ပညာရေးဟူသည် ကလေးတစ်ဦး၏ မွေးရာပါအခွင့်အရေးဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးပွားချမ်းသာရေးတို့အတွက် အဓိကသော့ချက်တစ်ရပ်လည်း ဖြစ်သည်။ ယူနီဆက်၏ ဖော်ပြချက်အရ မြန်မာနိုင်ငံအနေဖြင့် ကလေးငယ်များ ပညာရေးကို ပိုမိုလက်လှမ်းမီ ရရှိလာစေရေးနှင့် ပညာရေးအရည်အသွေး တိုးတက်စေရေးတို့တွင် ခိုင်ခိုင်မာမာ တိုးတက်လာအောင် စွမ်းဆောင်ထားနိုင်သော်လည်း ကလေးငယ်များစွာသည် ကျောင်းပြင်ပတွင် ရှိနေဆဲဖြစ်ပြီး ကျောင်းများက လူငယ်များအတွက် ဘဝ၏ အခိုင်မာဆုံးသော အစတစ်ရပ် ပေးနိုင်ရန် အခက်အခဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အဓိကစိန်ခေါ်မှုများတွင် ပညာရေးအဆင့်များအားလုံးရှိ ပညာရေး ဝန်ဆောင်မှု အရည်အသွေးများ အားနည်းခြင်းနှင့် အရည်အချင်းပြည့်မီသော ဆရာအရေအတွက် အကန့်အသတ်ရှိနေခြင်းတို့အပြင် ကျောင်းအခြေခံအဆောက်အအုံများ မပြည့်စုံခြင်းနှင့် သင်ကြားရေးနည်းလမ်းများ ခေတ်နှင့် အံဝင်ခွင်ကျ မဖြစ်တော့ခြင်းများ ပါဝင်သည်။ ထို့အပြင် ကာလရှည်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် အရေးပေါ်အခြေအနေများသည်လည်း ကလေးများစွာ၏ လေ့လာသင်ယူရေးကို အနှောင့်အယှက်ဖြစ်စေလျက်ရှိသည်။
ကလေးတစ်ဦး၏ အစောပိုင်းနှစ်များသည် ကလေး၏ အနာဂတ်အတွက် ပြင်ဆင်ရာတွင် အထောက်အကူပြုမည့် အရည်အသွေးများနှင့် ပင်ကိုအရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အလွန်တရာ အရေးပါလှသည်။ ၂၀၁၅ ခုနှစ်တွင်ပြုလုပ်သော စစ်တမ်းတစ်ခုအရ မြန်မာနိုင်ငံရှိ အသက် သုံးနှစ်နှင့် ငါးနှစ်ကြားရှိ ကလေးငယ်များ၏ ရာခိုင်နှုန်း ၂၀ ခန့်သာ စနစ်တကျ ဖွင့်လှစ်ထားသော အစောပိုင်း ကလေးဘဝ ပညာရေး အစီအစဉ်များတွင် တက်ရောက်ခွင့်ရရှိကြောင်း သိရသည်။
ဘဝအစောပိုင်းတွင် လေ့လာသင်ယူခွင့်ရရှိခြင်းသည် ကလေးတစ်ဦး၏ အခွင့်အရေး စစ်စစ်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးရည်မှန်းချက်များ၏ အဓိက ရည်မှန်းချက်တစ်ခုလည်း ဖြစ်သည်။ မူလတန်းအဆင့်၌ အသက် ခြောက်နှစ်မှ ၁၀ နှစ်အရွယ် ကလေးငယ် ၈၁ ရာခိုင်နှုန်း ကျောင်း တက်ရောက်ကြောင်း ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် ဖော်ပြထားသည်။ ကလေးငယ် ငါးဦးတွင် တစ်ဦးမှာ ကျောင်းတက်ရောက်ခြင်းမရှိသည့် အနေအထားဖြစ်ပြီး ကျောင်းလုံးဝ မတက်ဖူးခြင်းဖြစ်နိုင်သကဲ့သို့ ကျောင်းထွက်သွားခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ကျောင်းစရိတ်များသည်လည်း ကလေးများ ကျောင်းမတက်ရောက်နိုင်ခြင်း အဓိကအကြောင်းရင်းများတွင် ပါဝင်သည်။ ကလေးများကျောင်းထွက်ခြင်း၏ အခြားအဓိကအကြောင်းရင်းတစ်ခုမှာ သင်ကြားပေးသည့် ပညာရေး၏ အရည်အသွေးအားနည်းခြင်းနှင့် ဆီလျော်ကိုက်ညီမှု အကန့်အသတ်ရှိခြင်းတို့ကြောင့် ဖြစ်သည်။ စီးပွားရေးအကျပ်အတည်းများကြောင့် ကလေးငယ်များစွာမှာ မဖြစ်မနေ အလုပ်လုပ်ကြရသည့်အတွက် ပညာရေးကို လက်လျှော့ခဲ့ကြရသည်များလည်း ရှိသည်။
၂၀၁၅ ခုနှစ် လုပ်သားအင်အား စစ်တမ်းတစ်ခုက အသက်မပြည့်သေးသော ကလေးလုပ်သား ဦးရေ ၂၁,၀၀၀ ခန့် တွေ့ရှိခဲ့ပြီး ရာခိုင်နှုန်း ၆၀ ကျော်မှာ မိန်းကလေးများဖြစ်သည်။ ဆယ်ကျော်သက်အရွယ်သည် အခွင့်အလမ်းကောင်းများသာမက ထူးခြားသော လိုအပ်ချက်များနှင့် စွန့်စားမှုအလားအလာများလည်း ပြည့်နှက်နေသည့် ကာလဖြစ်သည်။ ဤသို့ ထိခိုက်လွယ်သည့်အရွယ် (အသက် ၁၀ နှစ်မှ ၁၉ နှစ်) တွင် ကလေးများစွာ ကျောင်းထွက်ကြရပြီး ၂၀၁၄ ခုနှစ် နိုင်ငံလုံးဆိုင်ရာသန်းခေါင်စာရင်းအရ အသက် ၁၇ နှစ်တွင် ကျောင်းတက်နှုန်းမှာ ရာခိုင်နှုန်း ၃၀ ခန့်သို့ ကျဆင်းခဲ့သည်။
သဘာဝဘေးအန္တရာယ်များနှင့် ပဋိပက္ခများသည် မြန်မာနိုင်ငံရှိ ကလေးငယ် ထောင်ပေါင်းများစွာကို ထိခိုက်စေသည်။ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းရှိ ပဋိပက္ခဖြစ်ပွားရာဒေသများမှ အသက် သုံးနှစ်မှ ၁၇ နှစ်ကြား ကလေးငယ်ဦးရေ ၁၈၄,၀၀၀ ခန့်မှာ ပညာသင်ကြားနိုင်ခွင့် ဆုံးရှုံးရမည့် အန္တရာယ်အများဆုံး ရှိနေကြောင်း ၂၀၁၈ ခုနှစ်တွင်ပြုလုပ်ခဲ့သည့် UNOCHA ၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ စစ်တမ်းအရ သိရသည်။
အစောပိုင်းအရွယ်တွင် ကလေးများကို ပညာရေးနှင့် ပိုမိုထိတွေ့မှုရှိစေခြင်းနှင့် အရွယ်ရောက်လာသည်နှင့်အမျှ အရည်အသွေးပြည့်ဝသော ကျောင်းများတွင် ဆက်လက်တက်ရောက်စေခြင်းတို့အတွက် ဘက်ပေါင်းစုံမှ လုပ်ဆောင်ချက်များ လိုအပ်သည်။ သင်ကြားရေးနှင့် သင်ယူရေးမူဝါဒများနှင့် စနစ်များကို အားကောင်းစေခြင်း၊ သင်ယူမည့် ပတ်ဝန်းကျင်များကို အဆင့်မြှင့်တင်ခြင်းနှင့် ပညာရေးဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းတို့မှာ အလွန်အရေးပါလှသည်။ အားလုံးအကျုံးဝင်သော အရည်အသွေးမီ ပညာရေးကို လက်လှမ်းမီရရှိစေရေးအတွက် ကလေးများ ရင်ဆိုင်နေရသော သက်ဆိုင်ရာ အတားအဆီးအမျိုးအမျိုးကို ဖြေရှင်းပေးရန်မှာလည်း အဓိကကျသည်။
မည်သို့ပင်ဆိုစေကာမူ ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြီးပွားချမ်းသာရေးတို့အတွက် အဓိကသော့ချက်တစ်ရပ်ဖြစ်သည်ကို သတိပြုကြရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇွန်လ ၂ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်









