CRPH ၊ NUG ၊ PDF နှင့် ၎င်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများအား အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြောင်း မြဝတီရုပ်သံက မေ ၈ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ ၅ နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောတူညီချက်ဖြင့် အဆိုပါ အမိန့်ကို ကြေညာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
မတရားအသင်းအဖြစ်ကြေညာထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH ) နှင့် ၎င်းက ဖွဲ့စည်းသော အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) တို့သည် CDM တွင် ပါဝင်သူများကို အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန်လှုံ့ဆော်ခဲ့သူများဖြစ်ကြောင်းနှင့် ၎င်းတို့၏လှုံ့ဆော်မှုကြောင့် နိုင်ငံအတွင်းရှိ နေရာများစွာတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်၍ NUG သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People Defence Force - PDF) ကို ဖွဲ့စည်းလျက်ရှိကြောင်း ထုတ်ပြန်ခဲ့ကြောင်း၊ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့ အမည်တပ်ထားသည့် လက်နက်ကိုင်အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ကြောင်း၊ CDM လှုပ်ရှားမှုများ၊ ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ၊ အားပေးထောက်ခံခြင်းများနှင့် ပတ်သက်၍ ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် မတရားအသင်းဖြစ်ကြေညာခံထားရသည့် CRPH ၊ ယင်းက ဖွဲ့စည်းထားသော NUG ၊ ယင်းက ဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများကို
အကြမ်းဖက်အဖွဲ့စည်းများအဖြစ် သတ်မှတ်ကြေညာကြောင်း မြဝတီ ရုပ်သံက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။















