တာလီဘန်၊ ပန်ဂျရှားနယ်နှင့် အမ္မဒ်မာဆော့ဒ်

တာလီဘန်၊ ပန်ဂျရှားနယ်နှင့် အမ္မဒ်မာဆော့ဒ်
Photo: AFP
Photo: AFP
Published 4 September 2021
မိုးဧအောင်

‘တာလီဘန်တွေဟာ တစ်တိုင်းပြည်လုံးသိမ်းပြီးတဲ့ထိ ဘာအချိုးမှမပြောင်းဘူး။ တိုင်းသူပြည်သားတွေအပေါ် နိုင်ငံရေးအင်အားစုတစ်ခုတည်းက ထင်ရာစိုင်းတဲ့ အဲဒီသိမ်းပိုက်မှု၊ မာနထောင်လွှားမှုနဲ့ ဖိနှိပ်မှုတွေကို ကျုပ်တို့က ခုခံတော်လှန်နေကြတာ။ တိုင်းပြည်ထဲမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံကို ကိုယ်စားပြုနိုင်တဲ့ အစိုးရမျိုးဖွဲ့နိုင်မှသာ တာလီဘန်ကို လက်ခံလို့ရမယ်။ အာဖဂန်နစ္စတန်ဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုထားတဲ့တိုင်းပြည်မို့ ဘယ်အုပ်စုတစ်ခုခုကမှ လက်ဝါးကြီးအုပ်လို့မရဘူး။ ‘ဓလေ့ထုံးတမ်းစုံ’  (multicultural state) တဲ့ ဒီတိုင်းပြည်ကို ‘ဗဟိုအစိုးရကြီးစိုး’ (nation-state) တဲ့ ပုံစံ အစားထိုးလို့မရဘူး။ ဒါကြောင့် သူတို့တစ်ဖွဲ့တည်း အုပ်ချုပ်ခွင့်မရှိဘူး။ ရှိတယ်ထင်လို့လုပ်ရင်လည်း ကျုပ်တို့ကခုခံရမှာပဲ။ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ကွဲပြားတဲ့တိုင်းရင်းသားအုပ်စုတွေနဲ့ ဂိုဏ်းဂဏတွေအကြား အာဏာကို ညီညီမျှမျှခွဲပေးမှ ကျုပ်တို့ငြိမ်းငြိမ်းချမ်းချမ်းလက်တွဲပြီး အလုပ်လုပ်နိုင်လိမ့်မယ်။ သေချာအောင် ထပ်ပြောရရင် ဒါဟာ မျိုးနွယ်မည်ရည်၊ ကျားမ မခွဲခြားဘဲ နိုင်ငံသားတိုင်းအတွက် ကျုပ်တို့ယုံတဲ့ အခွင့်အရေး၊ ကျုပ်တို့ယုံတဲ့ လွတ်လပ်မှုရမှ ဒီမိုကရေစီကို ထိန်းသိမ်းနိုင်လိမ့်မယ်’

ပြောသောစကားလုံးတို့ တိတိကျကျရှိ၏။ မျှော်မှန်းချက်ပေါ်လွင်သလို ခံယူချက်လည်း ပြတ်သား၏။ တစ်ဆင့်ခံ ဘာသာပြန်ပေးရန် သို့မဟုတ် တိုင်းရင်းဘာသာစကားဖြင့် မူလဆိုလိုရင်းကို ဘာသာပြန်လိုက်သဖြင့် အခိုးအငွေ့လို ပျောက်ကွယ်သွားရန် လုံးလုံးအကြောင်းမရှိ။ ကမ္ဘာကျော် CNN သတင်းဌာန၏ မေးခွန်းများကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်မြောက်ဘက်ရှိ ပန်ဂျရှားဒေသ တောင်တန်းများပေါ်မှ တာလီဘန်တို့ကို ခုခံနေသည့် အာဖဂန်နစ္စတန် အမျိုးသားခုခံရေးတပ်ဦး (National Resistance Front of Afghanistan - NRFA) ၏ ခေါင်းဆောင် အမ္မဒ်မာဆော့ဒ်က အချိန်မဆိုင်းပြန်ကြားလိုက်သည့် အီးမေးလ်ဖြစ်ပါ၏။

မျိုးစေ့နှင့် အပင်

လွန်ခဲ့သော နှစ် ၄၀၊ ဆိုဗီယက်တို့ အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့ကြသည့် ၁၉၇၉ ခုနှစ်ဆီ ပြန်သွားကြပါစို့။အမ္မဒ်ရှားမာဆော့ဒ်ဆိုသည့်အမည်မှာ အာဖဂန်နိုင်ငံရေးလောက၌ မသိသူမရှိ။ ဆိုဗီယက်တို့ နိုင်ငံအတွင်း ကျူးကျော်လာချိန်တွင် ပြောက်ကျားစနစ်ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည့် ဗိုလ်ချုပ်ကြီးဖြစ်၏။ ဆိုဗီယက်တို့ ဆုတ်ခွာသွားချိန်ထိ ၁၀ နှစ်တာလုံးလုံး အာဖဂန်နစ္စတန်အတွက် စွမ်းစွမ်းတမံ ခုခံခဲ့သူဖြစ်၏။ သူသည် တာဂျစ်မျိုးနွယ်စုမှ ဆင်းသက်လာပြီး ဆွန်နီမူဆလင်ဖြစ်၏။ ၁၉၇၀ ဝန်းကျင် ကဘူးပိုလီတက်ခ် တက္ကသိုလ်ထွက်ဖြစ်ပြီး ကွန်မြူနစ်ဆန့်ကျင်ရေးနှင့် အစ္စလာမ်မစ်လှုပ်ရှားမှုများ၌ ပတ်သက်ဆက်စပ်ခဲ့သည်။ ဆိုဗီယက်တို့ အာဖဂန်ကိုသိမ်းပိုက်ချိန်တွင် မူဂျာဟီဒင်အုပ်စုများကို ဦးဆောင်လျက် ပြန်လည်ခုခံခဲ့ရာ ‘ပန်ဂျရှား၏ခြင်္သေ့’ (Lion of Panjshir) ဟု နောက်လိုက်ငယ်သားများက ချစ်စနိုးနာမည်ပေးခဲ့၏။ သူတပ်များအခြေပြုရာ ပန်ဂျရှားတောင်ကြားဒေသကို ဆိုဗီယက်တို့လက်သို့ မကျအောင် ခုခံနိုင်ခဲ့သူဖြစ်၏။

၁၉၉၂ ခုနှစ် ငြိမ်းချမ်းရေးနှင့် အာဏာခွဲဝေရေးဆိုင်ရာ ပက်ရှ်ဝါသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့၏။ ဆိုဗီယက်တို့ဆုတ်ခွာပြီးနောက် အာဖဂန်အစိုးရသစ်တွင် ကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တာဝန် ခန့်အပ်ခံခဲ့ရသည်။ ထိုအချိန်က အကွဲကွဲအပြဲပြဲ ဖြစ်နေသော လက်နက်ကိုင်အင်အားစုများနှင့် တိုက်ပွဲဝင်ခဲ့ရ၏။ ၁၉၉၅ ခုနှစ်၌ မြို့တော်ကို ခြိမ်းခြောက်လာသည့် တာလီဘန်တို့နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုပြည်တွင်းစစ်ကာလအတွင်း အာဖဂန်အရပ်သား ၆၀၀၀၀ ကျော် သေဆုံးခဲ့ရ၏။

၁၉၉၆ ခုနှစ်၌ တာလီဘန်တို့ အာဏာရလာသည့်အခါ ရှားမာဆော့ဒ်သည် အစ္စလာမ်ဘာသာအပေါ် တာလီဘန်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို မနှစ်မြို့သူပီပီ လက်နက်ကိုင် တော်လှန်သူဘဝသို့ ပြန်ရောက်ရပြန်သည်။ တာဂျစ်ကစ္စတန်နယ်အတွင်း ခိုလှုံအခြေပြုလျက် မြောက်ပိုင်းရှိ အင်အားစုများကို မဟာဗျူဟာကျကျ ကွပ်ကဲခဲ့၏။ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ငါးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ သူ့တပ်များက စိုးမိုးထားနိုင်ခဲ့သည်။ ၂၀၀၁ ခုနှစ် ဧပြီလအတွင်း ဥရောပသို့ ခရီးထွက်ခဲ့ပြီး ဥရောပသမဂ္ဂ ပါလီမန်အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ တာလီဘန်တို့ကို အကူအညီပေးနေသည့် ပါကစ္စတန်အား ဖိအားပေးရန်၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးရန်နှင့် တာလီဘန်လက်အောက်ရှိ အာဖဂန်ပြည်သူတို့၏ စိုးရိမ်ဖွယ်ရာ အခြေအနေများကို ဖော်ထုတ်ခဲ့၏။ ထို့ထက်အရေးကြီးသည်မှာ အိုစမာဘင်လာဒင်သည် အာဖဂန်နစ္စတန်ကို ခြေကုပ်ယူ၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်ကြောင်း သတင်းစကားပါးခဲ့ခြင်းဖြစ်၏။

နယူးယောက် မျှော်စင်ညီနောင်ကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် ၉/၁၁ မတိုင်မီ နှစ်ရက်အလိုတွင် အမ္မဒ်ရှားမာဆော့ဒ်ကို အယ်လ်ကေဒါအုပ်စုများက သတင်းထောက် အသွင်ယူကာ ကင်မရာအတွင်းဗုံးထည့်ပြီး သတ်ပစ်ခဲ့၏။ ဤသတ်ဖြတ်မှုသည် ဘင်လာဒင်က တာလီဘန်များအတွက် လက်ဆောင်ပေးလိုက်ခြင်းဟု ထုတ်ပြန်ခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် အမေရိကန် ကျောထောက်နောက်ခံပြုသည့် သမ္မတဟာမစ်ကာဇိုင်းအစိုးရက ရှားမာဆော့ဒ်ကို ‘အမျိုးသားသူရဲကောင်း’ ဟု တရားဝင်ထုတ်ပြန်ဂုဏ်ပြုခဲ့ပြီး သူလုပ်ကြံခံရသည့် စက်တင်ဘာ ၉ ရက်ကို ‘မာဆော့ဒ်နေ့’ ဟု တရားဝင်ရုံးပိတ်ရက် သတ်မှတ်ပေးခဲ့၏။

အမ္မဒ်မာဆော့ဒ်

ဖခင်ဖြစ်သူ ရှားမာဆော့ဒ် လုပ်ကြံခံရစဉ်က အမ္မဒ်မာဆော့ဒ်မှာ ၁၂ နှစ်သားသာ ရှိသေး၏။ ဆိုဗီယက်တို့ အာဖဂန်မှဆုတ်ခွာသည့် ၁၉၈၉ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ သူ့ကိုမွေး၏။ အမ္မဒ်ရှားမာဆော့ဒ်၏ သားဦးဖြစ်ပြီး ကျန်အငယ်ငါးယောက်မှာ မိန်းကလေးများ ဖြစ်ကြသည်။

သူ့အခြေခံပညာရေးကို အီရန်တွင်သင်ယူခဲ့ပြီး ဆင်းဟာ့စ်စစ်တက္ကသိုလ်တွင် စစ်သင်တန်း တစ်နှစ်တက်ခဲ့၏။ ၂၀၁၂ ခုနှစ်တွင် လန်ဒန်ကင်းကောလိပ်သို့ စစ်ပွဲလေ့လာရေး ဘာသာရပ်ကို ဆက်တက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ထိုကျောင်းမှ ဘွဲ့ရခဲ့၏။ ၂၀၁၆ ခုနှစ်တွင် လန်ဒန်စီးတီးယူနီဗာစတီမှ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဘာသာရပ်ဖြင့် မဟာဘွဲ့ကိုရရှိခဲ့သည်။ ထူးခြားချက်အဖြစ် သူ၏ပထမဘွဲ့ရော၊ မဟာဘွဲ့တွင်ပါ တောက်လျှောက် ကျမ်းပြုခဲ့သည့်ခေါင်းစဉ်မှာ ‘တာလီဘန်’ ဖြစ်၏။

အရွယ်ကငယ်ငယ်၊ တိုက်ပွဲအတွေ့အကြုံ နည်းသေးသော်လည်း သူ့အဖေအကြောင်း စာအုပ်ပြုစုခဲ့သူ စန္ဒီဂေါလ်က ‘နိုင်ငံရေးရည်မှန်းချက်ရှိသော ကိုယ်ရည်ကိုယ်သွေး ထက်မြက်သည့် ကောင်လေးတစ်ယောက်’ ဟု မှတ်ချက်ပြုခဲ့သည်။ မာဆော့ဒ်အနေနှင့် အာဖဂန်အထူးတပ်ဖွဲ့၏ အဆင့်မြင့်လေ့ကျင့်ရေးသင်တန်းများ တက်ရောက်ခဲ့ပြီး လက်ရှိကာလ၌ သူစိုးမိုးထားနိုင်သည့်နယ်မြေမှာ တာလီဘန်တို့ကို ခြိမ်းခြောက်နိုင်လောက်အောင် မကျယ်ပြန့်သော်ငြား ‘ဆိုရှယ်မီဒီယာမင်းသား’ အဖြစ် လူသိများ၏။ သူ့အိပ်မက်မှာ ဆွစ်ဇာလန်ကို အလွန်အားကျပြီး အာဖဂန်နစ္စတန်ကို တိုင်းရင်းသားမျိုးနွယ်အလိုက် ဒေသန္တရအုပ်ချုပ်ခွင့်ပေးနိုင်မည့် ဗဟိုချုပ်ကိုင်မှုဖြေလျော့သည့် တိုင်းပြည်အဖြစ် မျှော်မှန်းပါသည်။

တာလီဘန်နှင့် မာဆော့ဒ်တို့၏ ပစ္စုပ္ပန်

မာဆော့ဒ်အနေနှင့် လက်နက်များကို တသသတိုက်ချွတ်ရင်း နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသည့်နေ့ ယခုရောက်ရှိလာပြီ။ သူအခြေပြုရာ ပန်ဂျရှားတောင်တန်းဒေသသည် ကဘူးမြို့တော်၏ မြောက်ဘက်၊ တောင်ငယ်တောင်စွယ်တို့ ထူပြောရာအရပ်ဖြစ်ပြီး မည်သည့်ကျူးကျော်သူမှ အနားမသီနိုင်ခဲ့သည့် ဒေသဖြစ်၏။ ထို့အတူ ယခုထက်တိုင် အာဖဂန်ကို အုပ်စိုးသွားနိုင်သော တာလီဘန်တို့ သိမ်းရန်ကျန်ရှိနေသည့်အရပ် ဖြစ်သည်။ သူတို့ပိုင်နက်ထဲဝင်ရောက်လာမည့် ဧည့်သည်များအပေါ် မူဂျာဟီဒင်တို့၏သဘောထားက ရှင်းပါသည်။ ‘လက်နက်မပါဘဲ လာကြမယ်ဆိုရင် ငြိမ်းချမ်းရေးစကားဝိုင်း စကြမယ်၊ သေနတ်တွေကိုင်ပြီး ဝင်လာကြရင်တော့ ခုခံမှုနဲ့တွေ့သွားရမှာပဲ’ ဟု မာဆော့ဒ်က ပြောထား၏။

မာဆော့ဒ်၏ လက်နက်ကိုင်အုပ်စုများ အခြေပြုရာ ပန်ဂျရှားနှင့် ပတ်ဝန်းကျင်ပြည်နယ်များသည် တာဂျစ်မျိုးနွယ်စုများ အခြေချနေထိုင်ရာဖြစ်ပြီး တာလီဘန်တို့မှာ ပက်ရှ်ထန်အဆက်အနွယ်များဖြစ်ကြသည်။ မျိုးနွယ်စုအလိုက်လူဦးရေမှာ ပက်ရှ်တန်က ၄၂ ရာခိုင်နှုန်း၊ တာဂျစ်က ၂၇ ရာခိုင်နှုန်းရှိ၏။ တာလီဘန်တို့အနေနှင့် အာဖဂန်နစ္စတန်ကို ပြန်လည်သိမ်းပိုက်ရာတွင် မြောက်ပိုင်းဒေသရှိ သူတို့အပေါ် ထောက်ခံမှုအားနည်းသည့် မြို့ကြီးများကို ကနဦးသိမ်းရန် ရည်ရွယ်ခဲ့သည်။ ထိုသို့ သိမ်းပိုက်နိုင်ခဲ့လျှင် ခုခံမှုအား လျော့သွားနိုင်ကြောင်း တွက်ဆခဲ့သော်လည်း၊ ကဘူးကို ထင်ထားသည်ထက် မြန်မြန်သိမ်းလိုက်ရသည့်အတွက် ကျန်နယ်များကို မိမိရရ မအုပ်စီးနိုင် ဖြစ်သွားရတော့သည်။

ပန်ဂျရှားဒေသသည်လည်း ဤပုံစံအတိုင်း ဖြစ်သွားသည်။ ဒေသ၏ ရေမြေတောတောင်အရ ရှည်လျားသည့် ဘဲဥပုံတောင်တန်းများအကြား မတ်စောက်သည့် လျှိုမြောင်၊ ချောက်ကမ်းပါးတို့ဖြင့် ကျော်လွှားဝင်ရောက်ရန် ခက်ခဲ၏။ တောင်တန်းတစ်လျှောက် စီးဆင်းနေသည့် ပန်ဂျရှားမြစ်ဘေးရှိ မြို့ရွာငယ်များ၌ နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် ဒုက္ခသည်တို့ဖြင့် ပြည့်ကြပ်နေ၏။ ထိုအထဲတွင် နိုင်င့ံလူဦးရေ၏ ကိုးရာခိုင်နှုန်းရှိသော အုပ်စိုးသူအဆက်ဆက်၏ နှိပ်စက်ခံမျိုးနွယ်စုဖြစ်သည့် ဟာဇာရက်စ်တို့ ပါဝင်သည်။ တဖန် မစ္စတာမာဆော့ဒ်ကသာ စစ်ခရာတွတ်လိုက်လျှင် လက်နက်ပြေးကိုင်ရန် အသင့်ဖြစ်နေသော အာဖဂန်စစ်တပ်မှ စစ်သားများလည်း ရှိနေသည်။

ဒေသတွင်းရှိ ဆိပ်ကမ်းမြို့များ၌ အာဖဂန်အစိုးရဟောင်း တည်တ့ံနေဆဲဖြစ်သည်။ သမ္မတအက်ရှ်ရက်ဖ်ဂါနီ ထွက်ပြေးသွားပြီးနောက်၊ သူ့ကိုယ်သူ အိမ်စောင့်အစိုးရသမ္မတအဖြစ် တွစ်တာမှတစ်ဆင့် ကြေငြာထားသော (ဒုတိယသမ္မတဟောင်း) အမ်ရူလာဆာလက်မှာ မာဆော့ဒ်နှင့် အတူတကွ ရှိနေကြ၏။ ဆာလက်သည် တာဂျစ်လူမျိုး၊ ပန်ဂျရှားနယ်သားလည်း ဖြစ်နေပြန်၏။ ၂၀၂၁ ခုနှစ် သြဂုတ် ၁၆ ရက်၊ တာလီဘန်တို့ ကဘူးသမ္မတ နန်းတော်သိမ်းပြီး တစ်ရက်အကြာတွင် မာဆော့ဒ်နှင့် ဆာလက် နှစ်ယောက်ပေါင်းပြီး အာဖဂန်နစ္စတန် အမျိုးသားခုခံရေးတပ်ဦး (National Resistance Front of Afghanistan - NRFA) ကို ထူထောင်လိုက်ကြသည်။ မာဆော့ဒ်၏ ဖခင်လက်ထက်ကပင် သွေးသောက်များဖြစ်ကြသည့် မြောက်ပိုင်းမဟာမိတ်အင်အားစုကလည်း တာလီဘန်ကို ဘုံရန်သူအဖြစ် ရှုမြင်၏။ အာဖဂန်စစ်တပ်၏ လက်နက်များကို ရရှိလိုက်ပြီး ပန်ဂျရှားကို ၀ိုင်းပတ်စောင့်ဆိုင်းနေသော တာလီဘန်တို့ကို လက်ရှိ စစ်အင်အား ၈၀၀၀၊ သူကိုယ်ပိုင်သိုလှောင်ထားသည့် လက်နက်ခဲယမ်းတို့နှင့် ရေရှည်ရင်ဆိုင်နိုင်ရေး ခက်ခဲကြောင်း မာဆော့ဒ် ကောင်းကောင်းသိသည်။ ထို့ကြောင့် သြဂုတ် ၂၁ ရက်တွင် နိုင်ငံတကာသို့ အကူအညီတောင်းခဲ့သည်။ ဆုတ်ခွာဖို့ရာ တကဲကဲလုပ်နေခဲ့ရသည့် အမေရိကန်နှင့် သူ့မဟာမိတ်များက မည်သည့်ပ့ံပိုးမှုမှ မပေးခဲ့ကြပါ။

တာလီဘန်စစ်ကော်မရှင်မှ မူလာမိုဟာ မက်ယာကွတ်က သူတို့တပ်အားလုံး ပန်ဂျရှားဒေသကို ၀ိုင်းပတ်ပိတ်ဆို့ပြီးဖြစ်ကြောင်းနှင့် ‘ကျုပ်တို့အားလုံး ညှိနှိုင်းဆွေးနွေးမှုများကတစ်ဆင့် ပြဿနာကို အကောင်းဆုံး ဖြေရှင်းကြမယ်။ ဒါပေမဲ့ အဲလိုစကားပြောတာကိုမှ သူတို့ကလက်မခံရင်၊ ကျုပ်တို့ကလည်း တိုက်ဖို့အသင့်ပဲ’ ဟု ပြောခဲ့သည်။

ဒေသခံများကတော့ ဆွေးနွေးညှိနှိုင်းမှုမှ ထွက်ပေါ်လာမည့် အဖြေရလဒ်ကို လိုလားကြသလို၊ မာဆော့ဒ်အပေါ် သစ္စာရှိမှုကလည်း တစ်ရွေးသားမှ လျော့သွားမည် မဟုတ်ကြပါ။ လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိပ်တန်းသစ္စာခံတစ်ယောက်ကတော့ ယခုလိုပြောပြလိုက်၏။

‘ပန်ဂျရှားဒေသခံတွေအနေနဲ့ ခုလိုအဖြစ်မျိုး ရိုးနေပါပြီ။ ဒီနယ်ကို လာသိမ်းဖို့အခါခါ ကြုံဖူးနေကျ၊ ခုလည်း သူတို့ခုခံဖို့ အဆင်သင့်ပါပဲ’