မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် (၁) ရပ်ကွက်တွင် ဝင်ရောက်ရှာဖွေရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လေးဦး ဖမ်းဆီးခံရ

မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် (၁) ရပ်ကွက်တွင် ဝင်ရောက်ရှာဖွေရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ လေးဦး ဖမ်းဆီးခံရ
မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းအနီးတစ်ဝိုက်အား ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် တွေ့ရစဉ်
မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် ၁ ရပ်ကွက်၊ ပိတောက်ရွှေဝါလမ်းအနီးတစ်ဝိုက်အား ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် တွေ့ရစဉ်
Published 23 August 2021

မရမ်းကုန်းမြို့နယ်၊ သမိုင်းမြို့သစ် (၁) ရပ်ကွက်၊ သမိုင်းမြို့သစ်ဘူတာနောက်ကျော ပိတောက်ရွှေဝါလမ်းတွင် ယနေ့ (ဩဂုတ် ၂၃ ရက်) နံနက် ၉ နာရီခန့်က တိုက်တစ်လုံးသို့ ဝင်ရောက်ရှာဖွေရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကာ လေးဦး ဖမ်းဆီးခံရကြောင်း အဆိုပါနေရာအနီးနေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ဖြစ်ပွားပြီးနောက် သမိုင်းမြို့သစ် (၁) ရပ်ကွက်အတွင်းရှိ (၁) လမ်း၊ ထွန်းရွှေဝါလမ်း၊ ရွှေတဆုပ်လမ်း စသည့် အခင်းဖြစ်ပွားခဲ့သည့် ပိတောက်ရွေဝါလမ်းနှင့် ဆက်စပ်သည့်လမ်းများ၊ နေရာများကို ယာယီပိတ်ဆို့ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သမိုင်းမြို့သစ် (၁) ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက " ပိတောက်ရွှေဝါလမ်းထဲမှာ ဖြစ်သွားတာ။ ဆုံးသွားတဲ့ ရပ်ကွက်လူကြီးရဲ့ ဘေးနားက တိုက်ပေါ်မှာဖြစ်တာ။ လာရှာကြရင်း ဟိုဖက်ကလည်း ပစ်၊ ဒီဖက်ကလည်း ပစ်တယ်။ အသံတွေကြားနေရတယ်။ အဖမ်းခံရတာ လေးယောက်တွေ့လိုက်ရတယ်" ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် ဒဏ်ရာရသူ၊ သေဆုံးသူ ရှိ မရှိကိုမူ မသိရကြောင်းနှင့် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖမ်းဆီးသွားသည်ကိုတွေ့ရပြီး အရေးပေါ်လူနာတင်ယာဉ်များကိုမူ မတွေ့ရကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

ပိတ်ဆို့ထားသည့် ရပ်ကွက်အတွင်းရှိ လမ်းများကို နေ့လည် ၁၂ နာရီခန့်တွင် ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်ရပ်ဖြစ်ပွားပြီးနောက် သမိုင်းမြို့သစ် (၁) ရပ်ကွက်၊ သမိုင်းရပ်ကွက်၊ ဗဟိုလမ်းပေါ်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နတ်များကိုင်ဆောင်၍ ဆိုင်ကယ်များဖြင့် ကင်းလှည့်လျင်ရှိကြောင်း သိရသည်။

ယမန်နေ့ည ဩဂုတ် ၂၂ ရက် ညပိုင်းကလည်း လှိုင်သာယာမြို့နယ်အတွင်း ကျန်စစ်သားလမ်းမကြီးတစ်ဝိုက်တွင် ပစ်ခတ်သံများ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent