မန်ယူအသင်း၏ ဥရုဂွေးလက် ရွေးစင်တိုက်စစ်မှူးကာဗာနီသည် ယခုရာသီကုန်တွင် မန်ယူအသင်းကို စွန့်ခွာပြီး အာဂျင်တီးနားကလပ် ဘို ကာဂျူနီယာအသင်းသို့ ပြောင်းရွှေ့ကစားရန် စီစဉ်နေကြောင်း သိရှိရ သည်။
ကာဗာနီသည် ယခုရာသီကုန်တွင် မန်ယူအသင်းနှင့် စာချုပ်သက် တမ်းကုန်ဆုံးမည်ဖြစ်ပြီး အသင်းနှင့် စာချုပ်သစ်မချုပ်ဆိုတော့ဘဲ ဘိုကာဂျူနီယာအသင်းသို့ သွားရောက်ကစား ရန် စီစဉ်သွားမည်ဖြစ်ကြောင်း အာဂျင်တီးနားသတင်းတစ်စောင်ဖြစ်သည့် Ole က ဖော်ပြခဲ့သည်။
ယင်းသတင်းစာ၏ ဖော်ပြချက်အရ ကာဗာနီသည် ဘိုကာဂျူနီယာအသင်းတွင်ကစားရန် ငယ်ဘဝကတည်းက အိပ်မက်ရှိ်ခဲ့ပြီး သူ၏ကစားသမားဘဝမပြီးဆုံးမီယင်း အသင်း၌ကစားရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိ ဘိုကာဂျူနီယာအသင်းတွင် အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်သူ မန်ယူတိုက်စစ်မှူးဟောင်း ကားလို့စ်တီဗက်ဇ်က အသင်းခေါင်းဆောင်အဖြစ် ကစားလျက်ရှိနေပြီး ဘိုကာဂျူနီယာအသင်းတာဝန်ရှိသူများသည် အသက်(၃၄)နှစ် အရွယ်ရှိပြီဖြစ်သူ ကာဗာနီအား တီဗက်ဇ်၏နေရာ အစားထိုးပြီး အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။
Ole သတင်းစာ၏ဖော်ပြချက် အရ ကာဗာနီသည် ဘိုကာဂျူနီယာအသင်း ဥက္ကဋ္ဌဖြစ်သူ ဟွမ်ရိုမန်ရီကွယ်လ်မီး(အာဂျင်တီးနားကွင်းလယ်လူဟောင်း)နှင့် အပြောင်းအရွှေ့အတွက် ပြောဆိုဆွေးနွေးပြီးဖြစ်ကြောင်း သိရှိရသည်။















