်တစ်ခုသည်ပင် လျှင် အချိန်အခိုက်အတန့်သာ ခံပြီး မုချဆုံးရှုံးရမည်သာ ဖြစ်သည်။

တစ်စုံတစ်ဦး အနေဖြင့် ပြဿနာ တစ်ရပ်ကို ဖြေရှင်းရန် ကြိုးပမ်းသည့်အခါ ထိုသူသည် သက်ဆိုင်ရာ အကြောင်းအရာကို ဖြေရှင်းနိုင်ရန်အတွက် နောက်ကွယ်မှ အမှန်တရားကို ရှာဖွေရန် ကြိုးပမ်း ရလေသည်။ လူတစ်ဦးအနေဖြင့် အလုပ်အကိုင်တစ်ခုအတွက် အင်တာဗျူး ဖြေဆိုသည့်အခါ အင်တာဗျူးသူသည် အလုပ်လာလျှောက်သူနှင့် သူ၏ကျွမ်းကျင်မှုနှင့်ပတ်သက်သော အမှန်တရားကို သိရှိကြရန် ကြိုးပမ်းမည်ဖြစ်သည်။ တရားရုံးတစ်ခုသည် စီရင်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်သည့်အခါ အမှုနှင့်ပတ်သက်သော အမှန်တရား ကို သိရှိပြီးနောက်မှသာလျှင် တရားမျှတသည့် ဆုံးဖြတ်ချက်ကို ချမှတ်နိုင် မည်ဖြစ်သည်။ လူသားဟူသည် အမြဲမပြတ် အမှန်တရားကို စူးစမ်းရှာဖွေနေသော သတ္တဝါဟု ဆိုကြသည်။ လူသားတို့သည် ကျယ်ပြောလှသော သမုဒ္ဒရာများ သို့မဟုတ် အဆုံးမရှိ သောကောင်းကင်များ သို့မဟုတ် ပျော်ရွှင်မှု နည်းပါးရသည့် အကြောင်းများ သို့မဟုတ် ဘဝ၌ တွေ့ကြုံခံစားရမှုများ အစရှိသည်တို့နှင့်ပတ်သက်သော အမှန်တရားကို အမြဲမပြတ် စူးစမ်း ရှာဖွေ ခဲ့ကြသည်။ မည်သည့်အရာနှင့်ပတ်သက်၍မဆို အမှန်တရားသည်သာ ဖြေရှင်းမှုများကို ပေးနိုင်သည်။ မုသားများ၌ မည်သည့်အခါမျှ ဖြေရှင်းချက်များ မရှိပေ။

အမေရိကန်စာရေးဆရာ မက်တွိန်းက “အမြဲတမ်းအမှန်တရားကို ပြောဆိုပါ။ ဒီလို နည်းနဲ့ ခင်ဗျားဟာ ခင်ဗျား ဘာပြောခဲ့သလဲဆိုတာကို မှတ်မိနေစရာမလိုတော့ဘူး” ဟု ဆိုခဲ့သည်။ မုသားစကားများ ပြောခဲ့သူသည် အလိမ်ပေါ်မည်စိုးသောကြောင့် မိမိပြောဆိုခဲ့ဖူးသည့်စကားများအား သတိမလွတ်အောင် အမြဲမပြတ် မှတ်မိနေရန် လိုအပ်၏။ ယခင် ပြောခဲ့ဖူးသော စကားများနှင့် ယခုပြောဆိုလိုက်သောစကားများ ရှေ့နောက် ညီညွတ်ခြင်း မရှိပါက လိမ်လည်နေခြင်းဖြစ်ကြောင်း လယ်ပြင်၌ ဆင်သွားသလို ထင်ရှား၍ လာမည် ဖြစ်သည်။

ထို့ကြောင့် မည်သူမဆို အမှန်တရားကို ပြောဆိုလုပ်ကိုင်ခြင်းဖြင့်သာ ရေရှည်တည် တံ့ခိုင်မြဲသော အောင်မြင်မှုများကို ရယူနိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent