ဂျာနယ်လစ်ဇင်နှင့် ဓမ္မဓိဋ္ဌာန်ကျမှု

ဂျာနယ်လစ်ဇင်နှင့် ဓမ္မဓိဋ္ဌာန်ကျမှု
Published 5 June 2021

“ဓမ္မဓိဋ္ဌာန်ကျမှု - စိတ်ခံစားချက်အရ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးဘက်လိုက်မှုအရ ပုံမဖျက်ပါနဲ့။

လေ့လာလို့ရတဲ့ ဖြစ်ပျက်၊ တည်ရှိတဲ့ အချက်အလက်တွေအပေါ်ပဲ အခြေခံပါ”

Values Based Coaching – Ferguson Values.com

ဂျာနယ်လစ်ဇင်၏ ဓမ္မဓိဋ္ဌာန်ကျမှုဟူသည် ဂျာနယ်လစ်တို့၏ ပရော်ဖက်ရှင်နယ်လစ်ဇင်နှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးရသည့် သဘောထားတစ်ရပ် ဖြစ်သည်။ ဂျာနယ်လစ်ဇင်၏ ဓမ္မဓိဋ္ဌာန်ကျမှုသည် တရားမျှတမှု၊ ကိုယ်ကျိုးအတ္တကင်းစင်မှု၊ ဖြစ်ရပ်မှန်ကန်မှုနှင့် ဘက်မထားမှုတို့အား ရည်ညွှန်းသည်။ သို့သော် အမှန်တကယ်၌ ယင်းအရည်အသွေးအားလုံးကို လွှမ်းခြုံခေါ်ဆိုခြင်း ဖြစ်သည်။ ၁၈ ရာစုကတည်းက ဂျာနယ်လစ်ဇင်၏ ဓမ္မဓိဋ္ဌာန်ကျမှုသည် ယင်းနှင့်ပတ်သက်၍ စံပြုချက်များ သိုင်းဝိုင်းပါဝင်နေသည့် သဘောတရားများနှင့်အတူ ပထမဆုံးအဖြစ် ကျင့်ထုံးတစ်ရပ်အနေဖြင့် ပေါ်ထွက်လာခဲ့သည်။

သတင်းစာများနှင့် ရုပ်သံဌာနအများစုသည် သတင်းအချက်အလက်များနှင့် ပတ်သက်၍ သတင်းအေဂျင်စီများအပေါ် မှီခိုလာရပြီး ကမ္ဘာ့အဓိက သတင်းအေဂျင်စီ လေးခုဖြစ်သည့် အေအက်ဖ်ပီ၊ အေပီ၊ ရိုက်တာနှင့် အီးအက်ဖ်အီးတို့သည် ၎င်းတို့ထံမှ သတင်းအချက်အလက် ရယူသူအားလုံးကို ဓမ္မဓိဌာန်ကျသည့် တစ်ခုတည်းသော သတင်းသာပေးမည်ဟူသော အခြေခံဒဿနတစ်ရပ်အပေါ် မူတည်လျက်  စတင်လုပ်ကိုင်လာခဲ့ကြသည်။ ဆိုလိုသည်မှာ သတင်းဌာနများအနေဖြင့် ကွန်ဆာဗေးတစ် သတင်းစာများကို သတင်းတစ်မျိုး၊ လစ်ဘရယ်သတင်းစာများကို သတင်းတစ်မျိုးခွဲခြား၍ ပေးခြင်းမျိုး မပြုရခြင်း ဖြစ်သည်။

ထင်ရှားသော ဂျာနယ်လစ်တစ်ဦးဖြစ်သည့် ဂျိုနသန်ဖန်ဘီက ယင်းသဘောတရားနှင့် ပတ်သက်၍ ရှင်းပြခဲ့ဖူးသည်။ သူက “အဲဒီလို ကျယ်ပြန့်တဲ့ လက်ခံနိုင်စွမ်းမျိုးရရှိဖို့ သတင်းအေဂျင်စီတွေဟာ ဗြောင်ကျကျ ဘက်လိုက်မှုမျိုးကို ရှောင်ကြဉ်ရပါမယ်။ မှန်ကန်ကြောင်း သရုပ်ဖော်ပြနိုင်တဲ့ အချက်အလက်ဟာ သတင်းကုန်သွယ်ရေးမှာ အခရာကျပါတယ်။ အစဉ်အလာအရကတော့ သတင်းအေဂျင်စီတွေဟာ သတင်းအချက်အလက်နဲ့ ပတ်သက်တဲ့ ပြောရေးဆိုခွင့်ရှိသူ၊ စာနယ်ဇင်းနဲ့ တခြားသတင်း ရင်းမြစ်တွေထက်စာရင် တာဝန်ယူရမှု အဆင့်လျော့နည်းပါတယ်။ ဒါပေမဲ့ သတင်းအေဂျင်စီတွေအနေနဲ့ ကောက်ချက်ချတာကို ရှောင်ရှားရမှာဖြစ်ပြီး သံသယရှိတဲ့ အချက်တွေနဲ့ ဝေ၀ါးနေတဲ့ အချက်တွေကို ဖယ်ရှားရှင်းလင်းရမှာ ဖြစ်ပါတယ်။ သတင်းဌာနတွေကို ထူထောင်သူတွေအနေနဲ့ ဒီစကားလုံးကို သုံးစွဲခြင်းမပြုခဲ့ပေမဲ့ ဓမ္မဓိဋ္ဌာန်ကျမှုဟာ သူတို့လုပ်ငန်းအတွက် သဘောတရားရေးရာ အခြေခံဖြစ်ပါတယ်။ အဲဒီစကားလုံးကို မသုံးရင်တောင်မှ ဘက်မလိုက်မှုဆိုတဲ့ စကားလုံးကိုတော့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်” ဟု ဆိုသည်။

ဂျာနယ်လစ်ဇင်၌ ဓမ္မဓိဋ္ဌာန်ကျမှုသည် သတင်းဖြစ်ရပ်တစ်ခုနှင့် ပတ်သက်၍ စာဖတ်သူအား ၎င်းတို့ဘာသာ ဆုံးဖြတ်ချက်ချနိုင်ရေးအတွက် အချက်အလက်သက်သက်ကိုသာပေးကာ မိမိတို့ဘာသာ အဓိပ္ပာယ်ဖွင့်ဆိုရေးကို အားပေးကူညီရန် ရည်ရွယ်သည်။ ဂျာနယ်လစ်ဇင်၌ ဓမ္မဓိဋ္ဌာန်ကျမှုကို ထိန်းသိမ်းထားနိုင်ရန် ဂျာနယ်လစ်များသည် အမှန်တကယ်ရရှိသော အချက်အလက်များနှင့် ပတ်သက်၍ မိမိတို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ယင်းအချက်အလက်များအတိုင်း တင်ပြရမည်ဖြစ်သည်။ ဓမ္မဓိဋ္ဌာန်ကျသော သတင်းတင်ဆက်မှုဟူသည် ရေးသူ၏ထင်မြင်ချက် သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်မှုများနှင့်မဆိုင်ဘဲ ကြားနေသော ဘက်မလိုက်သော နည်းလမ်းအားဖြင့် အကြောင်းအရာနှင့် ဖြစ်ရပ်ကိုသာ သရုပ်ဖော်ပြရမည်ဖြစ်သည်။

အမေရိကန် အာရုံကြောဗေဒပညာရှင်လည်းဖြစ်၊ Zen and the Brain စာအုပ်ကို ရေးသားခဲ့သူလည်းဖြစ်သူ ဂျိမ်းအိတ်ချ်အော်စတင်က “ကျွန်တော်တို့ရဲ့ ဦးနှောက်မှာ မွေးရာပါ ဓမ္မဓိဋ္ဌာန်ကျမှုက ဘယ်အချိန်မှာ စပြီးပွင့်လန်းလာနိုင်သလဲ သိလား။ ကျွန်တော်တို့ရဲ့ မသင့်တော်တဲ့ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုတဲ့ ပုဂ္ဂလဓိဋ္ဌာန်စွဲစပြီး ပျော်ကျသွားတဲ့အခါမှပဲပေါ့” ဟု ဆိုခဲ့ဖူးသည်။ မည်သို့ပင်ဆိုစေကာမူ ဓမ္မဓိဋ္ဌာန်ကျမှုသည် ဂျာနယ်လစ်ဇင်၌ လိုက်နာကျင့်သုံးရမည့် အခြေခံသဘောတရားတစ်ရပ် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၆ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်