ယူရို-၂၀၂၀ အောင်မြင်မှုအတွက် အီတလီအသင်း အောင်ပွဲခံရာတွင် အောင်ပွဲခံကားလှည့်လည်သည့် ဒေသများတွင် ကိုဗစ်ပိုးတွေ့လူနာသစ်များ တိုးပွားလာသဖြင့် ဒေသခံအာဏာပိုင်များက စိတ်ပျက်နေကြကြောင်း သိရှိရသည်။
အီတလီအသင်းသည် ယူရို-၂၀၂၀ ပြိုင်ပွဲတွင် အင်္ဂလန်အသင်းကို အနိုင်ရကာဗိုလ်စွဲခဲ့ပြီးနောက် အီတလီနိုင်ငံတွင် အမိုးဖွင့်ကားဖြင့်လှည့်လည် အောင်ပွဲခံမှုများ ပြုလုပ်ခဲ့သည်။
အီတလီအသင်း၏ အောင်မြင်မှုကို ကြိုဆိုဂုဏ်ပြုခဲ့ကြသူအများစုမှာ လူငယ်များဖြစ်ကြပြီး အီတလီနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးအလှည့်ကျထိုးသည့် မူဝါဒအရ လူငယ်များမှာ ကာကွယ်ဆေးမထိုးရသေးသည့် အခြေအနေလည်းဖြစ်သည်။ ယင်းအတွက်ကြောင့် ကူးစက်မှုမှာ ရုတ်တရက်ပြန်လည်မြင့်တက်လာခဲ့သလို လူအသေအပျောက်လည်းရှိလာခဲ့သည်။
အီတလီအသင်းသည် ရောမမြို့ရှိ လမ်းမကြီးများ ပေါ်တွင် အမိုးဖွင့်ကားဖြင့်လှည့်လည်အောင်ပွဲခံခဲ့ရာ ပရိသတ်ထောင်ပေါင်းများစွာက လမ်းဘေးဝဲယာတစ်လျှောက်တွင် ကြိုဆိုဂုဏ်ပြုခဲ့ကြခြင်းဖြစ်ပြီး၊ ယင်းအောင်ပွဲခံမှု၏ သက်ရောက်မှုအဖြစ် ပိုးတွေ့လူနာအရေအတွက် ရုတ်တရက်တိုးမြင့်လာခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ယုံကြည်နေကြသည်။
အထူးသဖြင့် လာဇိီယိုဒေသတွင် ပိုးတွေ့လူနာသစ်များ မြင့်တက်နေပြီး ဒေသတွင်း ကျန်းမာရေးတာဝန်ခံတစ်ဦးဖြစ်သည့် ဒေါက်တာ အေမာတိုက "ကံမကောင်းစွာဘဲ အီတလီအသင်းလှည့်လည် အောင်ပွဲခံတဲ့ ဒေသတွေကို ဗဟိုပြုပြီး ကိုဗစ်လူနာသစ်တွေ တိုးမြင့်လာခဲ့ပါတယ်။ ပိုးတွေ့လူနာသစ်တွေထဲမှာ အများစုက လူငယ်တွေဖြစ်ပြီး၊ လူငယ်တွေက ကာကွယ် ဆေးမထိုးရသေးသူတွေလည်းဖြစ်နေပါတယ်။ ဒါကြောင့် အရေးပေါ်ကာကွယ်ဆေးထိုးနှံမှု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေပါတယ်။ အီတလီအသင်းရဲ့အောင်မြင်မှုအတွက် ကျွန်တော်တို့အားလုံး ဂုဏ်ယူရပေမဲ့ အောင်ပွဲခံအခမ်းအနားလုပ်တာတွေ၊ ကားနဲ့လှည့်လည်အောင်ပွဲခံတာတွေက မလုပ်သင့်ပါဘူး"ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် အီတလီနိုင်ငံ၊ ရောမတွင် ပိုးတွေ့လူနာသစ်များ ရုတ်တရက်တိုးတက်လာသလို၊ လာမည့်ရက်ပိုင်းအတွင်း ထပ်မံမြင့်တက်လာဦးမည်ဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ခန့်မှန်းနေကြသည်။