ချယ်လ်ဆီးအသင်းအားပေးသူပရိသတ်များသည် ချယ်လ်ဆီးအသင်း၏ပွဲစဉ်များတွင် ဒိုင်လူကြီး အန်သော်နီတေလာကို တာဝန်မပေးရန် လက်မှတ်ရေးထိုး တောင်းဆိုနေကြပြီး ပရိသတ်များ၏တောင်းဆိုမှုကို ချယ်လ်ဆီးအသင်းနောက်ခံလူတစ်ဦးဖြစ်သူ မားကို့စ်အလွန်ဆိုက အားပေးထောက်ခံကြောင်း ပြသခဲ့သည်။
ချယ်လ်ဆီးပရိသတ်များသည် Change.org ဝက်ဘ်ဆိုက်၌ ပရိသတ်အရေအတွက် (၅၀၀၀၀)အထိ လက်မှတ်ရေးထိုးကာ တောင်းဆိုရန် ကြိုးပမ်းနေကြပြီး ယင်းလက်မှတ်ရေးထိုးမှုကို ပိုမိုပျံ့နှံ့စွာ သိရှိနိုင်ရန် ပရိသတ်အချို့က Twitter ကဲ့သို့သော လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် Link ချခဲ့ကြသည်။
မားကို့စ်အလွန်ဆိုသည် ချယ်လ်ဆီး Fan Page တစ်ခုမှ Link ချထားသော Twitter ပို့စ် တွင် Like လုပ်ခဲ့ပြီး ယင်းတောင်းဆိုမှုအား အားပေးထောက်ခံကြောင်း ပြသခဲ့သည်။
ပြီးခဲ့သည့် စနေနေ့ ကကစားခဲ့သော လီဗာပူးလ်(၁-၁)ချယ်လ်ဆီး ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒိုင်လူကြီး အန်သော်နီတေလာသည် လီဗာပူးလ်အသင်းဘက်သို့ ပယ်နယ်တီပေးရုံသာမက ချယ်လ်ဆီးနောက်ခံလူ ရီးစ်ဂျိမ်းစ်ကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့ခြင်းအား ချယ်လ်ဆီးပရိသတ်များက ဒေါသထွက်နေပြီး ယင်းကဲ့သို့ တောင်းဆိုနေကြခြင်းဖြစ်သည်။
ဒိုင်လူကြီးသည် ရီးစ်ဂျိမ်းစ်လက်ထိသည့် ဖြစ်ရပ်ကို VAR မော်နီတာပြန်ကြည့်ရာ၌ အချိန်(၂)စက္ကန့်သာ ကြာခဲ့သည်။