မြန်မာ MMA ကစားသမား ထီရယ်လ်ထန်က မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေး အမြန်ဆုံးပြန်ရရန် ဆုတောင်းကြောင်း ပေါလ်လီမာဟူအား အနိုင်ရသည့်ပွဲအပြီးတွင် ၎င်း၏လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
ထီရယ်လ်ထန်သည် ဖေဖော်ဝါရီ (၅)ရက်က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် ONE Championship ၏ Unbreakable III ပြိုင်ပွဲတွင် အင်ဒိုနီးရှား MMA ကစားသမား ပေါလ်လီမာဟူအား ဒုတိယအချီတွင် အနိုင်ရခဲ့သည်။
ထီရယ်လ်ထန်က မြန်မာနိုင်ငံအနေဖြင့် စစ်မှန်သည့် ငြိမ်းချမ်းရေး အမြန်ဆုံးပြန်ရရန် မိမိ ဆုတောင်းကြောင်း အဆိုပါပွဲစဉ်အပြီးတွင် သူ၏ Facebook ၌ ရေးသားခဲ့ခြင်းဖြစ်သည်။
ထီရယ်လ်ထန်က Sanford MMA မှ မိမိ၏နည်းပြများနှင့် အသင်းဖော်များအားလုံးကို ကျေးဇူးများစွာတင်ကြောင်း၊ မိမိ၏ ထိုးသတ်ပွဲက ကွင်းပေါ်မှာ ပြီးသွားပြီဖြစ်သော်လည်း မိမိ ချစ်မြတ်နိုးပြီး အလေးထားသည့် မိမိ၏လူမျိုးနှင့် ပရိသတ်တွေများမှာ တိုင်းပြည်အတွက် တိုက်ပွဲဝင်နေကြဆဲဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မြန်မာပြည်ကြီးအတွက် စစ်မှန်သည့် ငြိမ်းချမ်းရေး အမြန်ဆုံးပြန်ရပါစေဟု ဆုတောင်းနေကြောင်း၊ မြန်မာပြည်တွင်းနှင့် အခြားနိုင်ငံ အရပ်ရပ်မှ ပရိသတ်များ၏ အားပေးမှုက မိမိအတွက်ကြီးမားသည့်အင်အားတစ်ခု ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိကို အားပေးချစ်ခင်ပေးကြသည့် ပရိသတ်များအတွက် မိမိအနေဖြင့် Bantamweight ချန်ပီယံဖြစ်လာအောင် ဆက်လက်ပြီး အကောင်းဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း၊ အားလုံးနှင့်အတူ ငြိမ်းချမ်းသည့် အမိမြေ မြန်မာပြည်ကြီးမှာ ပြန်လည်ဆုံတွေ့ကြလိုကြောင်း သူ၏ Facebook တွင် ရေးသားဖော်ပြခဲ့သည်။