၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၇၉၀၀ ကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄၂၆၉ သန်းကျော်ဖြင့် ကုန်သွယ်မှုအသာစီးရရှိနေ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၇၉၀၀ ကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄၂၆၉ သန်းကျော်ဖြင့် ကုန်သွယ်မှုအသာစီးရရှိနေ
မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန် တစ်နေရာကိုတွေ့ရစဉ်(ဓာတ်ပုံ-ပြည့်စုံ)
မြန်မာ-တရုတ်နယ်စပ် မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန် တစ်နေရာကိုတွေ့ရစဉ်(ဓာတ်ပုံ-ပြည့်စုံ)
Published 28 August 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာ-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၇၉၀၀ ကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄၂၆၉ သန်းကျော်ဖြင့် ကုန်သွယ်မှုအသာစီးရရှိနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှဇွန်လကုန်အထိ ကိုးလအတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၄၂၆၉ ဒသမ ၄၈၂ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တန်ဖိုးဒေါ်လာ ၃၆၅၀ ဒသမ ၈၅၁ သန်းရှိကာ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၇၉၂၀ ဒသမ ၃၃၂ သန်းအထိရှိနေသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာ-တရုတ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂ သမ ၁၄၉ ဘီလျံကျော်ရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆ ဒသမ ၇၂၉ဘီလျံကျော် တင်သွင်းထားကြောင်း သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၄၉ ဒသမ ၂၂၆ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၅၄၂၀ ဒသမ ၀၅၂ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၉ ဒသမ ၁၇၄ သန်းတင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန်တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-တရုတ်နယ်စပ် ပူးပေါင်းဆောင်ရွက်ရေးဇုန်သုံးခုအနက် ကနဦးစီမံကိန်း (Pilot Project) အဖြစ် မူဆယ်- ရွှေလီဇုန်အပိုင်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်း အောင်မြင်ဖြစ်ထွန်းမှုအပေါ် မူတည်၍ ကျန်ဇုန်နှစ်ခုကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။

“ကျွန်တော်တို့က မူလအဆိုပြုတဲ့နေရာက သုံးနေရာပေါ့နော်။ ကန်ပိုက်တီးရယ်၊ မူဆယ်ရယ်၊ ချင်းရွှေဟော်ရယ်ဖြစ်ပါတယ်။ တကယ်တမ်းတော့ တရုတ်နဲ့ Pilot စီမံကိန်း တကယ်စလုပ်မယ့်ဟာက မူဆယ်-ရွှေလီ တစ်ခုပဲဖြစ်ပါတယ်။ ကျန်တဲ့ဟာတွေကတော့ မူဆယ်-ရွှေလီရဲ့အောင်မြင်ဖြစ်ထွန်းမှုကို ကြည့်ပြီးတော့မှ လုပ်မယ့်သဘောရှိပါတယ်။ ဒါကနံပါတ် (၁) အပိုင်းဖြစ်ပါတယ်။

မူဆယ်-ရွှေလီကိုလည်း ဆက်ပြီးတော့ ဆောင်ရွက်ဖို့ကိစ္စမှာ တရုတ်နဲ့ ကျွန်တော်တို့ကြားမှာ Framwork Agreement လက်မှတ်ရေးထိုးဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် စီမံကိန်းဆောင်ရွက်မှုဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ဇုန်အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဖွဲ့စည်းထားကြောင်း၊ ယင်းကော်မတီက မြန်မာနိုင်ငံဘက်ခြမ်း၌ နယ်စပ်ပူးပေါင်းဆောင်ရွက်မှုဇုန်အတွက် မြေနေရာသတ်မှတ်ပြီး ဖြစ်နိုင်ခြေလေ့လာဆန်းစစ်များ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ လေ့လာဆန်းစစ်များ ဆောင်ရွက်ပြီးပါက နယ်စပ်ပူးပေါင်းဆောင်ရွက်ရေးဇုန် တည်ဆောက်ရေးအတွက် ရင်းနှီးတည်ဆောက်သူများ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent