ဇွန်လကုန်မတိုင်မီ နိုင်ငံ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် တရုတ်ရည်မှန်း

ဇွန်လကုန်မတိုင်မီ နိုင်ငံ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် တရုတ်ရည်မှန်း
မတ် ၁ ရက်က ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ကျင်းပခဲ့သော ဆွေးနွေးပွဲအတွင်း အမေရိကန်နှင့်တရုတ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို တွေ့ရစဉ်(Photo:AP)
မတ် ၁ ရက်က ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ကျင်းပခဲ့သော ဆွေးနွေးပွဲအတွင်း အမေရိကန်နှင့်တရုတ်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို တွေ့ရစဉ်(Photo:AP)
Published 3 March 2021
Ref: AP

နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်နေရခြင်းကြောင့် COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် နှေးကွေးနေပြီး ဇွန်လကုန်မတိုင်မီ နိုင်ငံ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေး ထိုးနှံပြီးစီးနိုင်ရန် စီစဉ်ထားကြောင်း တရုတ်ကျန်းမာရေးပါရဂူများက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၂၈ ရက်အထိ ကာကွယ်ဆေးအလုံးရေ ၅၂.၅၂ သန်းကို ထိုးနှံပေးထားခဲ့ပြီး ဖြစ်ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် ကျုံ့နန်ရှန်းက မတ် ၁ ရက်တွင် Brookings Insitution နှင့် Tsinghua တက္ကသိုလ်မှ ကြီးမှူးကျင်းပသော တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၏ အွန်လိုင်းညီလာခံအတွင်း ပြောကြားခဲ့သည်။

အခြားသောနိုင်ငံများနှင့်ယှဉ်ပါက တရုတ်နိုင်ငံတွင် ပြည်သူများအား COVID-19 ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းစဉ်သည် နှေးကွေးခဲ့ပြီး လူ ၁၀၀ လျှင် ကာကွယ်ဆေး ၃.၅၆ လုံးကိုသာ ထိုးနှံပြီးစီးထားကြောင်း နန်ရှန်းက ဆိုသည်။

COVID-19 ကာကွယ်ဆေးထိုးနှံမှုကို အမြန်ဆန်ဆုံးဆောင်ရွက်နေသည့်နိုင်ငံမှာ အစ္စရေးဖြစ်ပြီး ခန့်မှန်းခြေ လူ ၁၀၀ လျှင် ကာကွယ်ဆေး ၉၄ လုံး ထိုးနှံပေးထားပြီးဖြစ်သည်။ အမေရိကန်သည် နိုင်ငံ့လူဦးရေ၏ ၂၂ ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးနှံပြီးထားပြီးဖြစ်သည်။

ကာကွယ်ဆေးအလုံးရေ ဘီလျံဝက်နီးပါးကို ပြည်ပနိုင်ငံများသို့ ထောက်ပံ့ရန် ကတိပြုထားသော တရုတ်တွင် နိုင်ငံ့လူဦးရေ အားလုံးကို ထိုးနှံပေးရန် COVID-19 ကာကွယ်ဆေး လုံလုံလောက်လောက်ရှိသည်ဟု တရုတ်ကျန်းမာရေးပါရဂူများက ပြောကြားထားရာ နိုင်ငံအတွင်း ဖြန့်ဝေထားသော ကာကွယ်ဆေး အရေအတွက်သည် ပြည်ပသို့ တင်ပို့မည့် ကာကွယ်ဆေးအရေအတွက်ထက် အကြမ်းဖျင်းအားဖြင့် ၁၀ ဆ များပြားနေမည်ဟု ခန့်မှန်းရသည်။

တရုတ်တွင် အသုံးပြုခွင့်ရရှိထားသည့် COVID-19 ကာကွယ်ဆေး လေးမျိုးကို ထုတ်လုပ်သော ဆေးကုမ္ပဏီများက ယခုနှစ်ကုန်နောက်ဆုံးထား၍ ကာကွယ်ဆေးအလုံးရေ ၂.၆ ဘီလျံအထိ ထုတ်လုပ်သွားမည်ဟု ပြောကြာထားကြသည်။ သို့သော် လူဦးရေ ၁.၄ ဘီလျံနေထိုင်ရာ တရုတ်နိုင်ငံ၌ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းစဉ်သည်အချိန် အတော်ကြာမြင့်နိုင်ဖွယ်ရှိသည်။

“တစ်နေ့ကို လူ ၁၀ သန်းနှုန်း ကာကွယ်ဆေးထိုးနှံပေးနိုင်တယ် ဆိုရင်တောင် နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ဖို့ အကြမ်းဖျင်း ခုနစ်လလောက် အချိန်ယူရလိမ့်မယ်” ဟု နန်ရှန်းက ဆိုသည်။

လာမည့်နှစ် နွေရာသီတွင် လူနေမှုဘဝများသည် ကပ်ရောဂါမတိုင်မီက ရှိခဲ့သော ပုံမှန်အခြေအနေနီးပါးသို့ ပြန်လည်ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ရောဂါထိန်းချုပ်ရေးဆိုင်ရာဗဟိုဌာနမှ အကြီးအကဲ ကောင်းဖူက ပြောကြားခဲ့သည်။

မတ် ၁ ရက် ဆွေးနွေးပွဲအတွင်း ကောင်းဖူ၊ နန်ရှန်းနှင့်အခြားသော တရုတ်ကျန်းမာရေးပါရဂူများက အမေရိကန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်တောင်းဆိုခဲ့ကြသည်။

Most Read

Most Recent