ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရခိုင်အဖွဲ့ (AA) တို့က တစ်လတာ တစ်ဖက်သတ် အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း ၂၀၂၁ ခုနှစ် မတ် ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေဖြင့် တပ်မတော်နှင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲခြင်းအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၉ ရက်မှစတင်ပြီး တောက်လျှောက်ကြေညာခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဖေဖော် ၀ါရီ ၂၈ ရက်အထိ နှစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးအတွက် သက်တမ်းတိုးခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် ထပ်မံ၍ မတ် ၁ ရက်မှ မတ် ၃၁ ရက်အထိ တစ်ဖက်သတ် အပစ်ရပ်သက်တမ်း ထပ်မံတိုးမြှင့်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သဘောထားကြေညာချက် ထုတ်ပြန်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIA) တို့သည် အစိုးရ နှင့် Bilateral စာချုပ်လက်မှတ်ရေးထိုး နိုင်ရေးဆွေးနွေးခဲ့ ကြသော်လည်း လက်ရှိ အချိန်တွင်မူ အဆိုပါဆွေးနွေးပွဲများမှာ ရပ် တန့်ထားရသည်။
ထို့ပြင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ယခင်က တပ်မတော်နှင့် တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားခဲ့သော်လည်း လက်ရှိအချိန် တွင် တပ်မတော်နှင့် အဆိုပါလက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများ ငြိမ် သက်လျက် ရှိသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနက် တအာင်းလက်နက်ကိုင်အဖွဲ့ TNLA နှင့် ရှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့အကြား မကြာသေးမီအတွင်းက ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ သကဲ့သို့ KIA နှင့် တပ်မတော်တို့လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြသည်။















