တရားဥပဒေစိုးမိုးရေးဟူသည် ...

တရားဥပဒေစိုးမိုးရေးဟူသည် ...
Published 31 May 2021

Oxford English Dictionary ၌ တရားဥပဒေစိုးမိုးရေး (Rule of Law) အား လူ့အဖွဲ့အစည်းအတွင်း ဥပဒေနှင့် ပတ်သက်သော လုပ်ပိုင်ခွင့်နှင့် သြဇာလွှမ်းမိုးမှု (အထူးသဖြင့် လူတစ်ဦးချင်းနှင့် အင်စတီကျူးရှင်းဆိုင်ရာ အပြုအမူအပေါ် ချုပ်ထိန်းမှုတစ်ရပ်အဖြစ်) သတ်မှတ်သည်။ ထို့ကြောင့် (အစိုးရအဖွဲ့ဝင်များ အပါအဝင်) လူ့အဖွဲ့အစည်းဝင်အားလုံး လူသိရှင်ကြား ထုတ်ပြန်ထားသော ဥပဒေပုဒ်မများနှင့် ဥပဒေလုပ်ငန်းစဉ်များကို အညီအမျှ ခံယူရမည်ဟု သတ်မှတ်ထားသော သဘောတရားဖြစ်သည်။ တရားဥပဒေ စိုးမိုးခြင်းဟူသည် နိုင်ငံတစ်နိုင်ငံကို တရားဥပဒေက အုပ်ချုပ်သင့်သည်ဟူသည့် ဥပဒေဆိုင်ရာ သဘောထား စည်းမျဉ်းဖြစ်သည်။ အစိုးရအရာရှိများက မိမိတို့သဘောဆန္ဒအလျောက် တစ်ဘက်သတ် ဆုံးဖြတ်ချက်များချကာ အုပ်ချုပ်ခြင်းနှင့် ဆန့်ကျင်သည်။

တရားဥပဒေ စိုးမိုုးခြင်းဟူသည့် စကားရပ်ကို ၁၆ ရာစု၌ ဗြိတိန်နိုင်ငံတွင် စတင်သုံးစွဲသည်ဟု မှတ်တမ်းရှိပြီး ၁၇ ရာစုတွင် စကော့တလန်ကျမ်းပြုဆရာ ဆင်မြူယယ်ရူသာဖို့ဒ်က အဆိုပါ စကားရပ်ကို သုံးစွဲခဲ့သည်။ ၁၉ ရာစုတွင် ဗြိတိသျှတရားသူကြီး အေဗွီဒီဆေးက သုံးစွဲရာမှ အလွန်လူသိများ ထင်ရှားလာသည်။ ယင်းစကားရပ်အတိုင်း မဟုတ်သော်လည်း ရှေးခေတ်ဒဿနိကပညာရှင် အရစ္စတိုတယ်က “တရားဥပဒေက အုပ်ချုပ်သင့်သည်” ဟု ရေးသားကာ သဘောတရားကို ပြဆိုခဲ့ပြီးဖြစ်သည်။

တရားဥပဒေ စိုးမိုးခြင်းဟူသည် ဥပဒေပြုသူများကိုယ်တိုင်အပါအဝင် နိုင်ငံသားတိုင်း တရားဥပဒေကို လိုက်နာရမည်ဟု ရည်ညွှန်းသည်။ အုပ်စိုးသူများသည် တရားဥပဒေ အထက်က ချုပ်ကိုင်ထားသည့် သက်ဦးဆံပိုင်စနစ် (Autocracy)၊ အာဏာရှင်စနစ် (Dictatorship) နှင့် လူနည်းစုက အုပ်စိုးခြင်း (Oligarchy) တို့နှင့် ဆန့်ကျင်သည်။ တရားဥပဒေ စိုးမိုးမှု ချို့တဲ့ခြင်းကို အာဏာရှင်နိုင်ငံများတွင်သာမက ဒီမိုကရေစီ နိုင်ငံများ၌ပါ တွေ့နိုင်သည်။ ယင်းမှာ ဥပဒေကို လျစ်လျူပြုခြင်းကြောင့် ဖြစ်သည်။ အစိုးရတစ်ရပ်သည် တရားဥပဒေစိုးမိုးခြင်းကို ပြန်လည်ထိန်းသိမ်းရန် လုပ်ငန်းစဉ်များအား အလုံအလောက် ပြန်လည်ပြင်ဆင်မှု မရှိသည့်အခါ တရားဥပဒေစိုးမိုးခြင်း ပို၍ယိုယွင်းလာတတ်သည်။

နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်မှုအရည်အသွေးနှင့် ကောင်းသော အုပ်ချုပ်ရေးကို ဆုံးဖြတ်ရန်အတွက် တရားဥပဒေစိုးမိုးခြင်းသည် အဓိကကျသော တိုင်းတာရေး ကိရိယာတစ်ရပ်ဖြစ်သည်။ Worldwide Governance Indicators ကဲ့သို့သော သုတေသနပြုမှုက တရားဥပဒေစိုးမိုးမှုကို တိုင်းတာသတ်မှတ်သည့်အခါ လူ့အဖွဲ့အစည်းက တရားဥပဒေများကို မည်မျှယုံကြည် လိုက်နာသနည်းဟူသည့် အချက်များကို တိုင်းတာသည်။ အထူးသဖြင့် ဥပဒေထိန်းသိမ်းရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် တရားရုံးတို့၏ အရည်အသွေးများအပြင် ပြစ်မှုနှင့် အကြမ်းဖက်မှုများဖြစ်နိုင်ခြေကိုပါ တိုင်းတာသည်။ ယင်းသတ်မှတ်ချက်အပေါ်တွင် အခြေခံလျက် Worldwide Governance Indicators စီမံချက်သည် နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ တရားဥပဒေစိုးမိုးခြင်းကို တိုင်းတာကာ ထုတ်ပြန်လေ့ရှိသည်။

နိုင်ငံတကာက လက်ခံထားသော စံသတ်မှတ်ချက်များအပေါ် အခြေခံလျက် World Justice Project က တရားဥပဒေစိုးမိုးခြင်းနှင့် ပတ်သက်၍ စနစ်တစ်ရပ် ချမှတ်ထားရာတွင် ကမ္ဘာလုံးဆိုင်ရာ သဘောတရား စည်းမျဉ်းလေးရပ် ပါဝင်သည်။ ယင်းတို့မှာ (၁) အစိုးရ၊ အရာရှိများနှင့် တရားရေး ဝန်ထမ်းများအပြင် လူတိုင်းလူတိုင်းသည် တရားဥပဒေအောက် ၌ တာဝန်ခံမှု ရှိရမည်။ (၂) တရားဥပဒေများသည် ရှင်းလင်းပြီး လူအများ သိရှိကာ တည်ငြိမ်လျက် တရားမျှတမှု ရှိရမည်။ အညီအမျှ ကျင့်သုံးကာ လူတို့၏ အသက် အိုးအိမ် စည်းစိမ် လုံခြုံရေးအပါအဝင် အခြေခံအခွင့်အရေးများကို ကာကွယ်ပေးရမည်။ (၃) တရားဥပဒေများကို ထုတ်ပြန်၊ စီမံအုပ်ချုပ်၊ ကျင့်သုံးသည့် လုပ်ငန်းစဉ်များသည် အများလက်ခံနိုင်ဖွယ် ရှိခြင်း၊ တရားမျှတခြင်းနှင့် ပြည့်စုံလုံလောက်ခြင်းတို့ ရှိရမည်။ (၄) တရားမျှတမှုကို အချိန်နှင့်တစ်ပြေးညီ ကျင့်သုံးရာ၌ ကျွမ်းကျင်သော၊ ကျင့်ဝတ်နှင့်ညီသော၊ လွတ်လပ်သော ကိုယ်စားလှယ်များနှင့် ဘက်မလိုက်သူများ အရေအတွက် အလုံအလောက် ပါရမည်။ ရင်းမြစ်များ အလုံအလောက် ရှိရမည်ဖြစ်ပြီး ၎င်းတို့သည် ၎င်းတို့ ထမ်းဆောင်သော လူ့အဖွဲ့အစည်းများကို ကိုယ်စားပြုရမည်တို့ ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ တရားဥပဒေစိုးမိုးရေး၌ ပြည်သူလူထုနှင့် အစိုးရအကြား အပြန်အလှန် ယုံကြည်မှုရှိရန် လိုအပ်သည်သာဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန်လ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်