ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးသည် အမိန့်အမှတ် ၆/၂၀၂၁ ဖြင့် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၁ ရက်) ည ၈ နာရီခွဲခန့်က ထုတ်ပြန်ကြေညာခဲ့သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းထားသော အာဏာကို ကျင့်သုံးပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုဝန်ကြီး ၁၁ ဦးအား ခန့်အပ်တာဝန်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ခန့်အပ်တာဝန်ပေးရာတွင် ဦးဝဏ္ဏမောင်လွင်အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီးဌာန၊ ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်အား နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဦးဝင်းရှိန်အား စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဦးအောင်နိုင်ဦးအား ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဦးကိုကိုနိုင်အား အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဦးချစ်နိုင်အား ပြန်ကြားရေးဝန်ကြီးဌာန ၊ ဦးကိုကိုအား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ ဦးမြင့်ကြိုင်အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ ဒေါက်တာသက်ခိုင်ဝင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တို့ဖြစ်ကြောင်း သိရသည်။