ဟော်လန်းအား လာမည့်နွေရာသီတွင် ပေါင်သန်း (၁၀၀)ဖြင့် ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်

ဟော်လန်းအား လာမည့်နွေရာသီတွင် ပေါင်သန်း (၁၀၀)ဖြင့် ခေါ်ယူရန် မန်စီးတီးအသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 5 February 2021

မန်စီးတီးအသင်းသည် ဒေါ့မွန်အသင်းမှ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟော်လန်းအား လာမည့်နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ပေါင်သန်း (၁၀၀)ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

ဒေါ့မွန်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ဟော်လန်း၏ စာချုပ်လျော်ကြေးမှာ ၂၀၂၂ နွေရာသီတွင် ပေါင် (၆၆)သန်းသို့ လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။

သို့သော် မန်စီးတီးအသင်းသည် ယင်းအချိန်ထိ စောင့်ဆိုင်းမည်မဟုတ်ဘဲ လာမည့် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့စျေးကွက်တွင် ဟော်လန်းအတွက် ဒေါ့မွန်အသင်းထံ ပေါင်သန်း (၁၀၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေသည်ဟု Mirror က ဖော်ပြခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ယခုရာသီကုန်တွင် အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး အဂွဲရိုး၏နေရာတွင် ဟော်လန်းနှင့် အလျင်အမြန်အစားထိုးရန် အလိုရှိနေကြောင်းလည်း သိရှိရသည်။

အသက် (၂၀) အရွယ်ရှိ ဟော်လန်းအား ခေါ်ယူရန် ချယ်လ်ဆီးနှင့် မန်ချက်စတာယူနိုက်တက်အသင်းတို့က စိတ်ဝင်စားနေကြသော်လည်း မန်စီးတီးအသင်းသည် ဟော်လန်းကို တစ်ပတ်လစာ ပေါင် (၄၀၀၀၀၀) အထိ ပေးချေရန် စီစဉ်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။

ဟော်လန်းသည် ယခုရာသီတွင် ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ (၂၁)ပွဲတွင် (၂၂)ဂိုးအထိ သွင်းယူထားသည်။