တင်မောင်ဆန်းမင်းနှင့် ဟန်ဇာမိုးဝင်း တို့၏ ‘မာလာမြိုင်ဟေမာန်ရာသီ သဘင်ပွဲ တော်’ ဖျော်ဖြေမှုများကို ခေတ္တရပ်နားလိုက်သည်ဟု ပရိသတ်များအား အသိပေးထားသည်။
‘မာလာမြိုင် ဟေမာန်ရာသီသဘင်ပွဲတော်’ ကပြမှုရပ်နားခြင်းနှင့်ပတ်သက်၍ “လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကြောင့် ပြည်သူများ စိတ်သောကရောက်နေရတဲ့အတွက် ကျွန်တော်တို့တွေလည်း ပြည်သူနှင့်တစ်သားတည်း စိတ်ထိခိုက်ကြေကွဲရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ရဲ့ စနေ၊ တနင်္ဂနွေ အပတ်စဉ်ဖျော်ဖြေရေးကို ခေတ္တရပ်နားထားမှာဖြစ်ကြောင်း ပရိသတ်များကို ရိုသေစွာအသိပေးအပ်ပါတယ် ခင်ဗျာ။ ပြန်လည်ကပြဖျော်ဖြေနိုင်မည့်အချိန်ကို ထပ်မံကြေညာပေးပါမယ်ခင်ဗျာ။ နိုင်ငံ့ခေါင်းဆောင်များနှင့် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ဘေးကင်းငြိမ်းချမ်းကြပါစေ (ဆန်းဇာသဘင်)”ဟု တင်မောင်ဆန်းမင်းဝင်းနှင့် ဟန်ဇာမိုးဝင်းတို့က သူတို့၏လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖော်ပြထားသည်။
မြန်မာ့ဇာတ်သသင်၏ ပထမဆုံးအွန်လိုင်းဖျော်ဖြေပွဲများအဖြစ် တင်ဆက်ခဲ့သည့် တင်မောင်ဆန်းမင်းဝင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ ‘မာလာမြိုင် မိုးရာသီသဘင်ပွဲတော်’ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လကုန်ပိုင်းတွင် စတင်ကာ ဖျော်ဖြေတင်ဆက်ခဲ့သည်။ ယင်းပွဲတင်ဆက်မှုအပေါ် ပရိသတ်များအားပေးမှု များပြားခြင်းကြောင့် ပွဲချီ ၂၀ ကပြတင်ဆက်မှု အပြီးတွင် ‘မာလာမြိုင် ဟေမာန်ရာသီသဘင်ပွဲတော်’ကို ဆက်လက်ပြခဲ့ခြင်းဖြစ်သည်။ ‘မာ လာမြိုင်ဟေမာန်ရာသီသဘင်ပွဲတော်’ ကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း၌ စတင်ကပြခဲ့ခြင်းဖြစ်ကာ ပွဲစဉ်တိုင်းတွင် တင်မောင်ဆန်းမင်းဝင်းနှင့် ဟန်ဇာမိုးဝင်းတို့၏ ဇာတ်သဘင်အဖွဲ့များက အတူပူးပေါင်းကာ ဖျော်ဖြေတင်ဆက်ခဲ့ကြခြင်းဖြစ်ပြီး ယင်းတင်ဆက်မှုကို ပရိသတ်များ၏ နာမည်ပေးမှုဖြင့် ဆန်းဇာသဘင်ဟု အမည်ပေးကာ တင်ဆက်နေခြင်းဖြစ်သည်။
‘မာလာမြိုင် ဟေမာန်ရာသီသဘင်ပွဲတော်’ကို Marlarmyaing၊ Myanmar Media 7 နှင့် 7th Sense Creation တို့၏ Facebook တို့အပြင် Channel K တို့တွင် အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့များ၏ ည ၇ နာရီအချိန်တွင် တင်ဆက်ပေးနေခြင်း ဖြစ်သည်။
“မာလာမြိုင် ဟေမာန်ပွဲတော်” ကို ဒီဇင်ဘာလအတွင်းမှာစတင်ကာ တင်ဆက်ခဲ့ခြင်းဖြစ်ပြီး တစ်ပတ်လျှင် နှစ်ပွဲနှုန်းဖြင့် ပွဲ ၂၀ ဆက်လက်ပြသွားရန် စီစဉ်ထားခြင်းဖြစ်သည်။









